Sequel 27 (Unicode)

13.9K 1.4K 30
                                    

သတိုးရှေ့တွင် မာထန်သော မျက်လုံးများနှင့် ဒေါ်မေချို။ သူ့မှာ အပြစ်မရှိမှန်း သတိုး သိသည်။ ယုံလည်းယုံကြည်သည်။ ဒါပေမဲ့ ဒေါ်မေချို့ရှေ့ရောက်တိုင်း ကြီးမားသော အပြစ်တစ်ခုကို ကျူးလွန်ထားရသူတစ်ယောက်လို သူ ခံစားတတ်ရတာကတော့ ငယ်စဉ်ကတည်းကမှစကာ ယခုအချိန်အထိ အတူတူပင်ဖြစ်သည်။

"မင်း ကြားတယ် မဟုတ်လား သတိုး။"

သတိုး ကြားပါသည်။ နေရှင်းခနှင့် ဒေါ်မေချိုတို့ရဲ့ စကားအကုန်ကို ထမင်းစားခန်းထဲမှာရှိနေသော သတိုး အားလုံးကြားခဲ့သည်။ နေရှင်းခ ကားမောင်းထွက်သွားတော့မှ ဒေါ်မေချို သူ ရှိနေရာသို့ ပြန်လာခြင်းဖြစ်သည်။ အခုအချိန်မှာ နေရှင်းခ ရင်ထဲ ဘာဖြစ်နေမည်ကို သတိုး ပြေးကြည့်စရာမလို။ သူ ကိုယ်တိုင် ထပ်တူထပ်မျှ ခံစားနေရသည်လေ။

ပထမဆုံး တိုးဝင်လာသည့် ခံစားချက်က မယုံကြည်နိုင်မှု၊ ထို့နောက်မှာတော့ ယမုံ့အတွက် ဒေါသများနှင့်အတူ ထပ်ကြပ်မကွာ လိုက်ပါလာသည့် ဝမ်းနည်းမှု၊ ခြောက်ခြားမှု၊ ဆောက်တည်ရာမရလောက်အောင် တုန်လှုပ်မှုများ။ သူ့ရင်ထဲမှာ ခံစားချက်မျိုးစုံဖြင့် ပြည့်နှက် ဆို့နစ်နေသည်။

"သတိုး .. ငါ မေးနေတယ်။"

"ဟုတ်ကဲ့ အန်တီ။ ကျွန်တော် အားလုံး ကြားပါတယ်။"

သူမရှေ့မှ သတိုးကို ဒေါ်မေချို မုန်းတီးစွာ စိုက်ကြည့်သည်။ အကယ်၍ သူမရင်ထဲမှ အမုန်းများသာ မီးတောက်များအဖြစ် အသွင်ပြောင်းနိုင်လျှင် ထိုကောင်လေးတစ်ယောက် အရိုးစပင် ရှာမရနိုင်လောက်အောင် ချက်ချင်းလိုလို ပြာဖြစ်သွားမည်ပဲဖြစ်သည်။

သတိုးခန့်...

သူမရဲ့ တစ်ဦးတည်းသော သားကို သူမနားမှ ဆွဲခေါ်သွားသူ..

သူမနဲ့ နေရှင်းခကြားမှ အဆင်မပြေမှုမျိုးစုံကို ဖန်တီးပေးသူ..

သူမ လက်မခံနိုင်ဆုံးက ခြောက်ပစ်ကင်း သဲလဲစင်ဟု ပြောလျှင်ရမည့် သားဖြစ်သူ နေရှင်းခသည် ဒီကောင်လေးအတွက် သူမကို ထားခဲ့သည်။ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကိုပင် ဂရုမစိုက်တော့။

ကြယ်တွေကြွေသောညWhere stories live. Discover now