အခန်း 248- အဆင့်တစ်ဝက်အင်ပါယာ
နင်းမန်မန်းမှာ မည်သည့်အဆင့်တွင် ရောက်နေသနည်း။ သူတော်စင်တစ်ပိုင်းအဆင့်၏အထွတ်အထိပ်လား သို့မဟုတ် ချိုးဖြတ်ခြင်းအဆင့်လား။
လုယန်ချီသည် အတွေးထဲတွင် နစ်နေမိသည် ။
ပတ်ဝန်းကျင်ရှိ ကြည့်နေသူများလည်း အံ့ဩသွားကြသည်။
ကန္တာရဓားဂိုဏ်းမှ လီဖန်းတစ်ယောက် လေထဲတွင် ပျံသန်းသွားခဲ့သည်လား။
ထို့အပြင် ၎င်းမှာ လီဖန်း၏ဆရာ ရှီရှန်း အရှေ့တွင် ဖြစ်သည်။ ရှီရှန်းသည် သူ၏တပည့်များကို အလွန်အမင်းကာကွယ်ပေးတတ်ခြင်းဖြင့် ကန္တာရဓားဂိုဏ်းတစ်ခုလုံးတွင် ကျော်ကြားခဲ့သည်။
ယခု သူ့တပည့်သည် လူရှေ့သူရှေ့တွင်ပင် အရှက်ခွဲခံရသည်မှာ သူ့ကိစ္စပင် မကတော့ပေ။ ကန္တာရဓားဂိုဏ်းတစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့်ပါ ပက်သတ်နေတော့သည်။
ပို၍အရေးကြီးသည်မှာ ရှီရှန်း၏ ကျင့်ကြံမှုသည် အင်ပါယာတစ်ပိုင်းနယ်ပယ်၏ အထွတ်အထိပ်တွင်ဖြစ်သည်။ သူသည် ယခုအချိန်တွင် ကောင်းကင်နှင့် မြေကြီး၏ ဖြစ်စဉ်များကို နားလည်အောင် သုံးသပ်နေသဖြင့် ထိုကိစ္စကို မသိသေးပေ။ ခဏအကြာ သူ့တပည့်အဖြစ်ကိုမြင်လျှင် ဒေါသပုန်ထကာ သွေးမုန်တိုင်း ထန်ပေတော့မည်။
ရှီရှန်းရှေ့မှောက်တွင် မည်သူက သူ့တပည့်ကို တိုက်ခိုက်ရဲခဲ့သနည်း။
အားလုံးမှာ လုယန်ချီ ဘေးနားက အမျိုးသမီးငယ်ကို လှည့်ကြည့်လိုက်ကြသည်။ နင်းမန်မန်း၏ အမူအရာမှာ တည်ငြိမ်လွန်းနေပြီး သူမ၏မျက်နှာသည် ခံစားချက် လုံးဝမရှိပေ။
“သောက်ကျိုးနည်း... အဲဒါ ဘယ်သူလဲ... သူမ တိုက်ခိုက်တာ မြန်လိုက်တာ...!”
“ငါတော့မသိဘူး... လုယန်ချီ အနားမှာ ရပ်နေတာဆိုတော့ သူမကလည်း ကောင်းကင်နှင်းနန်းတော်ကများလား... သူ့အကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး...”
“ဘာပဲဖြစ်ဖြစ် ကန္တာရဓားဂိုဏ်းက ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သူတို့ရဲ့ အဆင့်အတန်းကို အားကိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တယ်... အခု နောက်ဆုံးတော့ သူတို့နဲ့ တန်တာကို ပြန်ရလိုက်တာပဲ...”
“ဒါအမှန်ပဲ... ဒါပေမယ့် ရှီရှန်းနိုးလာရင်တော့ အဲဒီမိန်းကလေး အန္တရာယ် ဖြစ်လိမ့်မယ်...”
