Chapter - 28

2.4K 322 4
                                    

Chapter (28)

နှင်းဝေ၊ မြူဆိုင်းနေတဲ့ မနက်ခင်း မို့ လေထုက အေးမြနေသည်၊ လမ်းမကျယ်ကြီးပေါ်မှ မသဲမကွဲ မြင်ကွင်းကြားမှာပဲ ရွှီရွှီ ကားမောင်းလာ၏။

မနေ့က ကျီပိုင် က သူ့ကို ပြောခဲ့သည်၊ သူတို့ရဲ့ မနက်ခင်း လေ့ကျင်းခန်းဆင်းတာကို နားရက် ကုန်သည်နှင့် ပြန်စမည် ဟု၊ သူလည်း ကောင်းကောင်း နားခဲ့ပြီးပြီမို့ သဘောတူလိုက်သည်။ သို့ဆိုသော်လည်း အမှု ပြီးသည်နှင့် သူ့ ကိုယ်ထဲက ဇီဝနာရီက အလိုအလျောက် နိုးထလာလိမ့်မည်ဟု ဘယ်သူ ထင်မတဲ့လဲ။ မနက် ၅ နာရီ ကတည်းက မျက်ဝန်းတွေ အလိုအလျောက် ပွင့်ပြီး စိတ်ပါ နိုးနိုးကြားကြား ဖြစ်နေသည်။

ထို့ကြောင့် ကိုယ်စိတ်အတိုင်း အလိုက်သင့်သာ ထသွားလိုက်တာ ဖြစ်သည်။

အချိန်က နွေရာသီ အစောပိုင်းကာလနား နီးကပ်နေပြီမို့ နေရောင်က မနက်စောစောမှာတောင် တောက်ပနေလေပြီ။ အားကစားရုံ အရှေ့တံခါးဘက်ကို လျှောက်လာစဉ်မှာ၊ မနက်ခင်းလေ့ကျင့်ခန်း လုပ်နေကြသူများ ရောက်နေကြပြီဖြစ်ပြီး သူ့ ဘေးမှ ဖြတ်ကျော် ပြေးသွားကြသည်။ ပြေးလမ်းတစ်လျှောက် ဝေ့ဝဲကြည့်မိပေမဲ့၊ ကျီပိုင်ကို မတွေ့မိ၊ ထို့ကြောင့် တေးဂီတထဲ စိတ်နှစ်ထားလိုက်ကာ လေ့ကျင့်ကွင်းထဲ ဝင်ပြေးလိုက်၏။

ကျီပိုင်က ယနေ့မှာလည်း အချိန်ကိုက် အိပ်ရာထခဲ့ပါသည်။ မှုခင်း စစ်ဆေးရသည့် လုပ်ငန်းခွင်ထဲ ရောက်ရှိနေခဲ့တာ နှစ်မနည်းတော့ပြီမို့၊ အမှုကြီးများ ရှိချိန်ဆိုလျှင် ရှိသမျှ ကိုယ်စွမ်း၊ ဉာဏ်စွမ်း အကုန်သုံးကာ နေ့ရော၊ ညပါ အလုပ်ရှုပ်နေတတ်သည်ကို ကျင့်သားရနေပြီးသား ဖြစ်သည်။ အမှု ပိတ်ပြီးချိန်ဆိုလျှင်တော့ သူ့ရဲ့ ပုံမှန် အလုပ်အချိန်ဇယားအတိုင်း ပြန်ဖြစ်သွားတတ်သည်။

မနက်ပိုင်း အလေးမ လေ့ကျင့်ခန်းများ ပြီးသွားတော့၊ ချွေး စက်စက် ကျနေပြီမို့ အနားက အားကစားထောက်ကူ ပစ္စည်းတစ်ခုပေါ် ထိုင်ကာ ခဏနားမိသည်။ သူ့ဖုန်းက နောက်ဆုံး အသစ်ဖွဲ့ထားသည့် (ပေါက်စနလေး) ဆိုသည့် ဖိုင်အသစ်ကို ဖွင့်ကြည့်နေမိသည်။ အဲ့ဒီနောက် သူကြားလိုက်ရသည်က အနား နီးကပ်လာတဲ့ ရင်းနှီးနေကျ ခြေသံတချို့... သူ ခေါင်းမော့ကြည့်မိတော့၊ ဘာခံစားချက်မှ ရှိနေပုံမပေါ်သည့် အမျိုးသမီးတစ်ဦးက သူ့ အရှေ့လမ်းကြောင်းမှ သူ့ကို ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။

ချစ်မိသွားတဲ့ ခရုလေး (Unicode) CompletedWhere stories live. Discover now