Part 1 (Unicode)

116K 4.7K 562
                                    

ပူပြင်းသောနွေရာသီတစ်ခု၏ နေရောင်သည် ထွန်းလင်းစွာ တောက်ပနေသည်။ ၎င်းနေရောင်အောက်တွင်မူ ကိုလိုနီခေတ်ဗိသုကာလက်ရာ နှစ်ထပ်တိုက်အိမ်ကြီးမှာ ဖြတ်သန်းသွားလာမှု သိပ်မရှိသည့် ကတ္တရာလမ်းငယ်တစ်ခု၏ ဘေးတွင် ခန့်ထည်စွာ ရှိနေသည်။

အိမ်ခေါင်မိုးရှိ ကွေးဝိုက်သော အုတ်ကြွပ်နီများသည် တစ်ခုပေါ်တစ်ခုထပ်ကာ တောက်လောင်သောနေရောင်ကို ကြိုးစားကာကွယ်နေကြသည်။ အိမ်နံရံများသည် အဖြူရောင်လိုင်းများဖြင့် အုတ်ခဲပုံဖော်ထားသော အုတ်ခဲနီနီများဖြစ်ပြီး သံတိုင်ရှည်များကာထားသော ပြတင်းပေါက်များ၏ မှန်များမှာ ဖုန်ဝါများဖြင့် ၀ါညစ်ညစ်ရောင်ဖြစ်နေသည်။

အုတ်တံတိုင်းကာထားသော ခြံကျယ်ကြီးတစ်ခုလုံးတွင် အသီးများအပွင့်များ ဝေဆာစွာ ဖူးပွင့်နေသော သီးပင်စားပင်များဖြင့် ပြည့်နှက်နေသည်။ အစိမ်းရောင် ဒန့်သလွန်သီးများသည် သေးငယ်ဝိုင်းစက်သော သစ်ရွက်ခက်များကြား လေတစ်ချက်ဝှေ့လာတိုင်း ဟိုဟိုဒီဒီ ယိမ်းနွဲ့ပါနေကြသည်။ ကားလမ်းမပေါ်မှ ကားတစ်စီးမောင်းသွားတိုင်း လွင့်ပါလာသော ဖုန်မှုန့်များ ကပ်ညိနေသော သစ်ရွက်စိမ်းများသည် မိုးရာသီကလို စိမ်းစိုမှုမရှိသော်လည်း ရွှေဇာခြည်ဖုုံးထားသလို တစ်မျိုးလှနေသည်။

ပြင်ပလောကတစ်ခုလုံး ပူလောင်နေသော်လည်း နှစ်ထပ်အိမ်ကြီး၏ အောက်ထပ်ရှှိ သတိုးခန့်တို့နေထိုင်ရာ ညာဘက်ခြမ်းတိုက်ခန်းသည် အပူရှိန်မရှိဘဲ နေချင်စဖွယ် အေးစိမ့်နေသည်။

သတိုးခန့်.....

အသက်လေးနှစ်ကျော်အရွယ်ဖြစ်သော သတိုးခန့်သည် လူကောင်ညှက်ကာ ပိန်ပိန်ရှည်ရှည် ကောင်လေးတစ်ယောက်ဖြစ်သည်။ အရွယ်နှင့်မလိုက်အောင် ရှည်သောအရပ်နှင့် အသားရှိသည်ဟုပင် မထင်ရသော ကိုယ်ခန္ဓာကြောင့် ပြတင်းပေါက်မှ လှမ်းမြင်နေရသည့် ဒန့်သလွန်သီးများနှင့်ပင် ခပ်ဆင်ဆင်တူနေသည်။

သတိုးခန့်ကို အမှတ်တမဲ့ ကြည့်မိသူတိုင်း မျက်ခုံးဖုံးသည့် ဆံပင်နက်နက်များအောက်မှ ဝလုံးပုံဝိုင်းနေသော မျက်မှန်တစ်စုံကိုသာ ထင်းခနဲမြင်ရသည်ပဲဖြစ်သည်။ မျက်မှောင်အောက်မှ ဆွဲဆောင်မှုရှိလွန်းလှသော ခပ်သွယ်သွယ် ဗန်ဒါစေ့ပုံ မျက်လုံးများမှာ အလိုလိုပျောက်ကွယ်နေသည်။ ပန်းနုရောင် ခပ်ထူထူနှုတ်ခမ်းများနှင့် စင်းသောနှာတံရှည်သည်လည်း ပုလင်းဖင်တစ်ခုနီးပါး ထူထဲသောမျက်မှန်အောက်တွင် အရောင်မှိန်နေသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now