ဈေးသို့

778 99 3
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ
အခန်း ၄၇ ဈေးသို့

“သူတို့က ဆောင်းဦးပွဲတော်ညမှာ ကောင်းကင်မီးပုံးလေးတွေချိတ်မယ်လို့ကြားထားတယ်။ ကျွန်မတို့လည်း မီးပုံးလေးလုပ်ကြမလား"
စုရွှေလျန်သည် အချို့သောသူများက ကောင်းကင်မီးပုံးလုပ်ရန်ပစ္စည်းများဖြင့်လျှောက်လာကြသည်ကို တွေ့သောအခါတွင် စိတ်လှုပ်ရှားစွာဖြင့် လင်းစစ်ယောင်အား အကြံပေးလိုက်ပေသည်။
လင်းစစ်ယောင်ကပြုံးကာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမနှစ်သက်လျှင် ဘာမဆိုလုပ်နိုင်ပေသည်။
ထို့နောက်တွင် စုရွှေလျန်ဝယ်ရန်ရေးထားသည့်စာရင်းစာရွက်အတိုင်း လိုက်နာကြကာ တစ်ဆိုင်ပြီးတစ်ဆိုင်ဝယ်နေကြ၏။
“အစ်မရွှေလျန် အစ်မရွှေလျန်...”
စုရွှေလျန်နှင့် လင်းစစ်ယောင်နှစ်ယောက်လုံး လှည့်ကြည့်လိုက်သောအခါတွင် ခပ်လှမ်းလှမ်းမှ ရှီချွေ့ပြေးလာသည်ကို မြင်လိုက်ရသည်။
“ရှီချွေ့?”
မောဟိုက်စွာဖြင့် ကုန်းကာ အသက်ရှုနေသော ရှီချွေ့အား တွေ့သောအခါတွင် စုရွှေလျန်တွေဝေသွားမိသည်။ သူမသည် ပန်းထိုးအခန်းတွင် ပန်းထိုးနေရမည်မဟုတ်လော။
“အစ်မရွှေလျန်...ဟူး...မောလိုက်တာ"
ရှီချွေ့က အသက်ဝဝပြန်ရှုလိုက်ကာ စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်၏။
"အစ်မရွှေလျန် အစ်မတော့သိမှာမဟုတ်ဘူး။ ဒါပေမဲ့ ဖီးနစ်နှစ်ကောင်လေ ပန်းထိုးအိမ်ကအရမ်းကျေနပ်နေတယ်။ ဖောက်သည်ကလည်း အရမ်းသဘောကျနေတာ။ သူက အပိုငွေစပါပေးလိုက်သေးတယ်။ ဒီမှာ ဒါကအစ်မအတွက်ပါ။ အစ်မကြောင့်သာမဟုတ်ဘူးဆိုရင် အဲ့တာကိုဘယ်တော့မှပြီးမှာမဟုတ်ဘူး"
ရှီချွေ့က ပြောပြောဆိုဆိုဖြင့် သူမအိတ်ထဲမှငွေစနှစ်စကို စုရွှေလျန်လက်ထဲသို့ထည့်ပေးလိုက်ပြီး ရိုးသားစွာပြောလိုက်ပေ၏။
“တုံးလိုက်တဲ့ကောင်မလေး။ အစ်မကကူညီပေးမယ်လို့ပဲပြောခဲ့တာ။ တစ်ခုခုပေးစရာမလိုပါဘူး။ ဒီငွေကိုမင်းပဲသိမ်းထားပါ"
စုရွှေလျန်ကပြုံးကာခေါင်းရမ်းပြလိုက်ပြီး ငွေအားပြန်ပေးလိုက်သည်။
"ကောင်းပြီ။ လူအများကြီးရှိသေးတာပဲ။ အဲ့တာကြောင့် သိမ်းထားဦး"
“ဒါပေမဲ့….”