လူစုလူဝေးမှာ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီး ဖြစ်လာမည့်အရာများကို ခန့်မှန်းနေကြသည်။
ကန္တာရဓားဂိုဏ်းကလည်း လုံးဝလက်လျှော့မည် မဟုတ်ပေ။ ရှီရှန်း၏ ဒေါသမှာ အရင်အတိုင်းသာ ဖြစ်ပေလိမ့်မည်။ ထိုအမျိုးသမီး၏ အခြေအနေမှာ အလွန် အန္တရာယ်များနေပေသည်။
ဤအမျိုးသမီးသည် လုယန်ချီ နှင့်အတူရပ်နေပြီး ချူးယွဲ့လီ၏ အကာအကွယ်ကို ရရှိထားသော်လည်း ရှီရှန်း ဒေါသထွက် ပေါက်ကွဲလာလျှင် အင်ပါယာတစ်ပိုင်း အထွတ်အထိပ်အဆင့်မှ တစ်ယောက်၏ ဒေါသကို မည်သူမျှ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ထို့အပြင် ၎င်းတို့၏ အဆင့်အတန်းအရ ၎င်းတို့သည် ဂိုဏ်းနှစ်ခုကို ကိုယ်စားပြုသည်။ ထို့ကြောင့် သူတို့ ထည့်သွင်းစဥ်းစားရမည်မှာ အများကြီဖြစ်သည်။
ချူးယွဲ့လီသာ ဝင်ပါလိုက်ပါက ဤကိစ္စကြောင့် ဂိုဏ်းဂဏနှစ်ခုအကြား ပဋိပက္ခအဖြစ်သို့ ဖြစ်သွားနိုင်သည်။
လုယန်ချီသည် ဤကိစ္စ၏ အရေးကြီးပုံကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။ ကောင်းကင်နှင်းနန်းတော်သည် ကန္တာရဓားဂိုဏ်းကို မကြောက်သော်လည်း ၎င်းသည် ဂိုဏ်းနှစ်ခုကြားတွင် စစ်ပွဲတစ်ခုဖြစ်စေခဲ့လျှင် နှစ်ဖက်လုံးအတွက် အကျိုးရှိမည် မဟုတ်ပေ။
ယခင်က အခြေအနေမှာ အကြပ်အတည်း မဖြစ်လာခဲ့သေးပေ။ နှစ်ဖက်စလုံး တစ်ဖက်နှင့် တစ်ဖက် အားစမ်းနေခြင်းသာ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် မည်သူမျှ စစ်ပွဲကို စတင်ရန် ဆန္ဒမရှိခဲ့ဘဲ အခြားသူများကို အခွင့်ကောင်းယူသွားမည်ကို စိုးရိမ်နေခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် အကောင်းဆုံးသော နည်းလမ်းမှာ ဤနေရာမှ အမြန်ဆုံး ထွက်ခွာရန် ဖြစ်သည်။
လုယန်ချီသည် နင်းမန်မန်းကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ သူမ၏ အတွေးများကို ထုတ်ပြောလိုက်သည်။
“အစ်မလု... အစ်မရဲ့ စေတနာကို ကျွန်မ တန်ဖိုးထားပါတယ်... စိတ်မပူနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး...!”
နင်းမန်မန်း ပြုံးပြကာ ပြောလိုက်သည်။
သူမ၏လေသံမှာ ယုံကြည်မှုအပြည့်ရှိနေသဖြင့် လုယန်ချီ အံ့သြသွား၏။ အင်ပါယာတစ်ပိုင်း၏ ဒေါသကို တားဆီးရန် နင်းမန်မန်းတွင် ဘာကို အားကိုးစရာ ရှိနေမှန်း မသိသော်လည်း သူမကို ထွက်ပြေးရန်သာ ထပ်ပြောနေလိုက်သည်။
“ညီမလေးနင်း.... လီဖန်းကို ဂရုမစိုက်တာက ထားတော့... သူ့ဆရာက အင်ပါယာတစ်ပိုင်းအဆင့်ရဲ့ အထွတ်အထိပ် ကျင့်ကြံမှု ရှိနေတာပဲ...”
