Chapter - 36

2.5K 294 8
                                    

Chapter – 36

သူတို့နှစ်ယောက် မြို့ထဲက စားသောက်ဆိုင်တစ်ဆိုင်ကို ညစာစားဖို့ သွားခဲ့ကြသည်။

ညစာစားကြချိန် ဖြစ်သည်မို့ လူများနေကာ ခုံနေရာ ရဖို့တောင် အပြင်မှာ ခဏမျှ စောင့်ဆိုင်း လိုက်ရသေးသည်။ သို့သော်လည်း ဆိုင်ထဲ ဝင်ရောက်ရပြီးချိန်မှာတော့ ဆိုင်တွင်းမှာ အနီရင့်ရောင် ဆိုဖာကျယ်ကျယ်များနှင့် အရောင်ဖျော့ဖျော့ နံရံပန်းချီ တို့က အမြင်တင့်စွာ ပြင်ဆင်ထားသည်ကို တွေ့ရသည်။ တဖျတ်ဖျတ်လက်နေတဲ့ မီးဆိုင်းများရဲ့ အလင်းရောင်က မျက်နှာကျက်အထိ ကာရံထားသည့် မှန်ပြတင်းများဆီမှာ အလင်းပြန်နေစေသည်။ ချက်ထားသည့် စားစရာများ၏ ရနံ့များကလည်း ပတ်ဝန်းကျင် အနေအထားကို ပိုပြီး ကောင်းမွန်နေစေသည်။

ရွှီရွှီက ဆိုဖာတစ်ဖက်မှာ ဝင်ထိုင်ကာ စားပွဲထိုး ကမ်းပေးလာတဲ့ အစားအသောက်စာရင်းကို ယူကြည့်လိုက်သည်။ သူ့ ခေါင်းငုံ့ကာ စာရွက်များ လှန်ကြည့်နေသည်။ ခဏနေတော့ ဆိုဖာရဲ့ တစ်ဖက်ဆီမှာ အနည်းငယ် နိမ့်သွားသည်ကို သိလိုက်ရကာ၊ အနားမှာ ရနေကျ နွေးထွေးမှုလေးတစ်ခု လွှမ်းခြုံလာသည်။

ကျီပိုင်က နှစ်ယောက်လုံးရဲ့ အပေါ်ဝတ် ကုတ်အကျီတွေ၊ အိတ်တွေကို တစ်ဖက်မှာ စုပုံထားလိုက်ကာ ရွှီရွှီရဲ့ ဘေးဘက်နားမှာ ရွှေ့ထိုင်လာတာ ဖြစ်သည်။ သူ့ လက်တစ်ဖက်ကို ရွှီရွှီရဲ့ နောက်ဘက် ဆိုဖာပေါ် တင်ထားကာ မီနူး ဖတ်နေသည့် ရွှီရွှီကို သက်တောင့်သက်သာ အနေအထားဖြင့် ကြည့်နေလေ၏။

ရွှီရွှီရဲ့ ယူဆချက်အရတော့၊ မိမိတို့ နှစ်ယောက်က အခုချိန်မှာ တရားဝင် ချစ်သူရည်းစား ဖြစ်သွားကြပြီမို့၊ သည်လို ပူးပူးကပ်ကပ် အနေအထား ရှိနေရတာက လုံးဝကို သာမာန် သာ ဖြစ်သည်။ ဒါ့အပြင် ကျီပိုင်ရဲ့ ကိုယ်ငွေ့လေး မိမိအနားမှာ ဝေ့ဝဲနေသည့် ခံစားချက်ကိုလည်း ပျော်ရွှင်ကျေနပ်နေတာလေ။ ထို့ကြောင့် ခေါင်းမော့ကြည့်ပြီး ကျီပိုင်ကို ပြုံးပြကာ သူက စလို့ ကျီပိုင်အနား နီးကပ်အောင် တိုးရွှေ့ ထိုင်လိုက်သည်။

ရွှီရွှီရဲ့ ပြုမူပုံကြောင့် ကျီပိုင် မနေနိုင်ဘဲ ရယ်မိရတော့သည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now