တာ့ဆောင် - ဆောင်က ယောင်းမ/မရီးကို ရိုသေသမှုပြု၍ သုံးနှုန်းခြင်း၊ ကလေးများသည်လည်း ဖခင်ဘက်က ဦးလေး၏ ဇနီးကို ခေါ်ဆိုရာတွင်လည်း သုံးသည်။
တိမေ့ - ညီငယ်၏ ဇနီးသည် ဖြစ်သည့် ခယ်မကို ရိုသေသမှုပြု၍ သုံးသည်
ဟွေ့ပင်း - အစေခံ/နူပိတို့က အခြားအဆင့်ပိုမြင့်သူတို့ကို စကားပြောဆိုရာတွင် သုံးသည်/ "လျှောက်တင်ပါသည်"
ကျန်းနွီ - အိမ်တော်၏ အကြီးဆုံးသမီး/ တရားဝင်ပထမသမီး
အတိတ်နမိတ် မကောင်းသော/ ငြှီစို့ညှင်းသိုးသိုး အငွေ့အသက် - ထိခိုက်စေသော (ဝါ) မကောင်းဆိုးဝါးဓာတ်သက် (ဝါ) လူ၊ ပစ္စည်း၊ နေရာတစ်ခုခုမှ ထုတ်လွှတ်လိုက်ပြီး အနားမှာ ဝန်းရံနေသော လက္ခဏာ။
ဖာ့ရှီး - တာအိုဆရာ။ ရုပ်ရှင်တွေ ဝတ္ထုတွေ တော်တော်များများ မှာပါတယ်၊ သူတို့အလုပ်က လူနေအိမ်တွေက မကောင်းဆိုးဝါး ဝိညာဉ် တွေကို ဖော်ထုတ်တာရယ်၊ ထုံးတမ်းနဲ့အညီ အစီအရင် မန္တာန်တွေ၊ ဆုတောင်းပွဲတွေ ဆောင်ရွက်ပေးပြီး မကောင်းဆိုးဝါးတွေကို နှင်ထုတ်ပေးဖို့ ကြိုးစားကြတာရယ်
厌胜之术 ယန့်ရှန်းကျီးရှူး - ကျိန်စာတွေပါဝင်တဲ့ ရှေးတုန်းက အောက်လမ်းပညာ၊ မိသားစု တစ်စု ကျိန်စာတိုက်ခံရရင် အိုးမဲ့အိမ်မဲ့ဖြစ်သွားရတာ၊ ထိခိုက်အနာတရ ဖြစ်တာ၊ အသက်ဆုံးရှုံးရတာတွေ၊ အိမ်ခိုက်တာတွေ၊ မိသားစုဝင်ကို ဆုံးရှုံးရတာတွေ ဖြစ်တတ်တယ်။
_________
၆၆/၁။ ကိုယ့်သေတွင်း ကိုယ်တူး (Nc)
လီချန်းလဲ့ မိမိအိမ်ဆောင်သို့ ပြန်လာပြီး တန်ရှန်းကို လျို့ဝှက်စွာ စေလွှတ်ကာ အချင်းအကြောင်း စုံစမ်းမေးမြန်းခိုင်းလိုက်သည်။ တန်ရှန်း ပြန်ရောက်လျှင် ရောက်ချင်း လီချန်းလဲ့ မအောင့်မအည်း မစောင့်မစည်းနိုင် မေးတော့လေသည်။ "ဘာပြောကြသလဲ"
တန်ရှန်းက ပြောလိုက်သည်။ "နူပိ သမားတော် ခုနစ်ယောက်၊ ရှစ်ယောက်လောက်ကို ရှာမေးခဲ့ပါတယ်၊ သူတို့ပြောတာက အချင်းက ကောင်းကျိုးတွေရှိတာတော့ အမှန်ပဲတဲ့... အသုံးပြုသူရဲ့ အလှအပကို အားဖြည့်ပေးတယ်တဲ့၊ ပြီးတော့ နန်းတွင်းထဲက မိဖုရားမယ်မယ်တော်တော်များများက ဒါကို စားကြတယ်တဲ့၊ ဝူရှောင်ကျဲ ပြောတာ မမှားဖို့ ဖြစ်နိုင်ပါတယ်"