ရှီရှန်း၏ ခွန်အားသည် ၎င်းတို့ စိတ်ကူးယဉ်နိုင်သော အရာမဟုတ်ဟု လုယန်ချီတစ်ယောက် နင်းမန်မန်းကို နားချကာ ထွက်ပြေးရန် ကြိုးစားပြောနေ၏။
ယခုဆိုလျှင် သူမ လွတ်မြောက်ရန် အခွင့်အရေး ရှိသေးသည်။ နောက်ထပ်စောင့်နေလျှင် သူမမှာ အခွင့်အရေးရှိတော့မည် မဟုတ်ပေ။
ထို့အပြင် သူမ၏ ဆရာသည် ရှီရှန်းကို အချိန်အတိုင်းအတာတစ်ခုအထိသာ တားဆီးထားနိုင်သည်။ ထိုသို့ တားဆီးထားချိန်တွင် နင်းမန်မန်း ထွက်ပြေးကာ လုံခြုံရာရှာ၍ ပုန်းအောင်းနေနိုင်ပြီ ဖြစ်သည်။
ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
နင်းမန်မန်းက အသာခေါင်းယမ်းပြလိုက်သည်။ သူမ၏ ဆရာ ဤနေရာတွင် ရှိနေသည်ကို ယခုပင် သူမ ခံစားလိုက်ရသည်။ အင်ပါယာတစ်ပိုင်းအထွတ်အထိပ်အဆင့်သည် အင်ပါယာမဟုတ်သေးပေ။ အင်ပါယာတစ်ပါးရောက်လာလျှင် ထိုလူမှာ ပျောက်ကွယ်သွားရမည် ဖြစ်သည်။
ကြောက်စရာ ဘာမှ မရှိခဲ့ပေ။
ထိုအတွေးကို တွေးရင်း ရင်ထဲမှ သက်ပြင်းချမိသည်။ ယခုနက သူမ၏ ဆရာကို အကာအကွယ်ပေးမည်ဟု သူမတွေးနေခဲ့သော်လည်း သူမဆရာ၏ အကူအညီကို တောင်းခံရန် ထိုမျှ မြန်မြန်ဆန်ဆန် ရောက်လာမည်ဟု မထင်ခဲ့ပေ။ ၎င်းမှာ သူမ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့်ပင် တူနေတော့သည်။
ထိုအချိန်တွင် လီဖန်း၏ စိတ်သည် အလွန်နက်ရှိုင်းသော ချောက်နက်ကြီးထဲသို့ ကျဆင်းနေခဲ့သည်။
သူ့ဒန်တျန်မှာ လုံးဝကို ပျက်စီးသွားပြီဖြစ်ကြောင်း အကြိမ်ကြိမ် အတည်ပြုနေခဲ့မိသည်။ ယခုအချိန်တွင် သူသည် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်မှ ကလေးငယ်ကိုပင် အနိုင်မယူနိုင်တော့ပေ။
မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲခြင်းများမှာ သူ့အား နှလုံးသားထဲမှ နာကျင်စေ၏။ ကျင့်ကြံမှုမရှိလျှင် သူ့မှာ တန်ဖိုးမရှိတော့ပေ။
အထူးသဖြင့် ကန္တာရဓားဂိုဏ်းကဲ့သို့ ကျင့်ကြံခြင်းအား အထူးအလေးထားသည့် ဂိုဏ်းအတွက် ပို၍မှန်သည်။
သူ့ဆရာပင် သူ့အား အလွန်ချစ်သော်လည်း သူ့အတွက် လက်စားချေပေးပြီးလျှင် မကျင့်ကြံနိုင်တော့သည့် သူ့ကို ဆက်လက်ခေါ်ဆောင်ထားမည် မဟုတ်တော့ပေ။
သူ့ဘဝကြီးမှာ ပြီးဆုံးသွားလေပြီ။
ထိုအရာအားလုံးမှာ ထိုမိန်းမကြောင့်သာ ဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးမှ ထူးဆန်းသော ဖြစ်စဉ်များ ပျောက်ကွယ်သွား၏။
အင်ပါယာတစ်ပိုင်း နယ်ပယ်မှ ပညာရှင်များ အားလုံး ၎င်းတို့၏ ဉာဏ်အလင်းရရှိမှုများမှ နိုးထလာကြသည်။ သူတို့ ဘာမှ မလုပ်နိုင်ခင်မှာပင် ကျယ်လောင်သည့် ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ကြရသည်။ ကောင်းကင်တွင် ရုတ်တရက် ထွက်ပေါ်လာသည့် ကျယ်လောင်သည့် မိုးခြိမ်းသံလို အသံကြောင့် သူတို့ ချွေးပြန်သွားခဲ့၏။
“နောက်ဆုံးတော့ ငါ နားလည်သွားပြီ...!”