ရှီချွေ့ကခေါင်းခါပြကာ ဆက်လက်တိုက်တွန်းနေပေသည်။
"ကောင်းပြီ။ မင်းတိုက်တွန်းနေမယ်ဆိုရင် ငါ့အိမ်ကမင်းကိုကြိုဆိုတော့မှာမဟုတ်ဘူး"
စုရွှေလျန်ကဒေါသထွက်ဟန်ဆောင်ကာ သူမအား ခြိမ်းခြောက်လိုက်သည်။ စိတ်ထဲတွင်မူ စုရွှေလျန်၏ရှီချွေ့အား အထင်ကြီးမှုသည် ပို၍ပင်တိုးမြင့်သွားကာ သူငယ်ချင်းပင်ဖြစ်ချင်မိသည်။ သူမသည် ပေါင်းသင်းဆက်ဆံရေးညံ့သော်လည်း တုံးအသည်ဟုဆိုလိုခြင်းမဟုတ်ပါ။ ယခုတွင် သူမသည် စုအိမ်၏မြင့်မြတ်သောမမလေးမဟုတ်သောကြောင့် အမှန်ပင် သူမအသက်အရွယ်မျှရှိသောမိန်းကလေးသူငယ်ချင်းလိုချင်မိ၏။
“အစ်မရွှေလျန်...”
ဘေးတွင်လူများစုနေသည်ကို သတိထားမိပြီးနောက်တွင် ရှီချွေ့က ရှက်ရွှံ့စွာဖြင့် ငွေစအားပြန်သိမ်းလိုက်ရသည်။
"ကျေးဇူးတင်ပါတယ် အစ်မစုရွှေလျန်"
သူမကရိုးသားစွာပြောလိုက်၏။ ပထမဆုံးသုံးရက်တွင် သူမအားကူညီခဲ့သည်ကို ကျေးဇူးတင်နေရှာသည်။ ဘာမျှပင်မမေးဘဲ ကူညီပေးခဲ့ပြီး ငွေပင်မယူပေ။ ထိုသို့သောအရာများသည် သူမဘာသာပင် လုပ်နိုင်မည်မဟုတ်ပေ။ ရှီချွေ့က လက်သီးအားကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ သူမသည် စုရွှေလျန်ဆီမှသင်ယူရန် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် အနာဂတ်တွင်သူမအတွက် ထိုသို့အရာမျိုးအား ပို၍အာရုံစိုက်ရပေမည်။
"ငါတို့ကသူငယ်ချင်းတွေမဟုတ်ဘူးလား"
စုရွှေလျန်ကပြုံးကာပြောလိုက်၏။
"ကောင်းပြီ။ အနည်းဆုံးတော့ ငါတို့လို့ထင်တာပဲ"
"အမ်"
ရှီချွေ့သည် ထိုစကားကိုကြားသောအခါ ပျော်ရွှင်သွားရသည်။ သူမက လျင်မြန်စွာခေါင်းညိတ်ပြလိုက်ပြီး သူမအားသူငယ်ချင်းအဖြစ် မှတ်ယူသည့်အတွက် ဂုဏ်ယူနေသည့်ပုံပေါ်၏။
"ဟုတ်သားပဲ။ ကျွန်မတို့ ဈေးဝယ်ထွက်နေကြတာလေ။ ဘာလိုသေးလဲ"
စုရွှေလျန်က သူမတာဝန်တစ်ခုလုပ်နေသည်ကို ရုတ်တရက်အမှတ်ရသွား၏။
"ကျွန်မကအမေနဲ့လာတာပါ။ သူက အခုအသားဆိုင်မှာ။ သူ့ဆီပြန်သွားလိုက်ဦးမယ်"
စုရွှေလျန်၏မေးခွန်းအား သူမကြားသောအခါတွင် သူမအမေသည် သားတန်းတွင် သူမအားရပ်စောင့်နေသည်ကို အမှတ်ရသွား၏။ သူမတွင်လည်း စုရွှေလျန်နှင့်စကားပြောရန် အချိန်မရှိသည့်အတွက် နှုတ်ဆက်ကာ အသားဆိုင်ဆီသို့ပြေးတော့၏။
"ရှီချွေ့က တကယ်မိန်းမကောင်းလေးပဲ"
