ဖီးနစ်မောင်နှံ

801 119 0
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ
အခန်း ၄၀။ ။ ဖီးနစ်မောင်နှံ
ရှီချွေ့သည် နှစ်မီတာကျယ်ဝန်းကာ အလွှာနှစ်လွှာပါသည့် ငွေပိုးနှင့်ရွှေရောင်ဖီးနစ်နှစ်ကောင်ပုံကြမ်အား သယ်ဆောင်လာသည်။ ပန်းထိုးချည်နှင့်အပ်အတွက်မူ ပန်းထိုးအိမ်ကမပေးသောကြောင့် မိမိဘာသာသုံးရသည်။
“အစ်မရွှေလျန်”
ရှီချွေ့က ရှက်ရှက်ဖြင့် ခေါင်းငုံ့ကာ ညင်သာစွာခေါ်လိုက်သည်။
"ရပါတယ်။ သုံးရက်ဆိုလောက်ပါတယ်။ လာ။ ပန်းထိုးခန်းထဲဝင်ကြရအောင်။ အခုချက်ချင်းစသင့်နေပြီ"
စုရွှေလျန်က ရှီချွေ့လက်ကိုဆွဲကာ လက်ဆေးရန်မီးဖိုချောင်ထဲသို့ခေါ်မသွားခင် သူမလက်ထဲမှ ပန်းထိုးခြင်းအားဘေးတွင်ချထားပေးလိုက်သည်။
ရှီချွေ့က စုရွှေလျန်သည် သူမအား အပြစ်မတင်သည်ကိုတွေ့သောအခါတွင် လျင်မြန်စွာပင် ခံစားချက်ကပြောင်းလဲသွားသည်။ လက်ဆေးကာ စကတ်ကိုပြင်လိုက်ပြီးနောက်တွင် သူမသည် စုရွှေလျန်နောက်သို့လိုက်လာခဲ့သည်။
စုရွှေလျန် စန္ဒကူးသစ်မွှေးအား ထွန်းညှိလိုက်ကာ ရှီချွေ့၏ပန်းထိုးခြင်းအား ဖွင့်လိုက်သည်။
“ပန်းထိုးထားတဲ့အပိုင်းအစက ပုံအရဆိုရင် ရွှေရောင်ချည်က ဖီးနစ်ဌက်တွေရဲ့အဓိကအရောင်နဲ့ ငွေရောင်ချည်ကတော့အနားသတ်အဆုံးမှပေါ့။ နောက်ခံကကျ အစိမ်းရင့်ရောင်အကိုင်းအခက်တွေနဲ့ စိမ်းပြာရောင်ရေကန်။ ရွှေရောင်အနားသတ်ပါတဲ့ ငွေရောင်လခြမ်းကွေးလေးရယ်။
စုရွှေလျန်သည် အရောင်ချည်တစ်ခုချင်းစီအားပြောနေစဉ်တွင်ပင် ပိုးချည်ကို ပန်းထိုးဘောင်ပေါ်သို့တင်လိုက်ကာ အလုပ်ကို ရှီချွေ့နဲ့ခွဲဝေနေသည်။
"ရှီချွေ့ ငါကဖီးနစ်ကိုစထိုးမယ်။ မင်းကအကိုင်းအခက်တွေကိုထိုးပါ။ အဲ့လိုဆိုရင် ငါတို့ အစွန်းမထပ်တော့ဘူးပေါ့"
ရှီချွေ့က အားရကျေနပ်သည့်ပုံဖြင့်ခေါင်းညိတ်ပြလိုက်သည်။ သူမသည်အပ်ကိုကောက်ယူကာ စတင်တော့မည်ဖြစ်သည်။
"စိတ်မလောနဲ့။ အချိန်ယူပြီး အမှားမလုပ်မိအောင် ကြိုးကြိုးစားစားလုပ်"
စုရွှေလျန်က ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။ စတင်သောအခါတွင် အမှားဖြစ်သွားခဲ့လျှင် ပြီးရန်ပို၍ကြာပေလိမ့်မည်။ ထိုသို့ဆိုလျှင် လတ်စသတ်သောအခါ ပစ္စည်း၏အသွင်အပြင်အားလုံးကို အကျိုးသက်ရောက်မှုရှိသွားစေမည်။
