extra (5)

33.5K 2.2K 16
                                    

အိမ်နံရံအပြည့်ကာထားသော မှန်ချပ်များကို လာရောက်ရိုက်ခတ်လာသော မိုးပေါက်များကို ငေးကြည့်ရင်း စားလက်စ အာလူးကြော်ကို ပါးစပ်ထဲထည့်ဖို့ ရဲသွေးငယ် မေ့သွားသည်။ မှန်ချပ်ကို တဖြောက်ဖြောက် လာစင်နေသော မိုးရေပေါက်များသည် မီးအိမ်ကို တိုးဝင်လာသည့် ရာပေါင်းများစွာသော မီးပိုးကောင်ငယ်များလိုပင်။ မှန်အပြည့်ခြေရာချင်းထပ်ကာ အခုနလေးကမှ လှမ်းမြင်နေရသော ရန်ကုန်ညခင်း၏ အလှကိုေ၀၀ါးသွားအောင် ကာလိုက်ကြပြီဖြစ်သည်။
"မိုးရွာဖို့ စောလွန်းပါသေးတယ်ဗျာ။"
အာလူးကြော်ထုပ်ကို ပစ်ချပြီး ရဲသွေးငယ် တစ်ရှူးဖြင့် လက်ကိုသုတ်လိုက်သည်။ မှန်နားထိ လျှောက်သွားကာ အပြင်ဘက်ကို ကြိုးစားကြည့်သော်လည်း မှန်ချပ်ပေါ်တွင် မိုးစက်များမှလွဲ၍ ဘာမှမမြင်ရတော့။ သက်ပြင်းတစ်ချက်ကိုချရင်း စိတ်လျှော့လိုက်သည်။ တကယ်ပင် အိမ်ပြန်လို့မဖြစ်တော့။ ထက်ဝေယံ၏အိမ်သို့ သူ အကြိမ်ပေါင်းများစွာ လာခဲ့ဖူးပေမယ့် ညအိပ်ညနေမျိုးတော့မဟုတ်။ ထက်ဝေယံကလည်း "မင်း မပြန်ပါနဲ့လား" ဟု တစ်ခါမှ တားခဲ့သည်မဟုတ်။ တစ်ခါလာလျှင်လည်း တစ်နာရီ၊ နှစ်နာရီထက်ပိုပြီး သူ မနေဖြစ်ခဲ့။
သူ စိုးရိမ်လို့ပါ။
တစ်ခါလာသည့် ရွှေဧည့်သည်က နှစ်ခါလာလျှင်တော့ ငွေဧည့်သည့်ဖြစ်သွားတတ်သည်လေ။
ထက်ဝေယံ သူ့ကို စိတ်ပျက်စိတ်ကုန်သွားမှာကို အချိန်တိုင်းလိုလို စိုးရိမ်နေခဲ့တာ။
သူ့ပုံစံကလည်း တစ်ခါဆက်ဆံ ဆယ်ခါလန် ဆိုသည့် ဆိုရိုးစကားအတိုင်းမဟုတ်လား။
လူအမြင်ကတ်စရာကောင်းအောင် မွေးကတည်းက သူကလည်း နေတတ်သည်။ အမေနှင့်အဖေပင် စကားကပ်ပြောတတ်လွန်းသည့်သူ့ကို ကြည့်မရ။ နားပူသည်ဆိုကာ ခပ်ဝေးဝေးမှာ သွားနေခိုင်းသည်မှာ အကြိမ်ကြိမ်။ မပြောနဲ့၊ ပါးစပ်ပိတ်ထားလို့ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် သတိပေးပေမယ့် ပြင်လို့တော့မရ။ သူငယ်ချင်းအပေါင်းအသင်းဆိုလျှင်ပင် အရင်းနှီးဆုံးသူတစ်ယောက်၊ နှစ်ယောက်သာ သူ့ကို သည်းခံနိုင်သည်။ ထက်ဝေယံသူ့ကို သည်းမခံနိုင်တာကို သူ အပြစ်မမြင်နိုင်ပါ။ စကတည်းက သူချစ်ကိုမရှာဘဲ ကိုယ်ချစ်ကို ရှာခဲ့တာက သူပဲလေ။
