အခန်း(၆၉)

25 2 0
                                    

အခန်း(၆၉)

တကယ်တော့ ရွှေရည် မုံရွာကို သူ့အမေ မလွှတ်တာကြောင့်
မသွားဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ခြေထောက်က ဗွေပါသလားတော့ မပြောတတ်ပါဘူး။ မူဆယ်ဘက် အလုပ်သွားလုပ်ဖို့ ထပ်စီစဉ်ပါတယ်။ ဒီတစ်ခါတော့ သူအမေအတင်းတားလည်း သူ့အမေမသိအောင် အတင်းခိုးထွက် သွားဖို့ အစီအစဉ်ရှိနေခဲ့တယ်။ သူ့အတွက် အိမ်မှာနေရတာ စိတ်ရှုပ်နေရတဲ့ နေ့ရက်ဆိုးတွေ ဖြစ်နေခဲ့တယ်။ ကျွန်တော်ကတော့ ဘာမှပြောခွင့်မသာခဲ့ပါဘူး။ ဒါ သူ့မိသားစုအရေးဆိုတော့ ကျွန်တော်ကြားမဝင်ချင်ခဲ့ဘူး။ သူ့အိမ်မှာ သူ့အမေနဲ့သူ အဆင်မပြေဖြစ်နေတာကတော့ အမှန်ပါပဲ။ အဲဒီနေ့တွေမှာ ကျွန်တော်မေဇော်နဲ့တွေ့ဖြစ်ခဲ့သေးတယ်။ မေဇော်မွေးနေ့မှာပေါ့။ အရင်ဦးဆုံး ကျွန်တော်ပဲ ဖုန်းလှမ်းဆက်လိုက်တာပါ။
"မေဇော် မနက်ဖြန်မွေးနေ့နော်.."
"အင်း...ဟုတ်တယ်၊ ကောင်လေးက မှတ်မိသေးတယ်နော်။"
ကျွန်တော် ရုတ်တရတ်တော့ ဆွံအသွားရတယ်။
"ဟာဗျာ၊ မေ့စရာလား၊ ဘယ်လိုလဲ၊ မေဇော် ကျွနတော်ကို ကော်ဖီမတိုက်ချင်ဘူးလား။"
"တိုက်မှာပေါ့၊ ကောင်လေး မနက်ဖြန်အားတယ်မှတ်လား။"
"ဟုတ်။"
"အဲဒါဆို၊ ထိုင်နေကျကော်ဖီဆိုင်ပဲ လာခဲ့လိုက်လေ။"
"ထိုင်နေကျ ကော်ဖီဆိုင်ဆိုတာက။"
"ကောင်လေးထိုင်နေကျ၊ ကော်ဖီဆိုင်ကို ပြောတာပါ။"
အဲဒီနေ့တွေမှာ ကျွန်တော်ရွှေရည်က ပစ်မထားပါဘူး။ အွန်လိုင်း ပေါ်မှာ ကြည့်တယ်။ ဖုန်းတွေဆက်တယ် ။ ဘာတစ်ခုမှ ဆက်သွယ်မရခဲ့ဘူး။ စိတ်ညစ်နေရင် အဆက်အသွယ်တွေ အကုန်ဖြတ်ထားတတ်တဲ့ ရွှေရည်အကျင့်ကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်အပေါ်မှာတော့ အဲဒီလို မလုပ်သင့်ပါဘူး။ နောက်နေ့မှာ ကျွန်တော်မေဇော်နဲ့တွေ့ဖို့ ကော်ဖီဆိုင်ကို ရောက်လာခဲ့တယ်။ မေဇော်ကတော့ ထုံးစံအတိုင်း မရောက်သေးပါဘူး။ ဒီတစ်ခါ ကျွန်တော်တွေ့တဲ့ပုံစံက သာမန်မိတ်ဆွေ တွေလို တွေ့ရှိရုံပါပဲ။ မေဇော်ကို