မပြီးမြောက်သော သို့မဟုတ် မကျေနပ်သောအလုပ်အတွက် အခကြေးငွေမည်မျှရှိသည်ကို သူမမမေးသော်လည်း အဒေါ်လောင်နှင့် ရှီချွေ့တို့၏အကြည့်ရဆိုလျှင် ပမာဏမနည်းဟု ခန့်မှန်းထားမိသည်။
တဟွေ့တိုင်းပြည်သို့လာပြီးနောက်တွင် ထိုသို့သောခပ်ကြီးကြီးအရာမျိုးအား ပန်းထိုးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ယခင်က သူမသည် မင်္ဂလာစောင်၊ ခေါင်းအုံးစွပ်နှင့် မင်္ဂလာပဝါပေါ်တွင်သာ တရုတ်ဘဲပုံများပန်းထိုးခဲ့သည်။ မြင့်မြတ်သောပန်းများဖြစ်သည့် မက်မွန်ပန်း၊ သစ်ခွပန်း၊ ဝါးနှင့် ဂန္ဓာမာပန်းတို့ကို သူမနှင့် လင်းစစ်ယောင်၏အဝတ်အစားများပေါ်တွင် ပန်းထိုးခဲ့သည်။ သူမလုပ်ခဲ့သော အရှုပ်ထွေးဆုံးသောအပ်ပညာမှာ တစ်ခြမ်းအားချုပ်ရိုးနှစ်ခုထိုးခြင်းဖြစ်သည်။ သို့သော် ထိုအရာများသည် သူမဘာသာအတွက်လုပ်ခဲ့သောမှတ်တမ်းဖြစ်ကာ ဖိအားမဖြစ်ခဲ့ပေ။
သို့သော်လည်း ယခုအခေါက်သည်မူ မတူပေ။ ဖီးနစ်ပန်းထိုးတစ်စုံသည် နှစ်ခြမ်းအားထိုးရပေမည်။ တစ်ခြမ်းတည်းအားပန်းထိုးခြင်းနှင့်နှိုင်းစာလျှင် အတော်လေးခက်ပေသည်။ ပုံကြမ်းအရ သစ်ပင်အကိုင်းအခက်များဘေး လခြမ်းအောက်တွင်ပျံသန်းနေသော ဖီးနစ်နှစ်ကောင်သည် ကျစ်လျစ်ရမည်ဖြစ်ကာ တောင်ပံများကအသက်ဝင်ရမည်ဖြစ်၏။
သူမသည် အတွေးတွင်မျောနေသောကြောင့် စုရွှေလျန်လက်ထဲမှာအပ်သည် လှုပ်ရှားမှုကင်းမဲ့နေသည်။ စုရွှေလျန်က ရှီချွေ့တစ်ယောက် စတင်ကာအကိုင်းအခက်များထိုးနေသည်ကိုတွေ့သောအခါတွင် ပြုံးလိုက်မိပြီး အကြံပေးလိုက်၏။
"ရှီချွေ့ မင်းအပ်တိုအပ်ရှည် ဒါမှမဟုတ် ရိုးတံဖြည့်အပ်ကိုသုံးမယ်ဆိုရင် အရောင်ကပိုပြီးလက်တွေ့ဆန်သွားလိမ့်မယ်"
စာရွက်ပေါ်ရှိ ပန်းထိုးပုံကြမ်းတွင် လွန်စွာမှ အသက်ဝင်အောင်ရေးဆွဲထားသည်။ အပြီးသတ်လိုက်သောပန်းထိုးပုံသည် နှစ်လိုဖွယ်မရှိလျှင် သို့မဟုတ် ပုံထဲကကဲ့သို့ အသက်မဝင်လျှင် ၎င်းတို့၏လုပ်အားခများအား နှုတ်ယူပေလိမ့်မည်။
ရှီချွေ့ကြားသောအခါတွင် သူမသည် ရှက်ရှက်ဖြင့်ကြည့်လိုက်ကာ ပြောလိုက်၏။
"စုရွှေလျန်အစ်မ ကျွန်မတို့ အချိန်မလောက်မှာကြောက်မိတယ်"
"အစ်မတို့အချိန်လောက်ပါတယ်။ အလုပ်ကိုခွဲလုပ်ကြမယ်။ အဲ့တာဆို အချိန်မှီပြီးနိုင်တယ်"
စုရွှေလျန်က ရှီချွေ့အားခေါင်းညိတ်ပြလိုက်သည်။