လီချန်းလဲ့ ယခင်က ဆေးကျမ်းများ၌ တွေ့မြင်ဖတ်ဖူးခဲ့လေသည်။ သို့သော် ထိုသွေးသံတရဲရဲ အရာများကို တကယ်တမ်းတွင်တော့ သူမက ရွံရှာစရာဟု ထင်မြင်မိသည်။ ယခု လီချန်ရှီးက အလှအပကို အားဖြည့်ရန်အတွက် စားသုံးနေသည်ကို တွေ့သောအခါ သူမလည်းပဲ သုံးကြည့်ချင်စိတ်ဖြစ်လာမိသည်။ ထိုသို့ စိတ်ဆောင်နေမှုကို သူမမှာ တောင့်မခံနိုင်တော့။
ထိုည၌ လီချန်းလဲ့ တိတ်တဆိတ် ရှန်းယွဲ့ဆောင်သို့ သွားလိုက်သည်။ လီချန်ရှီးသည် ဧည့်ခန်းမှာထိုင်နေခဲ့သည်။ ယားထိုတစ်ယောက်က လင်ပန်းကို အထဲသို့ သယ်လာပြီး သူမ နား ချဉ်းကပ်သွားလေသည်။ လင်ဗန်းပေါ်၌ လှပ၍ အနုစိတ်သော ကြွေပန်းကန်လုံးငယ် တစ်ခွက်ရှိနေသည်။ အခါတိုင်းလို အကျင့်ရနေသော လီချန်ရှီးက အဖုံးကိုဖွင့်ကာ စိတ်ပါလက်ပါ စားနေလိုက်တော့သည်။
လီချန်းလဲ့ တံခါးနားရောက်ရုံရှိသေး သူမ ထူးဆန်းသော ရနံ့တစ်မျိုးရလိုက်တော့၏။
စွဲမက်ဖွယ် သင်းရနံ့ထဲ၌ လတ်လတ်ဆတ်ဆတ် သွေးတို့၏ သတ္တိလက္ခဏာတို့ တစွန်းတစပါဝင်နေသည်။ လီချန်းလဲ့ အလိုအလျောက် နှာခေါင်းကို ကိုင်ကာအုပ်လိုက်မိသော်လည်း သူမ၏ အပြုအမူက ရုတ်တရက် ရိုင်းပြလွန်းသည်ဟု ခံစားမိလေသည်။ သူမ မပြုံးချင် ပြုံးချင်နှင့် ရယ်ပြုံးလိုက်ပြီး ဆံပင်ကို သပ်ကာ ပြောလိုက်လေသည်။ "မေမေး ဟိုဟာကို စားနေတာလား"
လီချန်ရှီး လီချန်းလဲ့ကို မြင်သောအခါ ချက်ချင်းပင် အစားရပ်လိုက်ပြီး သူမကို နှုတ်ဆက်လိုက်လေသည်။
"ရနံ့က တမူထူးခြားတယ်... ဒါက တကယ်ရော အကျိုးထူးရှိရဲ့လား" လီချန်းလဲ့ မထိန်းနိုင်တော့ဘဲ မေးလိုက်မိ၏။
လီချန်ရှီး တည်တည်ငြိမ်ငြိမ် ပြုံးလိုက်ကာ
"တာ့ကျဲ၊ မေမေး တာ့ကျဲကို မလိမ်ပါဘူး၊ ဒါက ရွှယ့်လျန်ဂျင်ဆင်းနဲ့ယှဉ်ရင် ပိုတောင်အကျိုးရှိသေးတယ်... လောလောဆယ်မှာ ဒါက မေးမေ့အမာရွတ်တွေကို ဖျက်ပေးနိုင်ဖို့ပဲ မျှော်လင့်ရတော့တယ်"
"ဒီအရာတွေ... အဲ့မှာ ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်မလား" လီချန်းလဲ့သည် လွန်စွာ သတိကြီးမားသူဖြစ်လေသည်။