အားလုံး အသံကြားရာဆီ ခေါင်းများ လှည့်ကြည့်လိုက်သည်။ လုယန်ချီလည်း ခေါင်းကို လှည့်ကြည့်လိုက်လျှင် တစ်ဖက်တောင်ပေါ်မှ ပြင်းထန်သည့် အငွေ့အသက်များ ထွက်လာသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်သည် ပြင်းထန်သော ဝိညာဉ်စွမ်းအင် နဂါးတစ်ကောင်ပုံသဏ္ဍာန်ဖွဲ့စည်းပြီး ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှီရှန်း၏ အော်ရာသည်လည်း မြင့်တက်လာနေသည်။
အသက်တစ်ချက်ရှူချိန်...
အသက်နှစ်ချက်ရှူချိန်...
အသက်သုံးချက်ရှူချိန်...
အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ရှီရှန်း၏ အော်ရာသည် ရုတ်တရက် မြင့်တက်လာပြီး ကောင်းကင်မှ တိမ်သားဖြူများကိုပင် လှုပ်ခတ်သွားစေခဲ့သည်။
ရှီရှန်းသည် အင်ပါယာနယ်ပယ်သို့ ဖြတ်ကျော်ပေတော့မည်။
ကန္တာရဓားဂိုဏ်းမှာ မြင့်တက်လာတော့မည်လား။
ထိုအခိုက်တွင် လူတိုင်း၏ ဆွေးနွေးမှုများကို ကြားနေသည့်တိုင် နင်းမန်မန်းသည် မည်သည့်ခံစားချက်မျှ မပြပဲ ထူးမခြားနားသာ ကြည့်နေခဲ့သည်။
တစ်ဖက်တွင် လုယန်ချီ အံ့သြသွား၏။ သူမသည် သူ့ဆရာကို မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်မိသည်။
“အင်ပါယာနယ်ပယ်ကို သူတကယ် ဖြတ်ကျော်နိုင်တော့မှာလား...”
ချူးယွဲ့လီသည် ရှီရှန်းကို မနာလိုသည့် အကြည့်များဖြင့် ကြည့်နေ၏။ သို့သော် မကြာမီ သူမသည် ဤခံစားချက်ကို ဖယ်ရှားလိုက်သည်။ သူမသည် ဦးစွာ ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းယမ်းပြလိုက်သည်။
လုယန်ချီမှာ ဘာတွေဖြစ်နေသည်လဲ နားမလည်နိုင်ပေ။ သူမ မေးခါနီးတွင် ချူးယွဲ့လီမှ - “သူက အင်ပါယာတစ်ပိုင်းအဆင့်ရဲ့ တံခါးကနေ ထွက်သွားနိုင်ပေမယ့် တကယ့်အင်ပါယာအစစ် ဖြစ်မလာသေးဘူး... သူက ခြေလှမ်းတစ်ဝက်အင်ပါယာအဆင့်ပဲ...!”
