Part 7 (Unicode)

28.2K 2.9K 99
                                    

အိမ်အပြန်လမ်းသည် ညနေစောင်းမို့ နေမပူတော့။ ကျောင်းဆင်းလျှင်ဆင်းချင်း ကျောပိုးအိတ်ထဲ ရှိသမျှစာအုပ်ကို ထိုးထည့်ပိတ်ကာ သတိုးအပြေးတပိုင်း အခန်းအတွင်းမှ ထွက်လာခဲ့သည်။ တကယ်ပင် စကားများနိုင်သည့် အမွှာနှစ်ယောက်ကို သူအံ့သြရသည်။ ဒါတောင် နေ့လယ်ပိုင်းတစ်ချိန်လုံး သူ အိပ်ငိုက်နေတာဖြစ်သည်။ ပထမအချိန် အင်္ဂလိပ်စာသင်ပြီးကတည်းက ခေါင်းကိုမတ်မတ်မထောင်နိုင်ဘဲ ငိုက်နေခဲ့သည်။ တစ်ခါတစ်ရံ မှေးခနဲပင် အိပ်ပျော်သွားသေးသည်။ အုတ်ဆောင်ဖြစ်၍ အေးနေကာ စာရှင်းပြသော ဆရာမအသံများက သတိုးနားထဲ သူ့ကိုချော့သိပ်နေသလိုဆိုတော့လည်း ဝင်သည့်ဆရာတိုင်း၏ အဆူခံရသည်မှာ နည်းတောင် နည်းသေးသည်ဆိုရမည်ဖြစ်သည်။

သတိုးကိုတွေ့သည်နှင့် ခြံစောင့်ဦးလေးကြီးက ခြံတံခါးလှမ်းဖွင့်ကာ ကွမ်းများစားထားသော သွားများပေါ်အောင်ပြုံးလာသည်။

"ပြန်လာပြီလား ဖိုးခွား။"

ကရင်သွေး ဆယ်ပုံတစ်ပုံသာ ပါပေမယ့် ကရင်အလွန်ဖြစ်ချင်သော ဦးလေးကြီးမှာ သတိုးကို ဖိုးခွားဟုသာခေါ်သည်။ သူ့ကိုလည်း လူအများက ဦးကရင်ကြီးဟု ခေါ်ပေမယ့် ကရင်စကားကို သူတတ်သည်မှာ ဖိုးမူ၊ ဖိုးခွား၊ အမိုး၊ အပါး သာရှိသည်။

"ဘယ်လိုလဲ။ ကျောင်းပထမဆုံးနေ့မှာ တော်တော်ပျော်လာလား။"

"ဘယ်ကပျော်ရမှာလဲ ဦးလေးရ။ တစ်နေကုန် အဆူခံနေရတာ။"

"ဟေ..ဟုတ်လား။ ဒါပေါ့ကွာ။ ဆရာမတွေဆိုတာ ဆူဖို့ ပူဖို့ လူဖြစ်လာရတာကိုးကွ။"

"ကျောင်းသားဆိုတာလည်း အဆူခံရဖို့ လူဖြစ်လာတာပေါ့။ ဟုတ်လား။"

"အေးကွ။ အေး။ ဟား ဟား..."

ပျော်ပျော်နေတတ်သည့် ခြံစောင့်ဦးလေးကြီးကို သတိုးသည် ခင်နေပြီဖြစ်သည်။ ခြံစောင့်ဆိုသော်လည်း ဒေါ်မေချိုလိုအပ်လျှင် ကားဒရိုင်ဘာဖြစ်လျှင်ဖြစ်သလို ဥယျာဉ်မှူး အလုပ်ကိုလည်း လုပ်လျှင်လုပ်လိုက်ရသေးသည်။ ဒါ့ကြောင့်လည်း ဦးကရင်ကြီးသည် သိပ်အားလပ်သည်တော့မဟုတ်။ အိမ်မှာမရှိလျှင်မရှိ၊ ရှိလျှင်လည်း ခြံထဲတကုပ်ကုပ်နှင့် အပင်များကြား အလုပ်များနေတတ်သည်။ အခုလည်း သတိုးကို တံခါးလာဖွင့်သောလက်များတွင် မြေကြီးများပေကျံနေသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now