Part 22 (Unicode)

23.6K 2.3K 184
                                    

သတိုး တံခါးရှေ့မှာ ရပ်နေသည်မှာ ဘယ်လောက်ကြာပြီ မသိ။ တစ်မိနစ်လည်းဖြစ်နိုင်သည်။ ဆယ်မိနစ်လည်း ဖြစ်နိုင်သည်။ ခလုတ်နှိပ်ဖို့ လက်ကို မြှောက်တင်လိုက်ပေမယ့် အဖြူရောင် လျှပ်စစ်ခေါင်းလောင်းခလုတ်နား ရောက်ခါနီးမှာ လက်များ ရပ်တန့်သွားသည်။

သတိုး.. မင်း ဘာလုပ်နေတာလဲ..

ကိုယ့်ကိုကိုယ် အားမရစွာ ပြန်မေးမိသည်။ သူ လှည့်ပြန်ဖို့ အချိန်မီသေးသည်။

တစ်မိနစ်...

နှစ်မိနစ်....

လေပူကိုမှုတ်ထုတ်ကာ သူ့ရှေ့မှ ခလုတ်ငယ်ကို ခပ်ကြာကြာဖိနှိပ်လိုက်သည်။ မရှေးမနှောင်းမှာပင် သူ့ရှေ့မှ တံခါးချပ်မှာ ပွင့်သွားသည်။ ဆံပင်ရှည်ရှည်နှင့် လူငယ်တစ်ယောက်။ အသားအနည်းငယ်ညိုပြီး မျက်စိမှေးမှေးနှင့်လူငယ်မှာ အံ့သြသလို သတိုးကို စိုက်ကြည့်နေသည်။

"မင်း ဘယ်သူလဲ။"

"......"

"ဘာ လာလုပ်တာလဲ။"

"ကျွန်တော် သတိုးပါ။"

"ဝင်ခိုင်းလိုက် ရဲလေး။"

အိမ်ခန်းထဲမှ ထက်ဝေယံ၏ အသံသည် မာကျောနေသည်။ ရဲလေးဆိုသူမှာ ထက်ဝေယံရှိရာ နောက်ပြန်လှည့်ကြည့်ပြီးမှ ကိုယ်ကို ဘေးတစ်ခြမ်းစောင်းကာ ဝင်ပေါက်ဖွင့်ပေးလာသည်။

"ဝင်..."

တစ်ခွန်းတည်းသော စကားဖြစ်သည်။ သတိုး တစ်ကြိမ်တစ်ခေါက်ရောက်ပြီးသားဖြစ်သည့် ဧည့်ခန်းကျယ်သို့ လှမ်းဝင်လိုက်သည်။ သူရှိရာကို ကျောပေးရပ်နေသည့် ထက်ဝေယံသည် မှန်ချပ်များဖြင့်သာ ကာရံထားသော တိုက်ခန်းနံရံမှ အပြင်ဘက်သို့ လှမ်းကြည့်နေသည်။ မှန်ရိပ်တွင် ဖျော့ဖျော့ထင်နေသည့် ထက်ဝေယံ၏အရိပ်သည် တစ္ဆေတစ်ကောင်လို အသက်မဲ့နေသည်။

"မင်း ပြန်တော့ ရဲလေး။"

"ဒါပေမယ့်.."

"ပြန်တော့။"

ရဲလေးဆိုသူ ခေါင်းကို မသိမသာခါကာ သက်ပြင်းချလာသည်။ သတိုးကိုနောက်တစ်ကြိမ် လှမ်းကြည့်ပြီးမှ အိမ်ထဲမှ ထွက်ခွာသွားသည်။ တံခါးပိတ်သံနှင့်အတူ ဧည့်ခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဆိုဖာရှေ့မှန်စားပွဲပေါ်တွင် ဘီယာဗူးခွံများနှင့် ပြည့်နေသည်။ ပြာခွက်ငယ်ထဲတွင်လည်း စီးကရက်တိုများ၊ တစ်ပိုင်းတစ်စသာသောက်ပြီး ချိုးဖဲ့ထားသော စီးကရက်များဖြင့် ပြည့်နေသည်။ အရင်တစ်ခေါက်မှ တွေ့ခဲ့ဖူးသည့် drum set ကြီးသည်လည်း မူလနေရာတွင် ရှိနေဆဲဖြစ်သည်။ ဒါပေမယ့် ဒီတစ်ခေါက် ခန့်ညားမှုထက် ခြောက်ခြားမှုကို ဖြစ်စေသော ထို drum set ကြီးကို သတိုးနောက်တစ်ခါ မကြည့်ရဲ။

ကြယ်တွေကြွေသောညWhere stories live. Discover now