စောင့်ရင်းနဲ့ ကျွန်တော်အွန်လိုင်းကိုဖွင့်ပြီး ရွှေရည်ဆီ ဆက်သွယ်နေမိတာ။ သူအွန်လိုင်းတတ်ချိန်က ပြောင်းလဲခြင်းမရှိ ငြိမ်သက်နေတုန်း ပါပဲ။ ဘာလဲ၊ သူ ကျွန်တော်ကို အဆက်အသွယ် ဖြတ်ချင်နေတာမျိုးလား။ အဲဒီအချိန် မေဇော်ဆိုင်ထဲ ဝင်လာတယ်။ မေဇော် ကျွန်တော်ကို မမြင်ဘူး။ ဒါမှမဟုတ် မမြင်ချင်ယောင်ဆောင်လားတာလားလည်း မပြောတတ်ပါဘူး။ သူ့ဟာသူ ကော်ဖီနဲ့မုန့်မှာပြီ တခြားဝိုင်းမှာ သွားထိုင်တယ်။
"ဘာလဲဟ"
ရေရွတ်သံနဲ့အတူ ကျွန်တော်သူ့ကို စောင့်ကြည့်နေလိုက်တယ်။ သူ ကျွန်တော်ဘက်ကို တစ်ချက်မှ မကြည့်ဘဲ သူ့ဖုန်းကိုပဲ သူ အာရုံမည်းနေတယ်။ ကျွန်တော် စိတ်မရှည်တော့လို့ သူရှိရာဝိုင်းကို လျှောတ်သွားလိုက်တယ်။
"မေဇော်"
"အော် ကောင်လေး၊ ကျွန်မ ခုပဲ ကောင်လေးဆီ ဖုန်းဆက်တော့မလို့၊"
သေချာပါတယ်။ သူ ကျွန်တော်ကိုမမြင်တာဘဲ ဖြစ်မှာပါ။
"ကောင်လေး ၊ ကော်ဖီမှာလေ၊"
"နေပါစေ၊ ကျွန်တော် မေဇော်ကို စောင့်ရင်းနဲ့ သောက်ပြီးသွားပြီ။"
"ဟင် ၊ ကောင်လေးက ဘယ်မှာစောင့်နေတာလဲ။"
"ဟိုခုံမှာ။"
ကျွန်တော်သူ့ကို လက်ညိုးထိုးပြ လိုက်တယ်။ ကျွန်တော် သောက်လတ်စကော်ဖီခွက်ကို သူမြင်သွားတယ်။
"အားနာလိုက်တာ၊ ကျွန်မ ကောင်လေးကို မမြင်လိုက်ဘူး။"
"ရတယ်၊ ကိစ္စမရှိပါဘူး။"
အဲဒီနောက် ကျွန်တော်ကို အသေးစိတ် လိုက်ကြည့်ရှုတတ်တဲ့ သူရဲ့အကျင့်အတိုင်း၊
"ကောင်လေးတောင်၊ ဆံပင်ရှည်လာပြီနော်၊"
"ဟုတ်တယ်။"
"ဘယ်လိုလဲ၊ ဟိုတစ်ယောက်နဲ့ကော အဆင်ပြေရဲ့လား။"
ကျွန်တော် ဘယ်လိုဖြေရမှန်းမသိဘူး။ အခုအခြေအနေအရတော့ အဆင်မပြေဖြစ်နေတာ အမှန်ပါ။ ဒါပေမယ့် သူ့ကို ကျွန်တော်အဆင်မပြေတဲ့အကြောင်း ပြန်မပြောပြချင်ဘူး။ သူ့ကို မျှော်လင့်ချက် ပြန်ပေးနေတာမျိုး ကျွန်တော်မဖြစ်ချင်ဘူး။ အဆင်ပြေပါတယ်လို့ ပြောလိုက်လို့ ကျွန်တော်နဲ့သူ အဆင်မပြေဖြစ်ခဲ့တာတွေကို သူပြန်တွေးနေတာမျိုးလည်း ကျွန်တော်မလိုလားပါဘူး။ အဲဒါကြောင့် ကျွန်တော်သူ့ကို မယုတ်မလွန်ဘဲ ပြန်ဖြေလိုက်တယ်။
