Sequel 5 (Unicode)

19.2K 1.9K 46
                                    

ရေခဲသေတ္တာပေါ်တွင် တင်ထားသော စားပွဲတင်ပန်ကာလေးသည် ဟိုဖက်လှည့်လိုက် ဒီဖက်လှည့်လိုက်နှင့် ငြိမ်သက်ခြင်းမရှိ။ ခပ်ငိုက်ငိုက်ဖြစ်နေသော ၎င်း၏မျက်နှာပြင်မှ လေပူတစ်ချို့ကို မှုတ်ထုတ်ပေးနေသည်။ ဟိုတယ်ကြီး၏ မီးဖိုဆောင်တွင် အဲယားကွန်းတပ်ထားပေမယ့် မီးဖိုအားလုံးမှ အပူအားလုံးကို ကျော်လွန်အောင် အအေးဓါတ်ပေးနိုင်စွမ်းမရှိသောကြောင့် ထိုပန်ကာငယ်လေးသည် အားကူပေးနေရသည်။

ပန်ကာလေတစ်ချို့ ဖြတ်သန်းသွားစဉ် စာဖိုမှူးဦးထုပ်အနားစအောက်မှ တိုးထွက်နေသော နေရှင်းခ၏ ဆံစတစ်ချို့သည် လှုပ်ခါသွားသည်။ ထို့နောက်မှာတော့ ဦးလှည့်သွားသော ပန်ကာမျက်နှာပြင်နှင့်အတူ ပြန်လည်ငြိမ်သက်သွားသည်။ လက်ထဲမှ order စာရွက်ကို လှမ်းဖတ်နေသည့် နေရှင်းခ၏ မျက်တောင်များသည် အရမ်းမရှည်ပေမယ့် ဖြောင့်စင်းနေသည်။ နှုတ်ခမ်းများကတော့ မသိမသာလေး ညိုပေမယ့် တစ်ခါကြည့်မိလျှင် အကြည့်လွှဲချင်စရာမရှိ။

Club sandwich..

Tuna salad..

French fries..

Cheese burger..

လက်ထဲမှ order စာရွက်ငယ်နှစ်ခုကို အဆုံးထိဖတ်ပြီးမှ order စာရွက်များထည့်သည့် သံစူးချွန်ငယ်ထဲ ထိုးစိုက်ထည့်လိုက်သည်။ ထို့နောက် ရေခဲသေတ္တာကိုဆွဲဖွင့်ကာ လိုအပ်သည့်ပစ္စည်းများကို ဆွဲထုတ်လိုက်သည်။ ကြက်ဥ၊ ham၊ salad၊ ခရမ်းချဉ်သီး၊ cheese အပြားနှင့် maionese။

"ကိုအေးမင်း.. french fries လေးပွဲစာပြင်ထား။"

"ဟုတ်ကဲ့"

"မနေ့ကသုံးထားတဲ့ဆီလက်ကျန်တွေရှိနေရင် ပြန်မသုံးနဲ့နော်။ အသစ်လဲ။"

"ဟုတ်ကဲ့။"

"ပြီးရင် cheese burger တစ်ပွဲရှိတယ်။ medium .."

အသားကင်နည်း rare, medium နှင့် well-done သုံးမျိုးမှ မကျက်တကျက်ကို ဆိုလိုခြင်းဖြစ်သည်။ အနောက်နိုင်ငံသားတစ်ချို့မှာ အသားကို အကျက်လွန်တာမျိုးကို သဘောမတွေ့။ တစ်ချို့မှာ beaf steak ဆိုသည့် အသားကင်မျိုးတွင်တောင် rare ဆိုသည့် ကင်ပြီးသား အသားကိုလှီးဖြတ်လျှင် အထဲမှာ သွေးရောင်လွှမ်းကာ နီနေမှ ကြိုက်သည်။ နေရှင်းခ အပြောကို အေးမင်းက ဟုတ်ကဲ့ဟု ခေါင်းညိတ်ဖြေပြီး လိုအပ်သည်များကိုယူရန် စတိုခန်းထဲသို့ ခပ်သွက်သွက် လျှောက်သွားသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now