"ဘယ်လိုလုပ် မကောင်းတာဖြစ်နိုင်မှာလဲ၊ ဒါတွေမှာသာ တကယ်ကြီး ဘေးထွက်ဆိုးကျိုးရှိနေရင် လူအများကြီးက ဘယ်လိုလုပ် စားရဲကြမှာလဲ၊ ဒါကို လွယ်လွယ်နဲ့လဲ ရတာ မဟုတ်ဘူး... သူများကလေးမွေးပြီးတာနဲ့ ချက်ချင်း လတ်လတ်ဆတ်ဆတ်ရနိုင်ရင် အတော် ကံကောင်းလို့ပဲ၊ သာမန် သမားတော်တွေတောင် ဒါကို အလွယ်တကူ မရနိုင်ဘူးရယ်၊ ပြီးတော့ တန်ကြေးက ရွှေ ဘယ်နှရွေး ဘယ်နှစဆိုပြီးက စပေးရတာ"
လီချန်းလဲ့ လက်ချောင်းကလေးများ အနည်းငယ်တုန်ရင်သွားတော့သည်။ လီချန်ရှီး ရယ်လိုက်၍ ပြောသည်ကိုလည်း သူမ ကြားရသည်။ "တာ့ကျဲရော နည်းနည်းလောက်ယူပြီး စမ်း မလိမ်းကြည့်ချင်ဘူးလား"
လီချန်းလဲ့သည် အဖြူနှင်အပြာရောစပ် ကြွေထည်ပန်းကန်လုံးကိုကြည့်ရင်း တုံ့ဆိုင်းနေတော့လေသည်။ အဆုံးသတ်၌ သူမသည် ပိုလှလာမည်ဟူသော မက်လုံးကို မလွန်ဆန်နိုင်တော့ဘဲ ခေါင်းညိတ်လိုက်တော့လေသည်။
သုံးရက်ကြာသော တစ်ညသ၌ တာ့ဖူးရန်၏ နံဘေးခံစားသော လင်မာမားသည် သန်သန်မာမာ မာမားကြီးလေးယောက်ကို ခေါ်ပြီး ရုတ်တရက် လီဝေယန်း အိမ်ဆောင်ဘက်သို့ ချီတက်လာကြတော့လေသည်။
လီဝေယန်းမှာ အိပ်ရာစောစောဝင်ရန် ညအိပ်အဝတ်အစားလဲပြီးဖြစ်၏။ အပြင်ဘက်မှ ပိုင်ကျစ်က၊ "လင်မားမား၊ နောက်တောင်ကျနေပြီ... ဘာဖြစ်လို့ တာ့ဖူးရန်က ကျွန်မတို့ ရှောင်ကျဲကို အခေါ်လွှတ်လိုက်ရတာလဲ" ဟု ပြောလိုက်သံကို ကြားသည်မှာ သူမ ဆံပင်ဖြီးသင်နေစဉ်ဖြစ်လေသည်။
လီဝေယန်း ကြေးမှုံပြင်တွင် ထင်ဟပ်နေသော မိမိပုံရိပ်ကို ကြည့်နေလိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားတော့လေသည်။ ဟုတ်မှန်သည်တည့်၊ တာ့ဖူးရန်သည် ဆန္ဒစော၍ သူမကို ဖယ်ရှားသုတ်သင်ဖို့ ဆုံးဖြတ်လိုက်လေပြီ မဟုတ်ပါလား။ မော့ကျူက တိုးညှင်းညှင်သာစွာ ပြောလာသည်။ "ရှောင်ကျဲ၊ မျက်နှာချေ လိမ်းကျံပြင်ဆင်ချင်သေးလား"
လီဝေယန်း ခေါင်းညိတ်လိုက်တော့ မော့ကျူသည် သူမ၏ ဆံပင်ကို ဖီးသင်ထုံးဖွဲ့ပေးလိုက်သည်။ မျက်နှာချေကို လိမ်းကျံပြင်ဆင်ပေးလိုက်ပြီး နေ့ဝတ်တန်ဆာများ ပြန်လည်ဆင်ယင်ပေးလိုက်လေသည်။
