Sequel 21 (Unicode)

15.5K 1.5K 49
                                    

အခန်းထဲမှ လွင့်ပျံလာသော ဂစ်တာသံကြောင့် တံခါးဖွင့်ရန် လက်လှမ်းနေသော ရဲသွေးငယ်လက်များ တုံ့ဆိုင်းသွားသည်။ စွဲမက်ဖွယ် သီချင်းသံသည် ဂစ်တာသံနှင့်အတူ အခန်းထဲမှ ခပ်တိုးတိုးထွက်ပေါ်နေသည်။ သီချင်းဆိုနေသူသည် ထက်ဝေယံ ဖြစ်နိုင်ပါ့မလား။ စကားပြောလျှင် ကျယ်လောင် ကျယ်လောင် ပြောတတ်သော ထက်ဝေယံ၏ သီချင်းဆိုသံသည် နားထောင်ကောင်းနေသည်။ ရဲသွေးငယ် အမြဲကြားနေရသလို ကျယ်လောင်စူးရှသည်မဟုတ်။ လေးလေးနှင့်မှန်မှန်ဖြစ်သည်။ ထက်ဝေယံမှ ဟုတ်ပါ့မလားဟူသော သံသယအတွေးများနှင့် အခန်းထဲလှမ်းဝင်ချိန် သီချင်းဆိုနေသူမှာ တကယ်ပင် ထက်ဝေယံဖြစ်နေသည်။

တံခါးဝကိုကျောပေးထိုင်နေသော ထက်ဝေယံ၏ ရင်ခွင်ထဲတွင် ဂစ်တာတစ်လုံး။ ထိုင်ခုံပေါ်တွင် ဒူးတစ်ဖက်ထောင်ကာ ကိုယ်ကိုခပ်လျောလျောထိုင်နေပြီး အခြားခြေတစ်ဖက်ဖြင့် နံရံကိုကန်ထားသည်။ မှောင်နေသော ပြတင်းပေါက်မှ အပြင်သို့ ငေးကြည့်နေပြီး ခပ်တိုးတိုး သံစဉ်တစ်ခုကို ဂစ်တာတီးရင်း သီဆိုနေခြင်းဖြစ်သည်။ ရေချိုးပြီးကာစ ဖြစ်လိမ့်မည်။ ကောက်ကွေးနေသော ဆံပင်လိပ်များသည် ရေပင် ကောင်းကောင်းမခြောက်သေး။ တံခါးဖွင့်သံကြောင့် နောက်သို့လှည့်ကြည့်ကာ ရဲသွေးငယ်ကိုတွေ့သည်နှင့် တီးခတ်လက်စ သံစဉ်ကို ရပ်တန့်လိုက်သည်။

"ဆောရီး.. ကျွန်တော်လာတာ အနှောင့်အယှက်ဖြစ်သွားလား။"

"အနှောင့်အယှက်ဖြစ်ရင်ရော မင်းက ပြန်ထွက်သွားမှာ မို့လို့လား။"

ထက်ဝေယံက ဘုကျကျဖြေပေမယ့် ရဲသွေးငယ် တုန့်ပြန်ပြောဆိုခြင်းမရှိ။ အရင်လို ပက်ခနဲ ပြန်ပြောလိမ့်မည်ဟု ထင်ထားသော ထက်ဝေယံမှာ အံ့သြလွန်းသဖြင့် အခန်းထဲလှမ်းဝင်လာသော ရဲသွေးငယ်ကို စူးစိုက်ကြည့်ကာ အဖြေရှာနေသည်။

"မင်း ဘာဖြစ်လာတာလဲ။ ပိုင်ရှင်က ဝက်သားနဲ့ ညစာကျွေးလိုက်လို့လား။"

ဒီတော့မှ ရဲသွေးငယ် ရယ်ကာ မဟုတ်ပါဘူးဟု ခေါင်းခါရင်းဖြေသည်။ အမြဲတမ်း မျက်နှာတည်တည်နှင့် ဆရာကြီးပုံစံဖမ်းတတ်သော ဒီကောင်လေးသည် ရယ်လိုက်ပြုံးလိုက်မှ နုနယ်သော လူငယ်တစ်ယောက်ဆိုတာကို ပြန်လည်အမှတ်ရစေသည်။ အခန်းတစ်ဖက်ခြမ်းရှိ ကုတင်အစွန်းမှာ ဝင်ထိုင်ပေမယ့် ရဲသွေးငယ် အကြည့်များက သူ့ထံမှာသာရှိနေသည်။ ထက်ဝေယံ နေရခက်သည့် စူးစူးရဲရဲ အကြည့်ဖြစ်သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now