"အချိန်မီမပြီးဘူးဆိုရင် မင်းရဲ့ဆုံးရှုံးမှုအတွက် အလျော်ပြန်ပေးပါ့မယ်။ ဒါပေမဲ့ ကတိပေးပြီးသားဖြစ်လို့ အကောင်းဆုံးကြိုးစားအားထုတ်ကြည့်ကြတာပေါ့"
စုရွှေလျန်သည် ရှင်းမပြနိုင်သောလေးစားသမှုနှင့် စူးစိုက်နစ်မြုပ်ထားခြင်းအား ခံစားလိုက်ရသည်။ နိုင်နိုင်နင်းနင်းလုပ်ကိုင်နိုင်ခြင်းကိုပြရလျှင် ပန်းထိုးခြင်းကိုသာပြရပေမည်။ ထို့ကြောင့်ပင်လျှင် စုရွှေလျန်သည် ခေါင်းမာကာတင်းခံတတ်သူဟု အမြဲတမ်းဗြောင်ကျကျခေါ်ခံနေရခြင်းဖြစ်သည်။
သူမသည် အမှန်ပင်အလျှော့မပေးတတ်ပေ။ နှစ်သက်စရာကောင်းစွာရေးချယ်ထားသောလက်ရေးပန်းချီအား ကြီးမားကာဈေးကြီးသောပိုးချည်အဖြစ်ပြောင်းလဲရန်မှာ သူမအတွက် ရှုပ်ထွေးကာလက်တွေ့ဆန်သောချုပ်ရိုးများအစား ရိုးရှင်းကာလွယ်ကူသောနည်းစနစ်ဖြင့် ပန်းထိုးရမည်ဆိုလျှင် စုရွှေလျန်ဆိုသောသူမသည် ထိုသို့သောကိစ္စမျိုးကို လုပ်မည်မဟုတ်ပေ။ ထို့ကြောင့်ပင်လျှင် စုအိမ်၏ "ခေါင်းဆောင်ကိုယ်စားလှယ်"ဟုသောဘွဲ့နှင့် ပထမတန်းစား အမျိုးသမီးပန်းထိုးသူဟုသောဘွဲ့အား ငါးနှစ်ဆက်တိုက်ရထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် စုရွှေယန်သည် မအောင်မြင်နိုင်ခဲ့ခြင်းဖြစ်၏။ သို့သော် ယခုတွင် စုရွှေယန်သည် သူမကိုယ်စား စုပန်းထိုးပြိုင်ပွဲတွင် ကြီးမှူးကျင်းပနေသင့်ပြီဖြစ်သည်။
စုရွှေလျန်ခေါင်းရမ်းလိုက်ကာ ပိုးသားပေါ်တွင်ပန်းထိုးခြင်းကိုသာ အာရုံပြန်စိုက်ထားလိုက်သည်။
ရှီချွေ့သည် စုရွှေလျန်၏စကားကိုနားထောင်ပြီးနောက်တွင် စိတ်အေးသွားသည်။ သူမ၏ယခင်ချုပ်ရိုးကိုပြန်ထုတ်လိုက်ကာ ပို၍ရှုပ်ထွေးကာ ပို၍အချက်အလက်ကျနိုင်သောချုပ်ရိုးများဖြင့် ထိုးလိုက်သည်။ ချုပ်ရိုးအနည်းငယ်မျှပြီးသည့်နောက်တွင် ချုပ်ရိုးတွင် ဗြက်အကျယ်အား တစ်ချက်ကြည့်ချင်ခဲ့သည်။ သို့သော်လည်း သူမမော့ကြည့်လိုက်သောအခါတွင် စုရွှေလျန်၏အာရုံစူးစိုက်နေသောအကြည့်ဖြင့် ဖမ်းစားခံလိုက်ရသည်။
ငြိမ်သက်အေးချမ်းသောအမူအရာဖြင့် အပြင်အဆင်မလွန်ကဲဘဲလှပနေသောမျက်နှာတွင် လက်ထဲတွင်ကိုင်ထားသောအပ်အား စိတ်မရှည်ခြင်းအရိပ်အယောင်မျှပင်မရှိဘဲ သွက်လက်စွာလှုပ်ရှားနေသည်။ လိပ်တင်ထားသောလိုက်ကာကြားမှနေရောင်ခြည်အောက်တွင် ထိုမြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ်ပင်ဖြစ်သည်။ ယောင်္ကျားများမဆိုထားနှင့်။ လက်မထပ်ရသေးသော သူမကဲ့သို့သူမျိုးသည်ပင် ထိုမြင်ကွင်းအား အံ့ဩမှင်သက်နေမိသည်။ သူမ၏အမေ၊ အဒေါ်ထျန်းနှင့် အခြားသောအဒေါ်ကြီးများသည် အဘယ့်ကြောင့် အဆုံးအစမဲ့ ချီးကျူးနေသည်မှာအံ့အားစရာမရှိပေ။ ထိုသို့သောမိန်းကလေးမျိုးအား လက်ထပ်ကာအိမ်ထဲတွင်အလိုလိုက်ထားရန် မည်သူကမလုပ်ချင်၍နေမည်နည်း။
ရှီချွေ့၏စိတ်သည် ချီးကျူးဂုဏ်ယူမှုဖြင့် ပြည့်နှက်သွားသည်။ သတိမထားမိစွာဖြင့်ပင် သူမ၏နောက်ကျောကာဖြောင့်တန်းသွားကာ စုရွှေလျန်၏ထိုင်ပုံထိုင်နည်းအား အတုခိုးရန်ကြိုးစားလိုက်သည်။ စိတ်ထဲတွင် သူမလက်မထပ်ခင်အထိ စုရွှေလျန်နှင့်ပို၍ အချိန်များများကုန်ဆုံးမည်ဟု ဆုံးဖြတ်လိုက်ပေသည်။ သူမ၏အထင်ကြီးစရာကောင်းသောပန်းထိုးပညာ သို့မဟုတ် နေပုံနေနည်းအား သင်လျှင်အကျိုးရှိမည်ဟုထင်မိသည်။ သူမ၏အနာဂတ်ခင်ပွန်းလောင်းသည် လင်းစစ်ယောင်ကဲ့သို့ပြုမူလိမ့်မည်မှာသေချာပေသည်။
အဒေါ်လောင်က စားစရာခြင်းတစ်ခြင်းကိုသယ်ကာ ဝင်ရောက်လာသည်။ သူမက ပန်းပင်များရေလောင်းနေသော လင်းစစ်ယောင်အားတွေ့လိုက်သောအခါတွင် ပြုံးကာမေးလိုက်သည်။
“အားယောင် သူတို့အတွက် အစားအသောက်တွေလာပို့ပေးတာ"
လင်းစစ်ယောင် သစ်သားရေပုံးကိုချထားလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ပြန်ယူသွားပါဦး။ သူတို့က နေ့လည်စာကို မန့်ထုံတောင်စားပြီးသွားကြပြီ"
ပန်းထိုးခန်းထဲသို့မဝင်ခင် စုရွှေလျန်တောင်းဆိုချက်အတိုင်း လင်းစစ်ယောင်ကတင်ပြလိုက်လေသည်။
"အမ်...ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ ထမင်းနဲ့ဟင်းသီးဟင်းရွက်တွေစားတာ ပိုကောင်းတာပေါ့။ ကြည့်။ ငါတို့ ချွေ့အာရဲ့အဖေက မြို့ကနေအသားတွေဝယ်လာပြီး ဝက်သားပေါင်းလုပ်ထားတယ်"
အဒေါ်လောင်က လက်ထဲကခြင်းကိုမကာ ပြောလိုက်သည်။ အသားဟုသောစကားကြား၍ သွားရေကျကာ သူမခြေထောက်နားတွင်ပတ်ချာလည်နေကြသောဝံပုလွေပေါက်များကို သူမအာရုံမထားမိပေ။
"ဒါက စုရွှေလျန်ရဲ့အကြံလေ။ သူက စားသောက်ရင်း အချိန်ဖြုန်းမိသွားမှာကိုကြောက်နေတာ"