ယခုမှ ရရှိခဲ့သော ဉာဏ်အလင်းဖြင့် သူမသည်လည်း ထိုအဆင့်ကို အလွန်လျင်မြန်စွာ ရောက်ရှိနိုင်ပေသည်။ သူမသည်လည်း အချိန်တစ်ခုသာ လိုတော့သည်။
ထိုအဆင့်ကို ရောက်လျှင် အင်ပါယာအဆင့်၏ အနှစ်သာရကို ထိတွေ့နိုင်ပေမည်။
“ခြေလှမ်းတစ်ဝက်အင်ပါယာ.... ဟုတ်လား... အဲဒါ ဘာကြီးလဲ..!” လုယန်ချီ နားမလည်သည်မှာ မဆန်းပေ။
ထိုအဆင့်မှ ကိစ္စများမှာ သူမအတွက် အလွန်တရာ ဝေးကွာနေသေးသည်။
နင်းမန်မန်းကတော့ သိပ်ပြီး တွေးမနေခဲ့ပေ။ မည်သို့ အင်ပါယာအဆင့်တစ်ဝက် ဖြစ်နိုင်မည်နည်း။ သူမ၏ဆရာ အဆင့်တက်ချိန်က ထိုကဲ့သို့သော အဆင့်မျိုး တစ်ခါမှ မဖြစ်ခဲ့ပေ။
သူမ သိထားသည်မှာ အင်ပါယာတစ်ပိုင်းအဆင့်မှ အင်ပါယာအဆင့်သို့ တိုက်ရိုက်တက်လှမ်းခြင်းသာ ဖြစ်သည်။
ထို့အပြင် သူမ၏ ဆရာသည် အင်ပါယာအဆင့်သို့ တက်ရောက်စဥ်ကတည်းက သာမန်အင်ပါယာပင်မဟုတ်ပေ။ အင်ပါယာနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
“ဘယ်သူက ငါ့တပည့်ကို ထိခိုက်စေတာလဲ....”
ကျယ်လောင်သော ဟိန်းဟောက်သံသည် လူတိုင်း၏ရင်ဘတ်ကို ဖိအားပေးသွားကာ ထိုနေရာတစ်ဝိုက်တွင် လှိုင်းလုံးကြီးတစ်ခုကဲ့သို့ပင် ဖြစ်သွားဟန်တူသည်။
ရှီရှန်းသည် လီဖန်းသည် အမှန်တကယ် ဒုက္ခိတဖြစ်သွားကြောင်း သိလိုက်ရသောကြောင့် ယခုအချိန်တွင် သူ ရသင့်ရထိုက်သော ပျော်ရွှင်မှုကို မခံစားခဲ့ရပေ။
သူ့တပည့်၏ ဒန်တျန်သည် လုံးဝ ဖျက်စီးခြင်း ခံလိုက်ရပြီး လုံးလုံးကျင့်ကြံ၍ ရတော့မည် မဟုတ်ပေ။
လီဖန်း၏ အရည်အချင်းသည် သူ့တပည့်များကြားတွင် အထူးချွန်ဆုံးမဟုတ်သော်လည်း သူသည် သူ့တပည့်ဖြစ်နေဆဲပင်ဖြစ်သည်။ သူ့ဂုဏ်သိက္ခာကို ခုခံကာကွယ်ရပေမည်။
၎င်းမှာ သူ့မျက်နှာကို တစ်ယောက်ယောက်က ဖြတ်ရိုက်သွားသလိုပင် ဖြစ်သည်။
ထိုအချိန်တွင် သူတကယ် ဂရုစိုက်သည်မှာ သူ့တပည့်လီဖန်းမဟုတ်ပဲ သူ့ဂုဏ်သိက္ခာနှင့် မာနကိုသာ ဖြစ်ပေသည်။