Part 25 (Unicode)

25.1K 2.2K 67
                                    

ဒဂုံတက္ကသိုလ်ဟူသည့် ဆိုင်းဘုတ်ရှေ့တွင် ထိုးရပ်ထားသော ပြိုင်ကားအနီရောင်သည် ပူပြင်းသော နေရောင်အောက်မှာ တောက်ပနေသည်။ နေကာမျက်မှန်နက်နှင့် ကားကိုမှီကာ စီးကရက်သောက်နေသော ထက်ဝေယံကို ကျောင်းသူကျောင်းသားများက အထူးအဆန်းသဖွယ် လည်ပြန်လှည့်ကြည့်နေကြသည်။ အနားကိုတော့ ဘယ်သူမှမသွားရဲ။ တစ်ခါကြည့်ရုံနှင့် ရှိန်သွားစေတတ်သည့် ထက်ဝေယံမျက်နှာသည် မျက်ခုံးပေါ်မှ ကန့်လန့်ဖြတ်အမာရွတ်ကြောင့် ပိုကြောက်စရာကောင်းနေသည်။

"ကိုလေး..."

သတိုး စိတ်ပျက်လက်ပျက်ခေါ်မိသည်။ တကယ်ဆို သူပြောထားပြီးဖြစ်သည်။ ကျောင်းကိုမလာဖို့နှင့် လာလျှင်လည်း ဒီ မျက်စိစူးစေလွန်းလှသော ပြိုင်ကားကို မယူခဲ့ဖို့ဖြစ်သည်။ ထုံးစံအတိုင်း ထက်ဝေယံ စကားနားမထောင်။

"ကြာလိုက်တာကွာ။ မင်း တစ်လုံးမှလည်း နားထောင်တာမဟုတ်ဘဲ စာသင်ခန်းထဲ ဘာထိုင်လုပ်နေတာလဲ။"

"အိပ်ငိုက်နေတာ။"

သတိုး အမှန်အတိုင်းဖြေကာ ကားပေါ်တက်လိုက်သည်။ ဇော်မိုးနှင့် မိုးဇော်ကတော့ ကားအနီရောင်ကို လှမ်းမြင်လိုက်သည်နှင့် အဝေးကြီးကတည်းက ဘတ်စ်ကားပေါ် တက်ပြေးပြီးသားဖြစ်သည်။ တစ်လလျှင် သုံးလေးခါလောက် သတိုးကျောင်းအပြန်ကို ထက်ဝေယံ လာခေါ်တတ်သည်။ ထက်ဝေယံ လာမည်ဆိုသည်နှင့် သူတို့နှစ်ယောက်စလုံး မီးခဲကိုင်မိသလို တစ်နေ့ကုန် ဖင်တကြွကြွနှင့် ကြောက်နေကာ ကျောင်းဆင်းသည်နှင့် တန်းပြေးတတ်ကြသည်။ ထက်ဝေယံ အဖြစ်မှန်မသိကြောင်း သတိုး ရှင်းပြသော်လည်း နှစ်ယောက်စလုံး ထက်ဝေယံနား ယောင်မှား၍ပင် ကပ်ချင်ပုံမရ။

အမိုးဖွင့်ထားသော ပြိုင်ကားငယ်သည် ကြီးမားသော ဘတ်စ်ကားများကြားမှ ကျော်တက်ကာ လျှင်မြန်စွာ မောင်းနှင်နေသည်။

"ကိုလေး ကျောင်းပြန်မတက်သေးဘူးလား။"

"ငါနဲ့စာနဲ့က ဘဝရေစက်မပါဘူးကွ။"

"အာ.. ကြံကြံဖန်ဖန်။"

သတိုး စိတ်ညစ်စွာ ပြောမိသည်။ တကယ်တမ်းကျတော့ နောက်ဆုံးနှစ်ရောက်မှ မဖြေဘဲ ကျောင်းထွက်ထားသလို ဖြစ်နေသည့် ထက်ဝေယံကို နှမြောမိသည်။ ပြောလို့သာပြောရသည်။ သူလည်း စာဆိုလျှင် ဘယ်လိုမှ စိတ်ပါဝင်စားလို့မရ။ အခု တက္ကသိုလ်တက်ဖြစ်သည်မှာလည်း ဒေါ်မေချိုကြောင့်ဖြစ်သည်။ ပညာရေး အစွဲကြီးလှသော ဒေါ်မေချိုကလည်း သတိုးကို လုပ်ချင်တာလုပ်၊ ဘွဲ့တစ်ခုရအောင် ယူရမည်ဟု ရာဇသံပေးထားသည်။ သူ့အိမ်မှာနေပြီး ကျောင်းပြီးအောင်မထားနိုင်ဟု ပတ်ဝန်းကျင်မှာ အပြောမခံနိုင်ဟု ဆိုလာသည်။ ဇော်မိုးနှင့်မိုးဇော်ပါ အဖော်ပါသည်မို့ အမှတ်မီသည့် သမိုင်းမေဂျာကို သတိုး ယူဖြစ်ခဲ့သည်။ ဒါပေမယ့် ကျောင်းပြေးချိန်က ကျောင်းတက်ချိန်ထက် များသည်ကတော့အမှန်။

ကြယ်တွေကြွေသောညWhere stories live. Discover now