သူတို့နှစ်ယောက် တစ်အိမ်တည်းမှာပင် အတူတူနေနေကြပြီပဲဟု လှည့်တွေးတော့လည်း အလုပ်ကြောင့် နေ့ညအချိန်မရွေး အိမ်မှာ သူမရှိခဲ့တာနှင့် သတိုးအား ကျောင်းလိုက်ပို့တာ၊ အဆိုကိစ္စများတွင် အဖော်လိုက်ပေးတာလောက်တောင် မလုပ်ပေးနိုင်သော မိမိအပြစ်များကိုတွေးမိလာသည်။

သူ့လို လူမျိုးတစ်ယောက်နှင့် တစ်သက်တာလုံးအတွက် လက်တွဲဖို့  သတိုး လက်ခံနိုင်ပါ့မလား...

နေရှင်းခဘ၀မှာ မိမိကိုယ်ကို ယုံကြည်မှုဆိုသည်ကို ဒီနေ့မှ အစအနပင် ရှာမတွေ့နိုင်အောင် ဖြစ်နေသည်။ တောင်တန်းပြာများကို ငေးကြည့်ရင်း ဗရမ်းဗတာ လှုပ်ရှားခုန်ပေါက်နေသော နှလုံးသားကို ငြိမ်သက်အောင် ကြိုးစားနေမိသည်။

"ရှင်းခ..."

သတိုး၏ ခေါ်သံကြောင့် အိပ်မက်မှလန့်နိုးသူတစ်ယောက်လို နေရှင်းခ လှည့်ကြည့်ဖြစ်သည်။ ဘေးတစ်ဖက်တစ်ချက်တွင် ငွေရောင်အစင်းကြောင်းပါသော မီးခိုးရောင် အားကစားဘောင်းဘီရှည်ထက်မှ အဖြူရောင်ဆွယ်တာကို ၀တ်ထားသော သတိုးသည် သိုးဖြူငယ်တစ်ကောင်နှင့် တူနေသည်။

ခေါင်းစွပ်ကို နောက်လှန်ချထားကာ ခေါင်းစွပ်ချည်သော အဖြူရောင် ကြိုးတန်းနှစ်ခုက လည်ပင်းတစ်ဖက်တစ်ချက်မှာ ကျနေသည်။ ရင်ဘတ်တွင် အနီရောင်ကြယ်ပွင့်ပုံဖော်ထားသော ဆွယ်တာကြောင့် နဂိုလူငယ်ရုပ်ထက် ပို၍နုနယ်နေသော ကောင်လေးထံမှ သူ့အကြည့်ကို နေရှင်းခ မလွှဲနိုင်။

"မင်း တောင်အောက်ရောက်နေပြီ ထင်နေတာ...."

"မင်းကိုစောင့်နေတာ သတိုး...ပြောစရာရှိလို့.."

"အေးပေါ့လေ.. ငါတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိပ်မှ မတွေ့ဖြစ်ကြတာ.."

သတိုးနောက်ပေမယ့် နေရှင်းခ မရယ်မိ။ တဒိန်းဒိန်းခုန်နေသော နှလုံးခုန်သံကို အနည်ထိုင်သွားအောင် သူ မတတ်နိုင်။

သူ့ရှေ့မှ အနီရောင်ဆေးသုတ်ထားသော သံဘောင်လက်ရန်းဆုပ်ကိုင်ရင်း သတိုး တောင်တန်းများကို လှမ်းကြည့်နေသည်။ သတိုး၏ ဖြောင့်စင်းသောအနက်ရောင်ဆံပင်များက လေပြေကြောင့် ခပ်နိမ့်နိမ့်လွင့်နေသည်။ မျက်ခုံးမှ piercing ငယ်သည် နေရောင်အောက်မှာ လက်ခနဲ တောက်ပသွားသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now