အပြင်ဘက်မှာတော့ လင်မားမားသည် ပြုံးသည်ဟု မဆိုသာသော အပြုံးမျိုး ပြုံးလိုက်လေသည်။ "တို့တတွေက ကျွန်တွေသာဖြစ်တာမို့ ဒီကိစ္စမှာ စောဒကမတက်ရဲပါဘူး၊ ဒါက တာ့ဖူးရန် အမိန့်ဖြစ်တာကြောင့်ပါ၊ ကျွန်မကတော့ သတင်းပို့အကြောင်းကြားသူ သက်သက်ပါပဲ၊ စန်းရှောင်ကျဲ ကျေးဇူးပြုလို့ နူပိနဲ့ လိုက်လာခဲ့ပေးပါ"
လီဝေယန်းမှာ ရှန်းကျူဖြစ်သော်လည်း မင်းစိုးမိုးမျိုး အမျိုးသမီးအဆင့်အတန်း ခွဲခြားမှုအရ ဒုတိယအထက်တန်းသာ ဖြစ်ပြီး တာ့ဖူးရန်သည် သူမ၏ တိမူဖြစ်နေလေသည်။ ထိုမျှမက တာ့ဖူးရန်က ပထမအထက်တန်းဝင် အမျိုးသမီးဖြစ်နေသောကြောင့် တာ့ဖူးရန်၏ အစေခံဖြစ်သော လင်မားမားမှာ လေးစားရိုသေဟန်ရှိနေသော်လည်း အခွင့်အရေးသာရှိမည်ဆိူလျှင် လီဝေယန်းအား နှစ်ခါပင် မော်မဖူးချင်လေသည်။ သူမ၏ လေသံမှာလည်း ထူးဆန်းလို့နေချေသည်။ စိတ်မကျေမနပ်ဖြစ်ရမိကား၊ ပိုင်ကျစ် ပြန်လည်ချေပပြောတော့မည် အပြု၌ ရှောင်ကျဲ ကြိုတင်မှာကြားထားသည်ကို သတိရသွားသဖြင့် ဘာမှ မတုံ့နှင်းတော့ဘဲ ပြုံးကာ ဆိုလိုက်တော့သည်။ "ဒါဆိုရင်လဲ လင်မားမား ခဏလောက် စောင့်ချေဦး၊ ရှောင်ကျဲ အိပ်ရာက ပြန်ထပြီး အဝတ်အစားလဲ ပြင်ဆင်လိမ့်ပါဦးမယ်"
လင်မားမားက၊ "ဒါပေါ့၊ နူပိ ဒီမှာ စောင့်နေနိုင်ပါတယ်" ဟု ပြန်ပြောလိုက်လေသည်။
လီဝေယန်းသည် အလျင်မလို၊ ဖြည်းဖြည်းဆေးဆေး အဝတ်အစားလဲကာ အလှပြင်သည်။ ထို့နောက် ယားထိုများနှင့် မားမားများအားလုံးကို ခေါ်၍ လီဝေယန်း၏ အိမ်ဆောင်ထဲ စောင့်နေကြရန် ပိုင်ကျစ်အား ပြောခိုင်းလိုက်လေသည်။ ပိုင်ကျစ်ကတော့ ဘာအတွက် စောင့်နေရမည်ကို ရိပ်စားမိသလိုလိုတော့ရှိသည်။ သူမ လီဝေယန်းအား ဦးညွတ်အရိုအသေပြုကာ ခိုင်းသည့်အတိုင်း ဆောင်ရွက်လိုက်တော့သည်။ ဖြည်းဖြည်းချင်း အလှပြင်ကာ နေ့အဝတ်အစားကို လဲလိုက်သည်။သူမ ပိုင်ကျီကို ယားထိုအားလုံးနှင့် မာမားတို့ကိုခေါ်ပြီး ခြံဝန်းထဲမှာ စောင့်ခိုင်းထားဖို့ အမိန့်ပေးလိုက်သည်။ ပိုင်ကျီမှာ သူတို့ ဘာအတွက်စောင့်နေသလဲဆိုတာ အကြံရှိလေသည်။ သူမ ဦးညွတ်လိုက်ပြီး အမိန့်အတိုင်း လုပ်လိုက်သည်။ လီဝေယန်းက မော့ကျူကို သူမနှင့် အတူခေါ်ဆောင်သွားပြီး တည်တည်ငြိမ်ငြိမ် ထွက်သွားတော့လေသည်။