စုရွှေလျန်ပြုံးကာ သူမထွက်သွားသောအရပ်ဆီသို့ကြည့်လိုက်ပြီး မိမိဘာသာပြောလိုက်မိသည်။ ဘေးတွင်ရပ်နေသောယောင်္ကျားကဲ့သို့ သူမအားဂရုစိုက်ပေးမည့်ခင်ပွန်းကောင်းတစ်ယောက်ရှာတွေ့မည်ဟု စုရွှေလျန်မျှော်လင့်နေမိသည်။ သူမက လင်းစစ်ယောင်အား တိတ်တဆိတ်ကြည့်လိုက်လေသည်။ သူသည် ဖြောင့်မတ်ကာ စူးရှသောမျက်ဝန်းများဖြင့် ချောမော၏။ ဖြတ်သွားသောမိန်းကလေးများစွာ၏အကြည့်အား ဖမ်းစားနိုင်ကာ သူသည်သတိထားမိသည့်ပုံမပေါ်ပါ။
ထိုအတွေးဖြင့် စုရွှေလျန်နှုတ်ခမ်းလေးကွေးသွားပြီး ပြောလိုက်၏။
"အားယောင်...သွားကြရအောင်"
"အင်း"
လင်းစစ်ယောင်က ပြုံးကာပြန်ပြောလိုက်သည်။ လေလွင့်နေသောသူမ၏ဆံစလေးများကိုနားနောက်သို့ သပ်ပေးလိုက်ကာ သူမဘေးသို့တိုးလာသည်။
၎င်းတို့သည် အထည်ဆိုင်သို့သွားကာ ဆောင်းရာသီဝတ်များလုပ်ရန်အတွက် ချည်ထည်အထူများကိုဝယ်ယူသည်။
တစ်ခုသည်အနက်ရောင်ဖြစ်ကာ သူ့အတွက်ရွေးချယ်ပေးထားခြင်းဖြစ်သည်။ သူမသည် အနက်ရောင်ဝတ်သည်ကို မကြိုက်သော်လည်း ဆောင်းရာသီတွင် အနက်ရောင်အဝတ်များသည် ညစ်ပေမှုအား ဖုံးကွယ်ထားနိုင်ပေသည်။ ထို့အပြင် အနက်ရောင်သည် သူနှင့်သင့်တော်လိုက်ဖက်သည်ကို ဝန်ခံရပေမည်။ ထိုအရောင်သည် သူဝတ်ဆင်ရပေမည်ဟုဆိုလိုနေသည်မဟုတ်လော။
အခြားတစ်လိပ်သည် ချယ်ရီနီရောင်ဖြစ်ကာ သူမအတွက် လင်းစစ်ယောင်ရွေးချယ်ပေးထားခြင်းဖြစ်သည်။ ချယ်ရီသီးအမှည့်ကဲ့သို့ ရဲရဲနီကာ သူမတို့အိမ်မှချယ်ရီပင်မှအသီးများမှည့်လာသည်ကို အမှတ်ရသွားသောကြောင့်ဖြစ်သည်။ သူ၏အောင်မြင်မှုနှင့် အောင်မြင်စွာလက်ထပ်နိုင်ခြင်းအားလည်း အမှတ်ရသွားပေည်။ လင်းစစ်ယောင်၏နှုတ်ခမ်းထောင့်စွန်းသည် အနည်းငယ်မျှကွေးသွား၏။
ထို့နောက် ၎င်းတို့သည် ကုန်မျိုးစုံရောင်းသည့်ဆိုင်သို့သွားကာ ကုန်ခါနီးသည့်အပ်ချည်အချို့နှင့် သားမွေးများချုပ်ရာတွင်သုံးရန်အပ်အတုတ်များကို ဝယ်ယူသည်။ သူသန့်ရှင်းကာအခြောက်ခံထားသောသားမွေးများသည် ဒူးကာများ၊ ကိုယ်ကျပ်အင်္ကျီများနှင့်အချို့သောအရာများလုံးဖြစ်သည်ဟု ပြောထားပေသည်။ သူမက ပျော်ရွှင်စွာလက်ခံလိုက်ကာ သူ့အတွက်လည်း တစ်စုံလုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုအရာများဖြင့် သူမသည် ခေတ္တမျှအလုပ်များပေလိမ့်မည်။ သူမတွင်ရှိသောအပိုင်းအစနှင့်ဆိုလျှင် ရက်အတော်ကြာထိကိုင်တွယ်ရပေမည်။ အိမ်တွင်ငွေဆယ်စအားစဉ်းစားကြည့်လျှင် ဆောင်းရာသီနှင့်နှစ်ကုန်အတွက် ထိုမျှသုံးသင့်သည်ဟု သူမတွက်ချက်ထားသည်။
