"မိုးတွင်းရောက်လို့ ကျွန်တော့်အပင်လေးတွေ ရေမြှုပ်ကုန်ရင်တော့ ငိုလိုက်ရတာဗျာ.."

ငယ်စဉ်ကတည်းက ဖခင်ဆုံးသွားပြီး မုဆိုးမမိခင်နှင့်သာ ကြီးပြင်းခဲ့သော သူ့အတွက် အဖော်ဆို၍ စာအုပ်များနှင့် သစ်ပင်များသာရှိခဲ့သည်။ သူ ငယ်စဉ်ကတည်းက သစ်ပင်များ၊ တိရိစ္ဆာန်ငယ်များကို ချစ်တတ်လွန်းတာ အမှတ်ရသည်။ သူများတွေလို သစ်ကိုင်းချိုး သစ်ရွက်ခြွေပြီးတောင် မကစားရက်သလို လောက်လေးခွဆိုလျှင် မြင်တာနှင့်မုန်းသည်။

အခုအချိန်အထိလည်း သဘာဝတရားကို ရဲသွေးငယ် အလွန်မြတ်နိုးသည်။

မြေတစ်ဆုပ်၊ ရေတစ်စက်ကို တန်ဖိုးထားသည်။

တောပြုန်း တောင်ပြုန်းဖြစ်ကာ သစ်ပင် မြက်ပင်ပင် မပေါက်ရောက်နိုင်တော့သည့် လွင်တီးခေါင်ခေါင်များကိုတွေ့ရလျှင် ရင်နာရသည်။ အခုလို စိမ်းညို့သော စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်ကို တွေ့ရလျှင်မူ အလိုလိုပျော်နေတတ်သည်။

"အဲဒါကြောင့် ငါ့ စီးကရက်တိုကိုတောင် တောထဲ မလွင့်ပစ်ခိုင်းဘဲ တည်းခိုခန်းအထိ ပြန်သယ်လာတာလား.."

ညနေက ရေတံခွန်မှာ ထက်ဝေယံ သောက်ပြီးသား စီးကရက်တိုတွေကို ရဲသွေးငယ် လိုက်ကောက်သည်။ သိမ်းသည်။ ပြန်ရောင်းစားမလားလို့တောင် ထက်ဝေယံ နောက်နေလိုက်သေးသည်။

ဒါတင်ပဲလားဆိုတော့မဟုတ်သေး။

စည်းကမ်းမရှိသူတစ်ချို့ လွှင့်ပစ်ထားခဲ့သော ရေကန်ထဲမှ ပုလင်းခွံများကို ပြန်ဆယ်ကာ ဒီ ပုလင်းခွံများ လုံးဝဥဿုံ ပျက်စီးသွားရန် နှစ်ပေါင်းလေးရာလောက် လိုအပ်မည်ဖြစ်ကြောင်း၊ ဘီယာဗူးခွံများ ဆိုလျှင် နှစ်ပေါင်း ၁၀၀ နီးပါး၊ ဖော့ဗူးဆိုလျှင် နှစ်ပေါင်း ၁၀၀၀ နီးပါး လိုအပ်မည်ဖြစ်ကြောင်းများကို ဆီမန်းမန်းသလို ပြောနေသည်ကို ထက်ဝေယံ ကြားခဲ့ရသေးသည်။

ရေတံခွန်မှ အပြန်လမ်းတစ်လျှောက်တွင်လည်း ရဲသွေးငယ် ပေါက်ပေါက်ဖောက်သလို စကားများလာသည်။ ပလတ်စတစ်၊ ဖန်၊ စက္ကူများကိုသာ တစ်ဖန်ပြန်လည်အသုံးပြုလျှင် ရေနံ၊ သဲနှင့် သစ်တောများပြုန်းတီးမှုများမှ ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အမှိုက်များ၏ သုံးပုံတစ်ပုံမှာ ပစ္စည်းရောင်းပန်းလှအောင် ပြင်ဆင်ထုပ်ပိုးထားသော ပလတ်စတစ်၊ စက္ကူဗူးခွံများကြောင့်ဖြစ်ကြောင်း ပြောမဆုံးခဲ့။

ကြယ်တွေကြွေသောညHikayelerin yaşadığı yer. Şimdi keşfedin