ကိုလေးကို ပထမဆုံး စာတွေလာပေးခဲ့တုန်းကတော့ သူ့မှာ ဒီလိုမျိုးစိုးရိမ်မှုများမရှိခဲ့။ ထက်ဝေယံဆိုသည့် လူတစ်ယောက်ကို စတင်ခင်မင်ရစဉ်က ခင်သည်လည်းမဟုတ်၊ မုန်းသည်လည်းမဟုတ်။ သာမာန်သာ သူ ဆက်ဆံခဲ့သည်။ သူ့ကို စကားနိုင်အောင်မပြောနိုင်၍ ဒေါသကြီးနေသော ဒီလူကြီးကြောင့် သူ ပြုံးမိတာလောက်ပဲရှိမည်ဖြစ်သည်။
ဒါပေမယ့် သံတောင်ကြီးကို ကိုလေးနှင့်အတူ သူ ခရီးအတူထွက်ခဲ့စဉ်မှာတော့ သံယောဇဉ်ဖြစ်ခဲ့သည်။ သတိုးအတွက် ခံစားနာကျင်နေသည့် ထက်ဝေယံကို ပြုံးစေချင်၊ ပျော်စေချင်တာပဲ သူ သိသည်။ သူ့ဘ၀မှာ ပထမဆုံးအကြိမ် ထိတွေ့ခဲ့ရသည့် အချစ်ပါ။ ထိုအချစ်ကို သူ ဘယ်လို ရင်ဆိုင်ကိုင်တွယ်ရမည်ကို အခုအချိန်အထိ ကောင်းကောင်းနားမလည်နိုင်သေး။ အခုလို တရားဝင်ချစ်သူအဖြစ် ထက်ဝေယံနားမှာ နေခွင့်ရမှ သူ့ကို တွေ့ချင်မည်လား၊ မတွေ့ချင်ဘူးလားဆိုသည့်မေးခွန်းကို အကြိမ်ပေါင်းများစွာ မေးနေမိခြင်းကတော့ သူ ရူးကြောင်ကြောင်နိုင်လွန်းနေသည်။
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသော သက်ပြင်းတစ်ချကိုချရင်း ရဲသွေးငယ် ဆိုဖာပေါ်မှာ ထိုင်ချလိုက်သည်။ အိစက်နိမ့်ဝင်သွားသော အဖြူရောင် ဆိုဖာကြီးသည် ထောင့်မှန်ပုံဖြစ်သည်။ လူ ငါးယောက်၊ ခြောက်ယောက်လောက် ကောင်းကောင်းထိုင်လို့ရသည်။ လူနှစ်ယောက်လောက် ကောင်းကောင်း လှဲအိပ်လို့ရနိုင်သည်။
ခမ်းနားလွန်းသည်ဆိုတာထက် ပိုသည့် တိုက်ခန်း..
တန်ဖိုးကြီးခေတ်မီ ပရိဘောဂများ..
ဒီတိုက်ခန်းထဲသို့ အကြိမ်ကြိမ်ရောက်ဖူးပေမယ့် ရောက်လာတိုင်းလည်း အားငယ်သလိုလို ခံစားရသည့် ခံစားချက်များက လျော့မသွား။ သူနှင့်ထက်ဝေယံကြားမှာ ဘယ်တော့မှဖြတ်ကျော်လို့မရသည့် တံတိုင်းမြင့်တစ်ခု ရှိနေသလိုပင်။ မိုးထိအောင်မြင့်သော ဒီတံတိုင်းကြီးကို ကျော်တက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလို၊ ခိုင်ခံ့လွန်းသောကြောင့်လည်း ဖြိုခွဲဖို့ သူ့မှာ အင်အားမရှိ။