တာ့ဖူးရန်၏ အိမ်ဆောင်၌ တွေ့ဆုံရသည်တော့ မဟုတ်။ အဓိက ခန်းဆောင်မကြီး၌သာ ဖြစ်လေသည်။ ထိုနေရာ၌ အလုပ်ကိစ္စဖြင့် ရပ်ဝေးရောက်နေသော အာ့လောင်ယဲမှ လွဲ၍၊ လောင်ဖူးရန်၊ ပထမအိမ်ဆောင်ခွဲ၊ ဒုတိယအိမ်ဆောင်ခွဲနှင့် တတိယအိမ်ဆောင်ခွဲမှ လူများအားလုံး ရောက်ရောက်နေနှင့်ကြပြီဖြစ်လေသည်။ လီချန်းလဲ့မှာ ခရမ်းဖျော့ဖျော့ဝတ်ရုံကလေးနှင့် များစွာ စွဲဆောင်မှုရှိနေပြီး လူတိုင်း၏ စူးစိုက်အာရုံကို ဖမ်းစားထားနိုင်လေသည်။ ညကြီးမင်းလယ် ဆင့်ခေါ်ခံရ၍ ထလာရသည်ဖြစ်သော်လည်း သူမ အလှကစိုးစင်းမျှ ယုတ်လျော့သွားခြင်းမရှိ။ အလှလျော့ခြင်းနှင့် ဆန့်ကျင်လျက် သူမ၏ နှစ်လိုဖွယ်မျက်နှာကလေးမှာ ဆီးပန်းသဖွယ် နုနယ်အိစက်လျက် ရှိနေတော့သည်။ သူမသွင်ပြင်က တိမ်လွှာထုကြား ပျံသန်းနေသည့်နှယ်၊ လှပသိမ်မွေ့၍ တင့်တယ်ကျက်သရေရှိလှသည်။ အာ့ရှောင်ကျဲ လီချန်းရုပင်လျှင် ထပ်ခါတလဲလဲ သူမကို လှမ်းကြည့်နေမိတော့၏။
လီဝေယန်း အားလုံးကို နှုတ်ဆက်လိုက်ပြီးနောက် သူမ အကြည့်များက တာ့ဖူးရန်ဆီရောက်သွားလေသည်။
တာ့ဖူးရန်က ခါးကို မတ်ထားလျက် ထိုင်နေသည်။ သူမဆံပင်များက အနည်းငယ်မျှ ပွသယောင်းထနေသည်။ ဦးထက်၌ ဆံပင်များကို ထုံးဖွဲ့သီပေးသော ပတ္တမြားဆံထိုးတစ်ချောင်းကိုသာ ပန်ဆင်ထားပြီး အခြားမည်သည့် ကျောက်မြက်ရတနာမျှ မဆင်မြန်းထားသောကြောင့် ရိုးရှင်းပြီး သဘေညထားကြီးမြင့်ဟန် ပေါ်နေစေတော့သည်။ သူမအကြည့်ကလည်း လီဝေယန်းပေါ်သို့ ကျရောက်လာကာ ပြုံးလိုက်လေသည်။ "အရင်ဆုံး ထိုင်လိုက်ပါဦး"
အာ့ဖူးရန်ကတော့ စိတ်မရှည်တော့ဘဲ ပြောလာသည်။ "တာ့ဆောင်၊ ဒီမှာ ဘာကိစ္စရှိနေလို့လဲ၊ ညကြီးမင်းကြီးလဲ သူများ မနားမနေရဘူး" သူမ၏ နောက်ဆုံးတစ်ခွန်းက လွန်စွာ ပြစ်တင်လိုဟန်စွက်သော အမေးအမြန်းမျိုးဖြစ်နေသည်။