နွေဦးရောက်လာသည်နှင့် အိမ်နှင့်အတူဝယ်ထားသောမြေနှစ်ကွက်ပေါ်တွင် ကြိုးကြိုးစားစားအလုပ်လုပ်ရန် လိုလာပေမည်။ ထိုနည်းလမ်းဖြင့် နောင်နှစ်များတွင် အဝတ်များလုပ်ရန်ချည်အလုံအလောက်ရှိပေလိမ့်မည်။ အမှန်တွင် ကောင်းကင်ဘုံကိုလည်း ထည့်စဉ်းစားရပေမည်။ မိုးခေါင်ခြင်းနှင့် ရေကြီးခြင်းကဲ့သို့သော သဘာဝကပ်ဘေးများဖြစ်ပေါ်လာလျှင် လုပ်ထားသမျှအလုပ်အားလုံးသည် အလဟသာဖြစ်ကုန်လိမ့်မည်။
ထို့နောက်တွင် စောစီးစွာပြီးသောအလျင်ကြောင့် လင်းစစ်ယောင်သည် ဆောင်းဦးပွဲတော်အား မည်သည့်အခါမျှမဆင်နွှဲဖူးပေ။ မည်သည့်အခါမျှလည်းလမုန့်မလုပ်ဖူးပေ။ စုရွှေလျန်အား သူမအား မုန့်ဆိုင်ထဲသို့ ဆွဲခေါ်လာသည်။
သူမသည် လမုန့်အစာသွပ်အချို့အားဝယ်ချင်သော်လည်း အစာသွပ်မပါသည့်လမုန့်များသာရှိသည်။ ၎င်းတို့က မိန်းကလေးတိုင်းသည် အစာသွပ်မည်သို့လုပ်ရမည်ကိုသိကြောင်းပြောလိုက်ကြသည်။ အိမ်တွင် မု့န်ဖုတ်ဖိုမရှိလျှင် လုပ်နိုင်စရာအကြောင်းမရှိပေ။
စုရွှေလျန်က မု့န်ဆိုင်မှအလုပ်သမားများ အကျိုးသင့်အကြောင်းသင့်ပြောသည်ကို နားထောင်နေသည်။ လမုန့်လုပ်ရမည်ကို မသိကြပါလျှင် လမု့န်ဖုတ်သည့်ဖိုမည်သို့လုပ်မည်နည်း။ အဒေါ်လောင်နှင့်အခြားသူများမည်သို့လုပ်သနည်း။ ၎င်းတို့ဘာသာလုပ်သည်လော။ သို့မဟုတ်လျှင် ဝယ်ခဲ့ပါသည်လော။
လမုန့်အမျိုးအစားသုံးမျိုးရှိ၏။ ပဲအနှစ်၊ သကြားအနှစ်နှင့် အခွံမာသီးအရောပင်ဖြစ်သည်။ သူမသည် တစ်မျိုးအား သုံးခုစီဝယ်ခဲ့သည်။ ကွေ့ဟွာမုန့်တစ်ကျင်နှင့် သစ်သီးသကြားလုံးတစ်ကျင်လည်းဝယ်ခဲ့၏။ ငွေစနှစ်စသုံးခဲ့ရသည်။ ထိုသို့ဖြင့် မု့န်များမည်သို့လုပ်ရမည်ကိုသင်ယူရန် ပို၍စိတ်အားထက်သန်လာပေသည်။
(斤,ကျင် - တစ်ကတ်တီ - 0.5ကီလိုဂရမ်၊ ကတ်တီကတရုတ်အလေးချိန်အတိုင်းအတာ)
ထို့နောက်တွင် အစေ့အဆန်ဆိုင်သိုသွားကာ ဆန်(၅၀)ရှန်*နှင့် ဂျုံ(၅၀)ရှန်*အားဝယ်ယူခဲ့သည်။ စုရွှေလျန်မမနိုင်ဟုထင်နေသာအိတ်နှစ်အိတ်အား လင်းစစ်ယောင်က လက်တစ်ဖက်တည်းဖြင့် အသာလေးမလိုက်သည်။ လမ်းဆုံးသို့ရောက်သောအခါတွင် သူက သူမကိုဆွဲလိုက်ပြီး အိမ်သို့ပြန်သွားကြသည်။
(升, ရှန်* - အစေ့အဆန်တွေကိုတိုင်းတဲ့အတိုင်းအတာ ဆယ်ပုံတစ်ပုံလိုပေါ့။ မြန်မာလိုဆိုပြည်တောင်းတို့ဘာတို့နဲ့တိုင်းတာသလိုမျိုး။ တစ်ပြည်၊ နှစ်ပြည်လိုမျိုးပေါ့)
"အမ်...အဲ့တာက...."