"ရဲသွေး။"
"ဗျာ။"
"လာဦး။ ငါ studio ထဲ သွားချင်လို့။"
"သွားလေဗျာ။"
"မင်း ပါ လိုက်ခဲ့လေ။"
ထက်ဝေယံက သူ့လက်ကိုပါဆွဲကာ ခေါ်သည်မို့ ရဲသွေးငယ် ငြင်းမရတော့။ အရင်တုန်းကဆိုလည်း သူ လေ့ကျင့်စရာ၊ သီချင်းပြင်စရာမျိုးရှိလျှင် ထက်ဝေယံ သူ့တိုက်ခန်းထဲက စတူဒီယိုထဲမှာ တစ်ယောက်တည်း အလုပ်ရှုပ်နေတတ်သည်ပဲဖြစ်သည်။ သူ့ကိုလိုက်ခဲ့ဖို့ ခေါ်သည့်ထုံးစံမရှိ။ သူ့ဘာသာ အိမ်ရှေ့ခန်းမှာ ရှင်းလင်းပေးရင်း ကျန်ခဲ့ရသည်သာများသည်။ အခုလည်း ဆိုဖာရှေ့ ဖန်စားပွဲပုပေါ်မှ ဆေးလိပ်တိုများနှင့် ပြည့်နေသော ဆေးလိပ်ပြာခွက်တွေကို သွန်ပေးဖို့၊ ဆိုဖာခြေရင်းမှာ လုံးထွေးထားသော စောင်ကို ပြန်ခေါက်ပေးဖို့ စဉ်းစားမိရုံရှိသေးသည်။
"မအိပ်ချင်သေးဘူးလား ကိုလေးရာ။ ညည့်နက်လှပြီ။"
"ဈာန်ဝင်တဲ့အချိန် တီးရတာကွ။ ငါတို့အနုပညာသမားတွေကို မင်း နားမလည်ပါဘူး။"
"အင်းပေါ့။ ကျွန်တော်က ကဗျာရေးတဲ့ အလုပ်ကြမ်းသမားဆိုတော့လည်း ကိုလေးပြောတာ ခံရမှာပဲ။"
လွှတ်ခနဲ ပြောပြီးမှ ထက်ဝေယံ စိတ်ဆိုးမည်လားဟု မျက်စိထောင့်ကပ်ကြည့်တော့ ကျေးဇူးရှင်က ပြုံးစိစိနှင့်။ အခုအချိန်အထိ မျက်နှာပိုးမသေသေး။ "လာစမ်းပါ" ဆိုကာ လက်ကို အတင်းဆွဲခေါ်သည်မှာ သူ့အားကြီးဖြင့် လက်ပြုတ်ထွက်နိုင်လောက်သည်။
အသံလုံခန်းဖြစ်သော စတူဒီယိုထဲရောက်တော့လည်း သူ့လက်ကို မလွှတ်။ ကြမ်းပြင်မှာ ချထားသောဂစ်တာကို ကောက်ယူပြီး အိမ်ရှေ့ခန်းကို ပြန်လာသည်ပဲဖြစ်သည်။ ဒါနဲ့များအခန်းထဲထိ သူ့ကို ခေါ်စရာလိုလို့လားမသိ။ ဧည့်ခန်းပြန်ရောက်တော့လည်း ထိုင် ဆိုပြီး သူ့ကို ဆိုဖာပေါ်အရင်တွန်းချသည်မှာ ညှင်သာမှုနည်းနည်းမှမရှိ။ သူ့ဘေးမှာ ၀င်ထိုင်ကာ ထက်ဝေယံ ဂစ်တာကို ကောက်ကိုင်သည်။ နောက် သူ့ကိုလှမ်းကြည့်ပြီး ပြုံးစစနှင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး "ဒါ မင်းအတွက် ဆိုပေးတာ" ဟု ပြောလိုက်သေးသည်။
ဒီအကြည့်..
