၃၅. စနေနေ့ညကိုးနာရီ (Z+U)

44.4K 6.5K 244
                                    

Zawgyi

လှေကားကနေ ဆင်းလာပြီးပြီးချင်း ဧည့်ခန်းထဲ အခြေအနေငဲ့ကာ ကြည့်တော့ရေဒီယိုမှ လွှင့်နေသော သီချင်းသံသဲ့သဲ့သာ ကြားရသည်။လက်ထဲက လည်သာအိတ်လေးကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီးနောက် အိမ်နောက်ခန်းထဲမှ မမကြီးတို့ကို စိတ်ထဲမှ ဦးသုံးကြိမ်ချ ကန်တော့လိုက်မိသည်။
အတူနေလာတာကြာလာသည်နှင့်အမျှ မူလရှင်းသန့်မိသားစုအပေါ် ရှင်းသန့်အမှန်ပင် စိတ်ရင်းနှင့် ချစ်ခင်လာခဲ့ပါသည်။ထို့ကြောင့်လဲ တကယ်တမ်း အခုလိုထင်ရာစိုင်းတော့မည့်ကိစ္စအတွက် လုံးဝစိတ်မကောင်းပေ...

စနေနေ့ ည ကိုးနာရီ
ကိုးနာရီ ..
ကိုးနာရီ ..

ဧည့်ခန်းထဲတွင်ပင် အိပ်ပျော်သွားပုံရသော နှင်းဆီတို့ အမျိုးထဲမှ ဘကြီးတစ်ယောက်ရဲ့ ရေဒီယိုမှ သီချင်းသံတိုးတိုးက မြည်နေဆဲ။ရှင်းသန့် ဘာဂျာတံခါးကို အသံမမြည်အောင် အသာဆွဲဖွင့်ပြီးချိန်တွင်တော့ နဖူးမှ ချွေးက ပါးပေါ် တောက်ခနဲပင် စီးကျလို့လာလေသည်။စိတ်လှုပ်ရှားမှုကြောင့် တရဆက်တုန်ခါနေတဲ့ ရင်ခုန်သံတွေကြောင့် နားတွေပင် အူချင်လာတယ်..

အရင်ဘဝက ရှင်းသန့်မောင်သာ အခုသူ့အဖြစ်ကို မြင်လျှင် လက်ညိုးထိုးဟားတိုက်မည်မှာမလွဲဧကန်။လင်နောက်လိုက်ပြေးမည့် မိန်းကလေးတွေလို အထုတ်တစ်ထုတ်နှင့် ခိုးကြောင်ခိုးဝှက်လုပ်နေရတဲ့ ဖြစ်အင်ကြီးက သိပ်ရှက်စရာကောင်းလှသည်မဟုတ်ပါလား?
ဒါတွေအကုန် ခင်ဗျားကြောင့်...
ဦးမောရ...

ခြံထဲရောက်သည်နှင့် အချိန်ဆွဲလို့မကောင်းတာကြောင့် မြန်မြန်ပဲ ခြံဝကို လျှောက်သွားလိုက်သည်။ခြံတံခါးဝရောက်တော့ နေ့ခင်းက ခြံစောင့်ဦးကြီးကို မြိုးမြိုးမျက်မျက် ငွေတစ်ဆယ်လောက် လာဘ်ထိုးတာကြောင့် သော့ခလောက်ပင် ဖွင့်ပြီးသားအဆင်သင့်။
ခြံရှေ့မှာ ကားရောက်နေ၊မနေ မျက်လုံးကစားရင်း ခြံတံခါးအမြန်ဖွင့်ကာ ထွက်လာလိုက်သည်။

"ဟူးးး... အေးလိုက်တာ"

စိတ်လောပြီး အနွေးထည်ဝတ်မလာခြင်းအကျိုးက ညဥ့်လေတစ်ချက်တိုက်သည်နှင့် သိသာလှသည်။အေးခဲကျဉ်တက်သွားသော လက်မောင်းကို အိတ်မကိုင်ထားသော လက်တစ်ဖက်နှင့် ပွတ်သပ်ရင်း ရှင်းသန့် သစ်ပင်အမှောင်အောက် ဝင်ရပ်နေလိုက်ပြီး သိပ်မကြာခင် လမ်းထိပ်ဖက်မှ စက်သံငြိမ်ငြိမ်နှင့် ဖြေးဖြေးချည်းမီးမဖွင့်ဘဲ မောင်းဝင်လာသောကားအနက်တစ်စီးကို မြင်ရသည်။

၂၀ရာစုတွင် ပြန်လည်မွေးဖွားခြင်း( Rebirth In 20thCentury )Where stories live. Discover now