Extra 4 (Unicode)

30.1K 1.6K 91
                                    

ယနေ့သည် ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်ဖြစ်သော်လည်း ရန်ကုန်မြို့မှာ ကားပိတ်ခြင်းကတော့ ဘယ်တော့မှ ခွင့်ယူမည့်ပုံမရ။ ဟွန်းတီးသံ၊ ဆူသံ၊ အော်သံ၊ လမ်းတောင်းသံများနှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံလှုပ်ရှားနေသည်။ လမ်းဖြတ်ကူးသူများကလည်း တဝေါဝေါပြေးနေသော ကားများကြားမှာ အသက်လုကာ လမ်းကူးနေကြသည်။ ကားတွေနားမှာ ကပ်ကာသီကာ လမ်းကူးနေသည်မှာ နောက်ကျသည့်ခြေထောက်ကို သစ္စာဖောက်ပင် မှတ်ရမည်။ လူကူးမျဉ်းကျားဆိုတာကတော့ အလှသဘော ကတ္တရာလမ်းမှာ ဆေးခြယ်ထားသည်ဟုပင် အများက မှတ်ယူပုံရသည်။ တကယ်တမ်း လူကူးမျဉ်းကျားမှ ဖြတ်ကူးနေတာတောင် ကားရပ်မပေးသည့်အပြင် ဟွန်းတီးဆဲဆိုသွားသော ကားမောင်းသူများကြောင့်လည်း ခက်နေသည်။

"ကိုလေး။ သေချာတယ်နော်။"

"သေချာပါတယ်ဆိုကွာ။ လိုင်းကားပဲစီးမယ်။"

ရဲသွေးငယ် မယုံရဲသလို ထပ်မေးတော့ ထက်ဝေယံ စိတ်ဆိုးချင်နေပြီဖြစ်သည်။ ဒီမနက် အိပ်ရာအထမှာ ထက်ဝေယံကို နတ်ပူးသည်လား၊ သရဲပူးသည်လားတော့မသိ။

"အပြင်ထွက်ရအောင်။ မင်း သွားချင်တဲ့နေရာသွား" ဟု ရဲသွေးငယ်ကို ပြောသည်။ မရောက်တာကြာပြီဖြစ်သော ရွှေတိဂုံကိုသွားမည်ဆိုတော့လည်း ချက်ချင်းသဘောတူသည်။ ပြီးတော့ ကားနှင့်မသွားဘူး။ ဘတ်စ်ကားနှင့်သာသွားမည်ဆိုတော့ ရဲသွေးငယ် မျက်လုံးပြူးရသည်။ သူ့အတွက်တော့မဟုတ်။ သူက တစ်သက်လုံး ဘတ်စ်ကားစီးလာရသည်မှာ ခြေပင်တိုနေပြီဖြစ်သည်။ ရန်ကုန်လိုင်းကားပေါ်သို့ တစ်ခါမှ ခြေမချဘူးသည့် ထက်ဝေယံဆိုသည့် မိုးကျရွှေကိုယ်က ဘတ်စ်ကားစီးချင်တယ်ဆိုတာကိုတော့ မအံ့သြလို့မရ။

ဒီလိုနှင့် ထက်ဝေယံ၏ ကွန်ဒိုတိုက်ခန်းနှင့် သိပ်မဝေးသော ကားမှတ်တိုင်ကို သူတို့အတူလာခဲ့ကြသည်။ ရွှေတိဂုံကိုရောက်ဖို့က သူတို့ရှိနေရာနေရာမှဆိုလျှင် ကားနှစ်ဆင့် စီးမှဖြစ်မည်။

"ကားမှတ်တိုင်မှာ နားနေခန်းတွေ ရှိဖို့ကောင်းတယ်။"

"ဗျာ။"

"ဘတ်စ်ကားလာတာကို စောင့်ဖို့လေ။"

"သြော်။"

ကြယ်တွေကြွေသောညWhere stories live. Discover now