Part 18 (Unicode)

Start from the beginning
                                    

"ဟေ့ကောင်.. ဒီမှာလာကြည့်စမ်း။"

သူတို့နှစ်ယောက်စလုံး တိုက်ခန်းလှေကားအောက်မှာသာရှိသေးသည်။ ညည့်နက်နေပြီမို့ လမ်းဘေးခွေးတစ်ကောင်၊ နှစ်ကောင်မှလွဲ၍ ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာမှုများရှိမနေ။ ပိတ်ထားသော ကွမ်းယာဆိုင်ငယ်နှင့် တိုက်ခန်းအောက် လမ်းပြည့်ရပ်ထားသော ကားများသာရှိနေသည်။

"ဘာလဲကွ။"

"လာကြည့်စမ်းပါ။"

ဇော်မိုး ကာရာအိုကေဆိုင်တွင် ရိုက်ထားသော video file ကို နှိပ်ပြလိုက်သည်။ နေရှင်းခနှင့် ထက်ဝေယံတို့၏ ရန်ပွဲကို မိုးဇော်အစအဆုံး တွေ့လိုက်ရသည်။ အံ့သြလွန်းသဖြင့် ပါးစပ်များပင် ပွင့်နေသည်။

"ဒါ... ဒါဆို.. သတိုးနဲ့နေရှင်းခက။"

"မင်းကလည်း ဒါလေးတောင် မရိပ်မိဘူးလား။ သတိုးရေးတဲ့သီချင်းတွေမှာ ဘယ်တုန်းက မိန်းကလေးတစ်ယောက်ပုံကို ပုံဖော်ရေးဖူးလို့လဲ။"

ဒါလည်းဟုတ်သည်။ သူငယ်ချင်းရင်းများမို့ သတိုးသီချင်းတစ်ပုဒ်ရေးပြီးတိုင်း သူတို့ကိုနားထောင်ခိုင်းကာ အကြံဉာဏ်တောင်းတတ်သည်။ သေချာပြန်စဉ်းစားကြည့်တော့ သတိုးသီချင်းများသည် အဓိပ္ပါယ်နှစ်မျိုးယူ၍ရသော သီချင်းများဖြစ်နေသည်။

"အခုနက ဆိုင်မှာဖြစ်တာလား။"

"အေး ငါ အိမ်သာသွားဖို့ထွက်လာတုန်း တွေ့တာ။ လက်ထဲမှာဖုန်းလည်းအဆင်သင့်ရှိနေတာနဲ့ ရိုက်ဖြစ်သွားတာ။"

"ဒီ video ကိုဖျက်လိုက်စမ်းပါ ဇော်မိုးရာ။ တစ်ယောက်ယောက်တွေ့သွားပါဦးမယ်။"

"ရမလားကွ။ ငါ တမင် online ပေါ်တင်မလို့။"

"ဘာ..."

မိုးဇော်၏ဒေါသထွက်သွားသော မျက်နှာကိုကြည့်ကာ ဇော်မိုး ဒီကောင့်ပခုံးတစ်ဖက်ကို တွန်းထုတ်လိုက်သည်။

"မင်းကလည်းကွာ။ သတိုးနဲ့နေရှင်းခကို ငါ ဒုက္ခပေးမလို့မဟုတ်ပါဘူး။ အဲဒီ့ကောင် ထက်ဝေယံကို ကြည့်မရလို့ပါ။ သူ့မှာအဲဒီလောက်လည်း အရည်အချင်းမရှိဘဲနဲ့ ပိုက်ဆံနဲ့ပစ်ပေါက်ပြီး အဆိုတော်ဖြစ်နေတာ ခံစားလို့မရဘူး။ ပုံစံကလည်း မြောက်ကြွကြွနဲ့။"

ကြယ်တွေကြွေသောညWhere stories live. Discover now