စုရွှေလျန်နှင့် လင်းစစ်ယောင်သည် လမ်းမများထက်မှထွက်ခွာလာပြီးနောက်တွင် ခရမ်းရောင်ဝတ်စုံဝတ်ထားသောအမျိုးသမီးတစ်ယောက်သည် လမ်းထောင့်မှလျှောက်လာသည်။ သူမသည် ၎င်းတို့နှစ်ယောက်လျှောက်လာသည်ကို ကြည့်နေသည်။
"သွားရအောင် အစ်မဝမ်။ မသွားဘူးဆိုရင် ဖန်အိမ်ရဲ့ ဝုန်းဒိုင်းကြဲတဲ့မိန်းကလေးတွေက ဝမ်သခင်လေးရဲ့နားမှာ ထပ်ပြီးတွယ်ကပ်နေလိမ့်မယ်"
ခပ်လှမ်းလှမ်းမှ တောက်တောက်ပပဝတ်ဆင်ထားသောမိန်းကလေးက လှမ်းပြောလိုက်၏။ ၎င်းတို့အခုမသွားကြပါလျှင် အရှင့်သားနှင့်တွေ့နိုင်မည့်အခွင့်အရေးအား ဆုံးရှုံးရပေမည်။
လုဝမ်အာသည် ငေးကြည့်မိလိုက်သည်။ လုအိမ်၏ သခင်မလေးလုဝမ်အာ၏နှလုံးအားအားခုန်သွားစေသောသူဖြင့် ထပ်၍တွေ့ဆုံပြန်သည်။
ခပ်လှမ်းလှမ်းမှ သူသည် မြို့ထဲမှထွက်ရန်ဟန်ပြင်နေသည့်ပုံပေါ်သည်။ သူသည် လယ်သမားဖြစ်နိုင်သည်လော။ သူနှင့်ပက်သက်သည့်အကြောင်းအား ပတ်ဝန်းကျင်တွင်မေးကြည့်ခဲ့သော်လည်း မည်သည့်အချက်အလက်မှမရခဲ့ပေ။ သို့သော်လည်း ခန့်ညားသောမျက်နှာ၊ တောင့်တင်းသောခန္ဓာကိုယ်သည် ရူးလောက်စရာပင်ဖြစ်ကာ သူသည် သာမန်လယ်သမားဆိုသည်မှာ ယုံရန်ခက်ပေသည်။ သို့သော် တစ်ဖန် သူသည် လယ်သမားတစ်ယောက်ဖြစ်နေသည်ဆိုလျှင်မူ....? သူမ၏အဖေသည်လည်း ဖန်းဟွာဟုခေါ်သောရွာလေးမှလာခြင်းဖြစ်သည်။ သူအား ဖခင်ဖြစ်သူမှ နှစ်သက်နိုင်ပေကာ လက်ထပ်ပေးနိုင်ပေသည်။
သူမစိတ်ဆုံးဖြတ်လိုက်ကာ လုဝမ်အာ၏နှုတ်ခမ်းပါးပါးလေးများ ကွေးတက်သွားပြီး လင်းစစ်ယောင်ဘေးတွင်ရှိသော စုရွှေလျန်အားလျစ်လျူရှုထားလိုက်သည်။ စိတ်ထဲတွင် သူမ၏ပုံပန်းသွင်ပြင်နှင့် ဆွဲဆောင်မှုရှိသည့်ရုပ်ရည်အား မနှစ်သက်သည့်ယောင်္ကျားမရှိဟု စိတ်ကြီးဝင်နေမိသည်။ လုအိမ်၏ကံကြမ္မာကိုပါပေါင်းထည့်လိုက်လျှင် သာမန်လယ်သမားမဆိုထားနှင့် သူမ၏တောင်းဆိုချက်များကိုပယ်ချနိုင်မည့်ယောင်္ကျားမရှိဟု တွေးနေမိသည်။ မဖြစ်နိုင်ပေ။ သူမသည် ယုံကြည်ချက်များကို တစ်ဖန်မြှင့်တင်လိုက်ပြန်၏။
***

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now