ဒီတော့လည်း အပြစ်ဒဏ်မှလွတ်ရန် အိမ်တစ်လုံး၊ ကားတစ်စင်းမှစ၍ ပိုက်ဆံအထပ်လိုက်ပုံပေးချင်သူများ မရှားလှ။ ဒါပေမယ့် ဦးမင်းနိုင်၏ သိက္ခာနှင့်ကိုယ်ကျင့်တရားသည် လာဘ်ပေးလာဘ်ယူကို လုံးလုံးပင် လက်မခံသလို မိမိအလုပ်ပေါ်တွင် အသက်နှင့်လဲ၍ သစ္စာရှိလှသည်။

မိုးခါးရေသောက်သည်သာများသော ၀န်ထမ်းလောကတွင် ဦးမင်းနိုင်ကို လူအများကရှေ့တွင်ချီးကျူးသော်လည်း နောက်ကွယ်တွင် ရွံကြောက်ကြီးဖြစ်နေသည်ကို ဒေါ်မေချိုကောင်းကောင်းသိသည်။

မန္တလေးသို့ ရာထူးတိုး၊ အလုပ်ပြောင်းခန့်ခံရခြင်း နောက်ကွယ်တွင်လည်း ရန်ကုန်ရုံးတွင် ဦးမင်းနိုင်အရိုးစူးနေသူများကြောင့်ဖြစ်ကြောင်း သူမ တစ်စွန်းတစ်စကြားထားပြီးဖြစ်သည်။

"မန္တလေးမှာအဆင်မပြေဘူးလား ဟေမာရယ်..ဘာတွေဖြစ်လို့လဲ..."

"မမသတင်းစာတွေမှာ ဖတ်လိုက်ရလားမသိဘူး... မန္တလေးမှာ တရုတ်တန်းက ကလေးမလေး မီးရှို့သတ်ခံရတဲ့အမှုလေ..."

"ကြားတယ်ဟေမာ..  ရိုးရိုးမတော်တဆမီးလောင်ပြီး လူသေတယ်ထင်ပြီးမှ လူသတ်တာပြန်ပေါ်လာတဲ့အမှုမဟုတ်လား..."

"အဲဒါ မမမောင်ကြောင့်လေ... လူရိုးကြီး မမမောင်ကြောင့်ပေါ့... တကယ်ဆိုအမှုကပိတ်တော့မှာ.. အားလုံးကလည်း မတော်တဆမီးလောင်တဲ့အထဲမှာ ကလေးမလေးပါပြီးသေသွားတယ်ဆိုပြီး စစ်တမ်းထွက်ပြီးသား.. အဲဒီအမှုတစ်ခုလုံးမှာ မလောင်ဘဲ ကျန်ခဲ့တဲ့ကောင်မလေးရဲ့ အရေပြားတစ်ချို့ကလွဲရင် ဘာဆိုဘာမှစစ်စရာမရှိတာ.. အထက်လူကြီးတွေက မမမောင်ကို အမှုကိုအမြန်ဆုံးပိတ်ဖို့ တွန်းနေတာ.. အဲဒါကို မမမောင် မောင်လူရိုးက ရအောင်ပြန်ဖွင့်တယ်လေ.."

ပြောရင်းမှ ထွက်လာသော ဒေါသများကြောင့် ဒေါ်ဟေမာ့အသံများ တုန်ချင်လာသည်။

တကယ်ဆို လူဖြစ်လာမှတော့ အခါအခွင့်ကို သိဖို့လိုသည်။ ထိုအမှုသည် စဖြစ်လာကတည်းက အားလုံးလိုလို လက်ရှောင်ချင်ကြသည့် အမှုတစ်ခုဖြစ်ကြောင်း မှုခင်းရုံးတစ်ခုလုံးတွင် ကလေးကအစ နားလည်သည်။ အထက်လူကြီးတွေရော လက်အောက်ငယ်သားတွေပါ အတန်တန်တားနေသည့်ကြားမှ ဦးမင်းနိုင်သည် ငါ့မြင်းငါစိုင်း လုပ်ခဲ့သည့်အမှုဖြစ်သည်။

ကြယ်တွေကြွေသောညWhere stories live. Discover now