လင်းစစ်ယောင်၏မျက်နှာက မတူညီမှုကိုပြသလိုက်သော်လည်း စိတ်ထဲတွင်မူ စိတ်မရှည်တော့ချေ။ ၎င်းတို့သည် လက်ထပ်ခါစပင်ရှိသေးကာ အစောပိုင်းနေ့ရက်များအား ထိုအဒေါ်ကြီးများမှ ဖျက်ဆီးလိုက်သည်။ အဒေါ်လောင်သည် အကြိမ်များစွာကူညီပေးခဲ့သော်လည်း ကျေးဇူးတင်သည့်အနေဖြင့် ငွေစအချို့ပေးခဲ့သည်။ သို့သော်လည်း လက်ရှိလင်းစစ်ယောင်မှာ သနားစရာကောင်းကာဆင်းရဲမွဲတေနေရှာသည်။ သုံးစွဲသောငွေအားလုံးကို စုရွှေလျန်စုထားသည်မှ ပေးခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏မကျေမနပ်မှုကို မြိုသိပ်ကာနေရပေသည်။
"အ...အချိန်ဖြုန်းတယ်တဲ့လား။ အဲ့လိုဆို သူတို့နေ့လည်စာစားဖို့ အစီအစဉ်မရှိကြတော့ဘူးလား"
အဒေါ်လောင်သည် လင်းစစ်ယောင်၏စကားများကို သဘောပေါက်သွားသောအခါတွင် အသံခပ်နိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
လင်းစစ်ယောင်က ခေါင်းညိတ်ပြလိုက်ကာ မီးဖိုချောင်ထဲသို လျှောက်သွား၏။ သူသည် မန့်ထုံများပြင်ဆင်ကာ ယူဆောင်လာခဲ့သည်။
"အဲ့လိုဆိုရင် အားယောင် ငါအစားအသောက်တွေကို ဒီမှာထားခဲ့တော့မယ်။ သူတို့ထွက်လာတဲ့အခါကျရင်စားခိုင်းလိုက်။ အဆာမခံစေနဲ့။ ကြားလား"
သူမက ပြောပြောဆိုဆိုဖြင့် လင်းစစ်ယောင်လက်ထဲသို့ ခြင်းထည့်ပေးလိုက်သည်။ သို့သော်လည်း သူ့တွင် ထိုခြင်းအားယူရန် ရည်ရွယ်ချက်မရှိသည်ကို တွေ့လိုက်သောအခါတွင် လက်ထဲထည့်ကာ ပြောလိုက်သည်။
"အဲ့လိုဆို အခုငါပြန်တော့မယ်။ နောက်ကျမှထပ်လာခဲ့မယ်"
သူမက လှည့်ထွက်သွားကာ ခြံဝန်းထဲမှထွက်ခွာသွား၏။
အဒေါ်လောင်တစ်ယောက် အပြစ်ရှိသည်ဟု ခံစားမိသည်။ စဉ်းစားကြည့်လျှင် သူမ၏မဆင်မခြင်ပြုမူခြင်းကြောင့်ဖြစ်သည်။ လင်းစစ်ယောင်၏အေးစက်နေသောအငွေ့အသက်မှတစ်ဆင့် သူသည် သူမအား အပြစ်တင်နေသည်ကို ခံစားမိပေသည်။ သို့သော်လည်း ကွေနင်နေ့သည် ရောက်လာတော့မည်ဖြစ်ကာ သမီးဖြစ်သူ၏ကိစ္စထဲသို့ ၎င်းတို့အားဆွဲထည့်မိခဲ့သည်။ မည်သည်မျှ စိတ်အခြေအနေကောင်းလိမ့်မည်မဟုတ်ပေ။
(归宁, ကွေနင်နေ့ - လက်ထပ်ပြီးသားမိန်းကလေးတွေက မိဘအိမ်သွားလည်တာ။ ပုံမှန်ဆိုရင် လက်ထပ်ပြီး ဒုတိယ တတိယမြောက်နေ့လောက်ကိုခေါ်တာ)
သူမသည် အမှန်ပင် ဉာဏ်မရှိပေ။ အဒေါ်လောင်သည် မိမိနဖူးကိုပြန်ရိုက်လိုက်ကာ ဗလုံးဗထွေးရေရွတ်ရင်းဖြင့်သာ အိမ်သို့ခပ်သွက်သွက်ပြန်လာခဲ့လေသည်။
***

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)जहाँ कहानियाँ रहती हैं। अभी खोजें