"ငါ ဘန်ကောက်မှာ မင်း သူငယ်ချင်း ပွင့်ယမုံနဲ့ တွေ့ခဲ့တယ်.."

"ဗျာ.. ဟုတ်လား.. ပွင့်က ဘာသွားလုပ်နေတာလဲ.."

"မသိဘူး.. သူ့အမေလည်း ဘေးနားမှာ.. သူ့အမေက ငါ့ကိုတွေ့တာတောင် ကောင်းကောင်း စကားမပြောချင်သလိုလိုနဲ့ ရှောင်ထွက်သွားတယ်..."

"ဟုတ်လား.."

ထက်ဝေယံ စားပွဲကို လက်ချောင်းများဖြင့် တဒေါက်ဒေါက်ခေါက်ကာ နောက်တစ်ကြိမ် ရဲသွေးငယ်ရှိရာ လှမ်းကြည့်သည်။

ဒီကောင်လေး.. ခြေထောက်တွေ နာကုန်တော့မယ်.. ၀ယ်စရာရှိတာဝယ်ပြီး မြန်မြန်ပြန်တာမဟုတ်ဘူး...

အတွေးမှမဆုံးသေး။ သူ့ရှေ့မှ ဖခင်ဖြစ်သူ၏ စကားသံက ထပ်မံထွက်ပေါ်လာသည်။

"ဟေ့ကောင်.. ဝေယံ.. နေရှင်းခနဲ့ ငါ့ကိုတွေ့ဖြစ်အောင် လုပ်ပေးပါဆို.."

"နားငြီးတယ် Pa ရာ.. ကိုယ့်ဘာသာကိုယ်လုပ်..."

"ငါ မင်းကို မုန့်ဖိုးဖြတ်မှာနော် ဝေယံ..."

"ဖြတ်လေ.. Ma ဆီက သွားတောင်းမှာပေါ့.."

ထက်ဝေယံ လျှာထုတ်ပြတော့ ဦးရန်နိုင်ထွန်း စိတ်ပျက်လက်ပျက် ခေါင်းခါသည်။ မင်း ဒီလို ဆိုးနေတာ မင်း အမေကြောင့်ဟူသော လက်သုံးစကားဖြင့် ကိုင်ပေါက်သည်။

"ဘာဆိုင်လို့ ကျွန်တော့်ကို လာမဲနေတာလဲ.. ဒေါ်မေချိုကို သိမ်းပိုက်ခဲ့တာ ကျွန်တော်မဟုတ်ဘူး.."

"ခွေးကောင်လေး.... မင်း ငရဲကြီးချင်နေလား..."

"ကဲတုန်းက သူပဲ ကဲပြီး.."

ထက်ဝေယံ မကြားတကြားပြောတော့ ဦးရန်နိုင်ထွန်း လှမ်းဆဲကာ ထက်ဝေယံရှေ့မှ ရေခဲမုန့်ပန်းကန်ကို ပြန်ဆွဲယူသွားသည်။

"အာ.. Pa လည်း စားတာမဟုတ်ဘဲနဲ့.."

"နေရှင်းခကို ပြောပေးမှာလား..."

"ပြီးရော.. ပြီးရော.. ပြောပေးမယ်.. သူများစားနေတာကို မနှောင့်ယှက်ရဘူး..ပြိတ္တာဖြစ်တတ်တယ်.."

ထက်ဝေယံ သဘောတူမှ ဦးရန်နိုင်ထွန်း ရေခဲမုန့်ခွက်ကို ထက်ဝေယံရှေ့ပြန်တွန်းပေးသည်။ မင်းသာပြိတ္တာဖြစ်နေတာဟု ရယ်ရင်းပြောသည်။ ထက်ဝေယံ အလျှော့မပေး။ Pa မသိသေးတာတွေ အများကြီး ရှိပါတယ်ဗျာ ဆိုပြီး ဆရာကြီး လေသံနှင့်ပြောလာသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now