Extra 3 (Unicode)

17.9K 1.4K 33
                                    

ထက်ဝေယံရေခဲသေတ္တာကို အလောတကြီး ဆွဲဖွင့်လိုက်သည်။ အေးစက်မှုတစ်ချို့က သူ့မျက်နှာကို လွင့်စင်လာသည်။ သူ ထင်ထားသည့်အတိုင်း စားစရာ ဘာမှမရှိ။ ရေခဲသေတ္တာထဲမှာ ရှိနေသည်က..

ဘီယာဗူး..

ဘီယာပုလင်း..

၀ိုင်ဖြူပုလင်း..

ရှမ်ပိန်ပုလင်း..

"ငါ့အိမ်မှာ ဗိုက်ဆာရင် ပုလင်းခွံတွေပဲ ကိုက်စားရမယ်ထင်တယ်။"

ကိုယ့်ကိုကိုယ် ပြန်ကျိန်ဆဲရင်း ရေခဲသေတ္တာကို ဆောင့်ပိတ်ကာ ဘေးနားမှ နံရံကပ်ဗီရိုငယ်များကို လိုက်ဖွင့်သည်။ ဒီမှာလည်း အတူတူ။ ဘီယာပုလင်းတွေ၊ ဗူးတွေ တံဆိပ်စုံ၊ ဆိုဒ်စုံရှိနေသည်။ ဘဝတွင် ၀ါသနာအရ တစ်ချို့က တံဆိပ်ခေါင်းစုသည်။ တစ်ချို့က ရှေးဟောင်းပိုက်ဆံ စုသည်။ တစ်ချို့က ကျောက်မျက်ရတနာစုသည်။ သူကတော့ ဘီယာခွံစုမည့်သူ။

ရဲသွေးငယ်ရေချိုးနေတုန်း တစ်ခုခု စားစရာပြင်ပေးချင်သဖြင့် သူ့အိမ်မှာ စားစရာတစ်ခုခုများ ရှိလေမည်လားဟူသည့် မျှော်လင့်ချက်ကြီးကြီးဖြင့် ရှာဖွေနေခြင်းဖြစ်သည်။ ဒါပေမဲ့ အစားအသောက်ဆိုလျှင် တစ်အိမ်လုံးမှာ ဗလာနတ္တိ။ ဘာဆိုဘာမှမရှိ။ အတန်ကြာအောင် တစ်အိမ်လုံးဗြောင်းဆန်အောင် ရှာပြီးမှ အံဆွဲတစ်ခုထဲမှ အာလူးကြော်၊ မြေပဲထုပ်များနှင့် သီဟိုစေ့လှော်တို့ကို သူ တွေ့လိုက်ရသည်။ ဘီယာသောက်ရင်း မြည်းဖို့ ဝယ်ထားတာတွေ။ ဘာပဲဖြစ်ဖြစ် alcohol မပါသည့်အပြင် သောက်ရမည်မဟုတ်ဘဲ စားလို့ရသည့်အရာများဆိုတော့ သူ တော်တော် ပျော်သွားသည်။

"ကိုလေး အကျီင်္တွေကလဲဗျာ။"

ရဲသွေးငယ် သူ့အခန်းထဲမှ ထွက်လာသည်။ ခြင်္သေ့ခေါင်းပုံအကြီးကြီးပါသည့် တီရှပ်ကို ဝတ်ထားသည်။ အကျီင်္က ကိုယ်ခန္ဓာထက် ပိုကြီးနေသဖြင့် ခါးအောက်တော်တော်ရှည်နေသည်။ ဘေးတစ်ဘက်တစ်ချက်တွင် အဖြူရောင် အစင်းကြောင်းပါသည့် အားကစားဘောင်းဘီမှာလည်း ပုံကျတော့မည်။ ဒါပေမဲ့ သူ မျက်စိထဲမှာတော့ ရဲသွေးငယ်သည် ချစ်ဖို့ကောင်းနေသည်။ ထိုနှုတ်ခမ်းထူထူလေးများက အလိုမကျသလို မဲ့နေလျှင် ပိုလှသည်လေ။

ကြယ်တွေကြွေသောညWhere stories live. Discover now