"ဒီလိုပါပဲ။"
"သူက ကောင်လေးကို အတော်ချစ်တယ်နော်။"
ကျွန်တော် သူ့စကားကို စိတ်ဝင်စားသွားတယ်။ သူတို့နှစ်ယောက် ပြောခဲ့တဲ့ အကြောင်းအရာတွေကို ကျွန်တော်မှ စုံလင်အောင် မသိခဲ့ရဘဲ။ ကျွန်တော် အစ်ကြည့်လိုက်တယ်။
"မေဇော်က ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ။"
"ကျွန်မ သူနဲ့ စကားသွားပြောကြည့်ခဲ့တယ်လို့ ၊ ကောင်လေးကို ပြောခဲ့သားပဲ။ သူကိုယ်တိုင်ဝန်ခံခဲ့တာပဲဟာ။ သူ ကောင်လေးကို အရမ်းချစ်တယ်တဲ့၊ အဲဒါကြောင့် သူ့ဘက်က နောက်ဆုတ်မပေးနိုင်ဘူးတဲ့လေ။"
ကျွန်တော် မေဇော်အစား ကြိတ်မနိုင်ခဲမရ ဖြစ်သွားတယ်။
"မေဇော်ကကော သူ့ကို ဘာလို့ အဲဒီလို စကားမျိုး ပြန်မပြောနိုင်ခဲ့ရတာလဲ။"
ကျွန်တော်စကားကြောင့် မေဇော်က ကျွန်တော်ကိုသေချာကြည့်ပြီး မေဇော်က မဲ့ပြုံးတစ်ချက်ပြုံးတယ်။ ပြီးမှ
"ကောင်လေးက အတော်ရယ်ရတာပဲ၊ ကောင်လေးကိုယ်တိုင်က ကျွန်မနဲ့ကောင်လေး ပြတ်သွားပါပြီလို့ သူ့ကို ပြောထားတဲ့ဟာ၊ ကျွန်မက ဘယ်လိုမျတ်နှာမျိုးနဲ့၊ အဲဒီစကားကို ပြောထွက်ရမှာလဲ။"
ကျွန်တော် လည်ချောင်းတွေ ခြောက်ကပ်သွားတယ်။ ပြောစရာ စကားလုံးတွေ ရှာမတွေ့နိုင်လောက်အောင်ပါပဲ။
"ထားလိုက်ပါ၊ ကျွန်မ ခုလည်း အဆင်ပြေပါတယ်။"
"ဟုတ်၊ ဘာဖြစ်ဖြစ် ကျွန်တော်လည်း အခုလိုမျိုး မေဇော်နဲ့ မိတ်ဆွေအဖြစ်ပြန်ခင်မင်ခွင့် ရတာကို ဝမ်းသာပါတယ်။"
"အင်း၊ ကျွန်မလည်း အမုန်းတွေနဲ့တော့ လမ်းမခွဲချင်ပါဘူး။ အဲဒါကြောင့် ကောင်လေးတောင်းဆိုမူကို လက်ခံခဲ့တာပါ။"
"ဟုတ်၊ ကျေးဇူးပါ မေဇော်။"
အဲဒီနောက် ကျွန်တော်တို့ကြားမှာ တိတ်ဆိတ်သွားပါတယ်။ သူ့ကော်ဖီသောက်ပြီးတဲ့အခါ ကားမှတ်တိုင်ကို ကျွန်တော်လိုက်ပို့ ပေးလိုက်ပါတယ်။ ဒီလောက်ပါပဲ။ ရိုးရှင်းစွာနဲ့ပဲ တွေ့ဆုံမူလေး ပြီးဆုံးသွားခဲ့တယ်။မပြီးဆုံးသေးတာက ကျွန်တော်ရဲ့ မကောင်းတဲ့ အရိပ်တွေပါ။

အချစ်သည် မည်သို့နည်း???Where stories live. Discover now