Sequel 3 (Unicode)

20.9K 1.8K 43
                                    

အနီရောင်ပြိုင်ကားလေးသည် ခြံရှေ့မှာရပ်ထားသော ကားလေး၏ နှစ်လမလောက်အလိုမှာ အရှိန်ပြင်းစွာ ထိုးရပ်သွားသည်။ ကားဘီးအောက်မှ လွင့်ခနဲ ဝေ့တက်လာသော ဖုန်မှုန့်များကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများဖုံးလွှမ်းသွားသလို ဝေ၀ါးသွားသည်။ ကျယ်လောင်စွာထွက်ပေါ်နေသော ကားထဲမှသီချင်းသံကြောင့် ကားတစ်စီးလုံး တုန်ခါနေသလို။ သစ်လွင်သောဆေးရောင်တောက်နေသည့် ကားနီလေး၏ အဖုံးသည် နေရောင်အောက်မှာ စူးရှနေသည်။

"ဟေ့ကောင်.. သတိုးခန့်။ မင်းအခုထွက်ခဲ့စမ်း။"

ထက်ဝေယံ ကားပေါ်မှခုန်မဆင်းခင်ကတည်းက အကြွေးတောင်းသော လူမိုက်တစ်ယောက်လို အော်နေပြီဖြစ်သည်။ သတိုး သူ့ကိုရှောင်နေသည်မှာ သေချာသည်။ ဟိုတစ်နေ့က အိမ်ကိုလာဖို့ပြောထားပေမယ့် မလာခဲ့။ ဖုန်းဆက်တော့မကိုင်။ message ပို့တော့လည်း မပြန်။ ထက်ဝေယံဆိုသည့်ကောင်ကို ဒီလိုနည်းနဲ့ ပုန်းရှောင်လို့ရမည်ထင်လျှင်တော့ အမှားကြီးမှားမည်ဖြစ်သည်။

မင်း သေဖို့သာပြင်ထား

ကားတံခါးကို ဆောင့်ပိတ်ပြီး သော့မခတ်ထားသော ခြံဝင်းတံခါးကို တွန်းဖွင့်ကာ အိမ်နားထိလျှောက်လာခဲ့သည်။

"သတိုးခန့်..."

သံပန်းတံခါးကို တဒုန်းဒုန်းဆွဲဆောင့်ကာ ထပ်အော်မှ အိမ်ထဲမှ သတိုးအရိပ်ကိုတွေ့ရသည်။ လက်ထဲမှာ ဂစ်တာနှင့်။ အိမ်နေရင်း ဘောင်းဘီတိုနှင့် အနက်နှင့်အဖြူအစင်းကြောင်းများပါသော အကျီင်္နှင့်ဖြစ်သည်။ သူသိသည်။ ဒီနေ့လည်း ဒီကောင်လေးကျောင်းမသွားဘဲ ကျောင်းပြေးဦးမည်ဖြစ်သည်။ ဒါပေမဲ့ လာခဲ့ပါဟု အကြိမ်ကြိမ်ခေါ်ထားသည့် သူ့ဆီကိုတော့ လာမည့်ပုံမရှိ။

"ကိုလေးရာ.. အိမ်ထိလိုက်လာရလား။"

ရယ်ကျဲကျဲနှင့် သံပန်းတံခါးကို သတိုးဆွဲဖွင့်လိုက်သည်နှင့် ထက်ဝေယံ သတိုးနားထင်နှစ်ဖက်ကို လက်နှင့်ဖိကာ ရှေ့နောက်ယိမ်းသည်အထိ ကိုင်လှုပ်ပစ်လိုက်သည်။

"မင်း ဘယ်နားသွားသေနေတာလဲ။"

"အဟမ်း ဟမ်း..."

ကြယ်တွေကြွေသောညWhere stories live. Discover now