လီရှောင်းရန် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှတော့ မပြော။ တာ့ဖူးရန်ကသာ ပြုံး၍ ဆိုသည်။ "ကျွန်မ ဒီလိုလုပ်ရတာဟာ လီမိသားစုတစ်ခုလုံး အကျိုးအတွက်ပဲ၊ အခုနေ ကျွန်မ ပြောမဲ့ ကိစ္စက လီအိမ်တော်သားတွေအားလုံးနဲ့ သက်ဆိုင်နေတယ်၊ ဒါကြောင့် ကျွန်မဘက်ကလဲ ဂရုစိုက် သတိထားမှ ဖြစ်မယ်လေ... အာ့တိမေးက ပြောတာကို နားမထောင်ချင်ဘူးဆိုရင်လဲ ပြန်လို့ရပါတယ်၊ ဒီကိစ္စက အာ့တိမေးမရှိလဲ မနှောင့်နှေးပါဘူး"
ဘာမှ မပြောဘဲနေလျှင် မသိဟန်ပြု၍ ကျော်လွှားသွားနိုင်သော်လည်း သူမ ပါးစပ်ဟလိုက်သည်နှင့် အာ့ဖူးရန် အပြစ်ဖြစ်အောင် ရည်ညွှန်းပြောသွားလိုက်ခြင်းပင်။ အာ့ဖူးရန် နှာမှုတ်သံပြုလိုက်တော့သည်။ "ဒီအထိ ရောက်နေပြီးမှတော့ မသွားခင် ကြားသွားသင့်တာပေါ့၊ တာ့ဆောင် ပြောစရာရှိရင် ပြောတော့လေ"
တာ့ဖူးရန်၏ အပြောအရ မည်သည့်ရည်ရွယ်ချက်များရှိနေသည်ကို လီဝေယန်း ရိပ်မိသိရှိလိုက်သော်လည်း မသိကျိုးကျွံပြုကာ နေလိုက်သည်။ လီချန်းလဲ့၏ အကြည့်များကိုလည်း မရှိလေသည့်အလား လျစ်လျူရှုထားလိုက်၏။
လောင်ဖူးရန်ကတော့ သည်းခံနိုင်စွမ်းကုန်ခမ်းလာတော့လေသည်။ "ကောင်းပြီလေ၊ ညည်း ပြောချင်တာက ဘာလဲ၊ ရှင်းရှင်းလင်းလင်း ရှင်းပြစမ်း"
တာ့ဖူးရန် အေးတိအေးစက် ပြုံးလိုက်ကာ ပြောတော့သည်။ "လောင်ဖူးရန် ဒါက အရေးကြီးလို့သာ မဟုတ်ရင်၊ ကျွန်မကလဲ လောင်ဖူးရန်ကို အနှောင့်အယှက်မပေးပါဘူး၊ ဒီရက်တွေထဲမှာ လောင်ယဲတစ်ယောက် အိပ်မက်ဆိုးတွေ ခဏ ခဏ မက်နေတာ၊ ကျွန်မ ရင်တွေ ကွဲရပါတယ်... ဒါကြောင့်မို့ မြို့တော်မှာ နာမည်သတင်းဂုဏ်ကြီးနေတဲ့ တောက်ရသေ့တစ်ပါး ပင့်ဖိတ်ပြီး ကြည့်စေလိုက်တာ... ကျွန်မတို့ အိမ်တော်ထဲမှာ မကောင်းဆိုးဝါး ဓာတ်သက်တွေရှိနေတာ အာရုံခံစားမိတယ်လို့ ရှင်ရသေ့က ဆိုပါတယ်"
လောင်ဖူးရန် အေးတိအေးစက် နှာခေါင်းရှုံသံ ပြုလိုက်ကာ ငေါ့တော့သည်။ "မကောင်းဆိုးဝါးဓာတ်သက်တဲ့၊ ဘယ်မတုန်း အဲ့ဒီ မကောင်းဆိုးဝါး ဓာတ်သက်က..."