ဒီအပြောကြောင့်လားတော့မသိ။
ရဲသွေးငယ် ဒူးထောင်ကာ လက်များဖြင့် တင်းတင်းပိုက်ထားရသည်။ မတတ်နိုင်။ သူ့ရင်ဘတ်ထဲက ခုန်ထွက်ချင်နေသော နှလုံးသားကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သူ မသိ။
ထက်ဝေယံ တီးသည်က Ed Sheeran ၏ Thinking out loud ဆိုသည့် သံစဉ်။ သီချင်းကို ဆိုချင်သည့်နေရာမှာမှ ဆိုသည်။ သွားကြားထိုးတံကို နှုတ်ခမ်းထောင့်မှာက ကိုက်ထားသေးသည်မို့ အသံကမပီ။ တစ်ခါတစ်လေ လေချွန်လိုက်သေးသည်။ ကြားထဲက သွားကြားထိုးသံ ပြုတ်ကျမှာ၊ လည်ပင်းထဲ ၀င်သွားမှာကို ပူနေရသည်မို့ ထက်ဝေယံ ဂစ်တာတီးပုံကို ခံစားချင်တာကိုတောင် ကောင်းကောင်းခံစားလို့မရ။
အား.. ရူးချင်တယ်ကွာ။
အသံတိတ်ညည်းတွားရင်း ဘေးနားမှ ထက်ဝေယံထံမှ သူ့မျက်လုံးများကို ခွာလို့မရ။ သံစဉ်နှင့်အညီ ခေါင်းကို ခါလိုက်လျှင် ဆံပင်လှိုင်းတွန့်များက လွင့်ခနဲ။ ဂစ်တာကြိုးများပေါ်က လက်ချောင်းရှည်များ၏ လှုပ်ရှားမှုတိုင်းက မျက်တောင်ခတ်ဖို့ကိုပင် မေ့စေသည်လေ။ လက်ကွက်ပြောင်းမှုများက မြန်လွန်းသည်။ သွက်လွန်းသည်။ ပြီးတော့ တွေဝေမှုလုံးလုံးမရှိသည့် ကိုလေးပုံစံအတိုင်းပင်။ ကိုယ့်ကိုကိုယ် ယုံကြည်ချက်လွန်ကဲမှုမျိးပါ။ ရဲသွေးငယ် မပြုံးဘဲ မနေနိုင်အောင် ချစ်ဖို့ကောင်းပါသည်။ မကြည့်ဘဲမနေနိုင်အောင် ဆွဲဆောင်နိုင်ပါသည်။ ဘယ်လောက်ပင် ဘုဂလန့်ကျကျ ထက်ဝေယံ၏ သီချင်းဆိုပုံက သူ့အိပ်မက်ထဲထိ လိုက်ပါလာနိုင်အောင် လှပါသည်။
နောက်ပြီး ဒီသီချင်းက သူ့အတွက်တဲ့။
ယုံရမှာကိုပင် မယုံရဲပါ။ ထက်ဝေယံ ဂစ်တာတီးသည်ကို သူ မြင်ရခဲသည်။ မှတ်မှတ်ရရဆိုလျှင် သံတောင်ကြီးမှာတုန်းက သူ တွေ့ဖြစ်ခဲ့သည်။ ဒါပေမယ့် ထိုအချိန်က ကိုလေး ဂစ်တာတီးခဲ့သည်မှာ သူ့ အတွက် မဟုတ်။
သံစဉ်ဆုံးတော့ ထက်ဝေယံ သူ့ကိုတစ်ချက်လှမ်းကြည့်ပြီး ပြုံးသည်။ ဂစ်တာကို ကြမ်းပြင်ပေါ် ချရင်း "ကြွေသွားပြီလား" ဟု ခပ်ပြောင်ပြောင် မေးသေးသည်။
"နည်းနည်းမှ အရှက်မရှိတဲ့လူ။"
သူ ပွစိပွစိအသံထွက်ရုံပြောကာ ဆိုဖာပေါ်လှချလိုက်သည်။ ကြမ်းပြင်က စောင်ကိုကောက်ယူပြီး ခေါင်းထိခြုံတော့ ထက်ဝေယံက ဆွဲဖယ်သည်။
"ကုတင်ပေါ် လာ မအိပ်ဘူးလား။"
"အိပ်စရာလား။ ကျွန်တော် ဒီမှာပဲ အိပ်မှာ။"