တာ့ဖူးရန်မျက်နှာထားက အနည်းငယ် သုန်မှုန်သွားတော့ကာ လူတိုင်းကို ဝေ့ဝိုက်ကြည့်လိုက်ရင်း ပြောလိုက်တော့သည်။ "ဒီကိစ္စအတွက်၊ အိမ်ဆောင်တွေထဲ ဝင်ရှာခွင့်ပြုဖို့ လောင်ဖူးရန် သဘောတူပေးဖို့ ကျွန်မ မျှော်လင့်မိပါတယ်"
ဖယောင်းတိုင် မီးရောင်အောက်၌ လောင်ဖူးရန် မျက်မှောင်ကြုတ်လိုက်သည်ကို သိသိသာသာမြင်တွေ့လိုက်နိုင်သည်။ သူမဟန်ပန်က စိတ်မဝင်စားသကဲ့သို့၊ တက်တက်ကြွကြွ ပါဝင်လိုဟန်လည်း မရှိနေပေ။ "ညည်း ဘာတွေပြောနေတာလဲ၊ ညကြီးမိုးချုပ်နောက်ကျနေမှ ညည်းက စစ်ဆေးချင်နေတယ်ပေါ့"
တာ့ဖူးရန်က အသာပြုံးလိုက်ပြီး ဆိုသည်။ "ဟုတ်ပါတယ်"
လောင်ဖူးရန်၏ မျက်ခုံးနှစ်ခုကြားက ပိုတွန့်ကြုတ်လာပြီး 川 သဏ္ဌာန်ပင် ပို၍ ထင်းလာတော့သည်။ သူမ တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်သော်လည်း လီရှောင်းရန် ဝင်ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "လောင်ဖူးရန်၊ ကျွန်တော့ကျန်းမာရေးက ခုတလော သိပ်မကောင်းတော့ဘူး၊ ကျွန်တော် စိုးရိမ်တာက အိမ်တော်တွင်းမှာ စုန်းကဝေတစ်မျိုးမျိုး ပြုစားလုပ်ကြံထားမှာကိုပဲ၊ ဒါကြောင့်မို့... စေ့စေ့စပ်စပ် စစ်ဆေးမှရပါတော့မယ်"
လောင်ဖူးရန်က ပြောလိုက်တော့သည်။ "ဒါဖြင့်ရင် ဒီလိုလုပ်တော့ အိမ်တော်တွင်းမှာ မလိုအပ်ပြီး အကြောက်တရားတွေနဲ့ မျက်ကလူးဆန်ပြာတွေ ထဖြစ်ကုန်မယ် မဟုတ်လား၊ အိမ်တော်ကလူတွေ စိတ်မသက်မသာတွေ ဖြစ်မသွားစေဘူးလား"
လီရှောင်းရန် မျက်လုံးအောက်တဝိုက်၌ ညိုမှောင်မည်းပြာနေသည်။ ညပေါင်းများစွာ အိပ်ရေးပျက်ခဲ့သော ဒဏ်များ ဖြစ်သည်။ သူ လောင်ဖူးရန်အား ကြည့်လိုက်ပြီး စိတ်ရင်းဖြင့် အရိုးသားဆုံး ဆိုလိုက်လေသည်။ "ကျွန်တော့်မှာလဲ တခြားရွေးချယ်စရာ မရှိတော့လို့ပါ၊ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆို ကျွန်တော် စိတ်အေးသက်သာဖြစ်ရမဲ့ နေ့ ရှိတော့မှာ မဟုတ်ဘူး"
တာ့ဖူးရန်ကတော့ ပြုံးကာ ပြောလိုက်သည်။ "ဒါက သတိဆို ပိုသည်မရှိဆိုတဲ့အတိုင်း ရှာကြည့်ရုံပါပဲ၊ တစ်ခုခုရှိနေတယ်ဆိုရင်တော့လဲ နောက်မကျသေးခင် ဖြေရှင်းလို့ ရတာပေါ့"
လီဝေယန်းကတော့ တာ့ဖူးရန် ပြောသမျှကို သူမနှင့် မသက်ဆိုင်နေသည့်အလား ခေါင်းသာ ငုံ့၍ ထိုင်နေလေသည်။ သူမ၏ သွင်ပြင် လက္ခဏာတို့မှာ စိုးစင်းလေးမျှ၊ တစ်စိတ်တစ်ပိုင်းမှ ယိုယွင်း မူပျက်နေခြင်း မရှိနေချေ။