ဟက်ခနဲ တစ်ချက်ရယ်သည်။ ပြီးမှ "လက်ညောင်းခံပြီး ဂစ်တာတီးတာတောင် ငါ့စီမံကိန်းကြီးက မအောင်မြင်ပါလားကွာ" ဆိုပြီး ခေါင်းကုတ်နေသည်မှာ အသည်းယားဖို့ကောင်းသည်။ နောက်မှ အဲယားကွန်း ရီမုတ်ကိုယူကာ လှမ်းပိတ်ကာ ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ရင်း သူ့မျက်နှာကို စူးစိုက်ကြည့်နေသည်။ ထက်ဝေယံကို ဘာစီမံကိန်းက မအောင်မြင်တာလဲဆိုတာကိုတော့ သူ မေး မနေတော့။ အခုထိ ထက်ဝေယံနှင့် သူ တို့ရဲ့ နီးစပ်မှုက အနမ်းအဆင့်မှ မပို။ ဒါတောင် ပါးနှင့် နဖူးကို နှုတ်ခမ်းထိရုံလောက်သာ နမ်းသည့် အနမ်းမျိုးဖြစ်သည်။
သူ့မှာ သတ္တိမရှိသေးတာလည်းပါမည်။ ထက်ဝေယံက မသိချင်ယောင်ဆောင်ကာ မကြိုးစားသေးတာလည်း ပါမည်။ တစ်ခါကတော့ ပြောဖူးသည်။ သူ့ဆန္ဒမပါဘဲ၊ သူ သဘောမတူဘဲ ဘယ်တော့မှ မကြိုးစားပါဘူးတဲ့လေ။ ကိုကိုနှင့်ပတ်သက်ပြီး ထက်ဝေယံ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်သေးတာလားဟု တွေးမိတော့ ၀မ်းမနည်းဘဲ မနေနိုင်။ နောက်ပြီး သူ ကိုယ်တိုင်ကရော မက်မောဖွယ်မဟုတ်လို့လားဆိုသည့် အမေးနှင့်လည်း ခြောက်ခြားခဲ့ဖူးသည်။ ဒါပေမယ့် ချစ်သူဘ၀ကိုတောင် အတည်တကျ ပြောလို့မရသော သူတို့နှစ်ယောက်၏ အခြေအနေမှာ ရှေ့ဆက်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲလေ။
"ဒါဆို ငါသွားအိပ်တော့မယ် ရဲသွေး။ အာဘွားပေး။"
"ဟာဗျာ။"
ပါးတစ်ဖက်ဖောင်းပြီး မျက်နှာနား ကပ်ပေးနေသော ရယ်ကျဲကျဲ မျက်နှာကို သူ တွန်းဖယ်ပေမယ့် မရွေ့။
"မရဘူးကွာ။ မပေးရင် ငါ မင်း ဘေးနားပဲ အိပ်မယ်။"
"လူကြီးဖြစ်ပြီး ခင်ဗျားကြီး အရမ်းအနိုင်ကျင့်တယ်ဗျာ။"
သူ့မျက်နှာတစ်ခုလုံး နီရဲနေပြီဆိုတာ သွေးခုန်နှုန်းမြန်နေသော တစ်ကိုယ်လုံးက သွေးကြောများက ပြောနေပြီဖြစ်သည်။ ထက်ဝေယံက အလျော့ပေးမည့်ပုံမရှိ။ ပါးကို ပိန်လိုက်ဖောင်းလိုက်နှင့် ဘေးတခြမ်းစောင်းထိုးပေးနေသည်။
"ပြီးရောဗျာ။ ပြီးရင် သွားအိပ်တော့။"
ဘယ်ဘက်ရင်အုံကို သူ့လက်ဖ၀ါးဖြင့် ဖိရင်း ထက်ဝေယံ၏ ပါးဖောင်းဖောင်းကို ခပ်ဖွဖွ နမ်းဖြစ်သည်။ ပြုံးသွားသည်မှာ နှုတ်ခမ်းတွေက နားရွက်တက်ချိတ်တော့မည်။ အခုမှ ကျေနပ်ဟန် မတ်တပ်ရပ်ကာ အညောင်းဆန့်ပြီး အိပ်ခန်းရှိရာ ထက်ဝေယံ ထွက်သွားသည်။ ဒါပေမယ့် အိပ်ခန်းဝအရောက်မှာ သူ ရှိရာ လှည့်ကြည့်ပြန်သည်။
"ရဲသွေး။"
"ဗျာ။"
"ငါ့ကုတင်က အကျယ်ကြီး။ လူနှစ်ယောက် ကောင်းကောင်းဆံ့တယ်။"
"ဟာဗျာ။ မလာပါဘူးဆို။"
သူ ကုန်းအော်ပေမယ့် ထက်ဝေယံ ကြားပုံမရ။ ရယ်ပြီးတော့ အခန်းထဲဝင်သွားသည်။ နောက်ဆုံးတံခါးမပိတ်ခင်မှာ ခေါင်းပြူကြည့်ပြီး "တံခါး ချက်မချထားဘူးနော်။ မင်း လာချင်ရင် တိတ်တိတ်လေး ၀င်လာလို့ရတယ်" ဟု ထပ်ပြောသွားသေးသည်လေ။

........................................................

ကြယ်တွေကြွေသောညWhere stories live. Discover now