အာ့ဖူးရန်မှာမူ အေးတိအေးစက်ပြုံးလိုက်လေသည်။ "ဘာလဲ၊ တာ့ဆောင်က ကျွန်မတို့ အိမ်ဆောင်ခန်းတွေထိပါ ရှာချင်တာလား"
တာ့ဖူးရန်က တည်တည်ငြိမ်ငြိမ်ပင် ပြန်တုံ့ပြန် ပြောလိုက်သည်။ "ဧကန္တ အာ့တိမေးမှာ သူများတွေ မမြင်စေချင်တာ တစ်ခုခုများရှိနေလို့လား"
အာ့ဖူးရန် ဒေါသကြောင့် တဆတ်ဆတ်တုန်လာတော့သည်။ "တာ့ဆောင်၊ ရှင် ဘာစကား ပြောတာလဲ" သူမ တာ့ဖူးရန်ကို မျက်စောင်းခဲလျက်၊ "ညဘက်ကြီး ရှင် ကျွန်မတို့ကို ဒီအထိခေါ်ပြီး အရှက်ခွဲချင်တာလား"
တာ့ဖူးရန်ကတော့ အေးတိအေးစက် ရယ်ပြုံးလိုက်သည်။ "အာ့တိမေ့... မရှာစေချင်တဲ့သူတွေက သူတို့စိတ်ထဲမှာ လူသူ မမြင်စေတဲ့အရာတွေ ရှိနေလို့နေမှာ၊ လိပ်ပြာမလုံတာလို့ပဲ တို့က ပြောချင်တာပါ"
အာ့ဖူးရန် ထခုန်မိတော့မလိုပင်။ "တာ့ဆောင်က သိသိသာသာပဲ..." လီချန်းရုပင်လျှင် အာ့ဖူးရန်၏ အင်္ကျီလက်ကို အသာဆွဲထားလိုက်ရတော့သည်။ "အမေ"
လောင်ဖူးရန်နှင့် လီရှောင်းရန် သူမကို ကြည့်နေသည်ကို သတိပြုမိသွားကာ အာ့ဖူးရန် တောင့်တင်းစွာ ရပ်တန့်သွားတော့လေသည်။ သူမ စကားစလည်း ပြတ်ကာ နှုတ်ဆိတ်သွားတော့၏။ သူမ ပြန်ထိုင်လိုက်ကာ အသက်ကိုသာ ခပ်ပြင်းပြင်း ရှူသွင်းနေလိုက်တော့သည်။ "ရှာချင်တယ်ဆိုရင်လဲ ရှာပေါ့၊ ဒါပေမဲ့ ဘာမှ ရှာမတွေ့ရင်ရော ဘယ့်နှယ်လဲ"
တာ့ဖူးရန် က တည်ငြိမ်စွာပင် ပြောလိုက်သည်။ "တောက်ရသေ့ ပြောတာကတော့ ညစ်နွမ်းတဲ့ မကောင်းတဲ့ဟာ ရှိနေတယ်တဲ့၊ သူပြောတာ အတုအယောင်တော့ မဖြစ်နိုင်ပါဘူး"
စန်းဖူးရန် ရုတ်တရက် ဝင်ပြောလိုက်သည်။ "အိမ်ဆောင်ဝန်းတွေထဲ လိုက်ရှာဖို့ ဘယ်သူတွေကို လွှတ်မှာလဲ"
တာ့ဖူးရန် ပြုံးလျက် ပြောလိုက်တော့သည်။ "ဒါပေါ့... အားလုံး စီစဉ်ထားပြီးသား"
အာ့ဖူးရန်က အေးတိအေးစက် ပြုံးလိုက်ပြီး၊ "တာ့ဆောင်၊ ရှင့်ရဲ့ အစေခံတွေပဲရှာရင် သိပ်ကောင်းမယ်လို့ မထင်ဘူးနော်"
ထိုစဉ်မှာမှ တစ်လျှောက်လုံး မိမိနှင့် မသက်ဆိုင်သကဲ့သို့ ငြိမ်သက်နေခဲ့သော လီဝေယန်းက ဝင်ပြောလာတော့သည်။ "ဒီတစ်ခေါက် ရှာဖွေဖို့ အမေ ဆုံးဖြတ်တာဟာ ကောင်းစေချင်တဲ့ သဘောနဲ့ပါပဲ၊ အဆင်မပြေမှာစိုးရင် အိမ်ဆောင်ခွဲတိုင်းက လူယုံကိုယ်စားလှယ်ကို ရှာတဲ့အဖွဲ့ထဲ ထည့်လိုက်လို့ရတယ်လေ၊ ဒါဆို မျှတသွားမှာပဲ မဟုတ်လား"
ဤသို့ဆိုလျှင် တာ့ဖန်းအပြင် အခြားသူများပါ သက်သေရှိနေတော့မည်။ အာ့ဖူးရန်အတွက်တော့ ဤအခြေအနေမျိုးက ပို၍ သင့်တော်နေသည်။ ထိုမျှမက အခြားသူများ ရှိနေသဖြင့် တာ့ဖူးရန် သက်သေတု ထုတ်လာပြ၍ မဖြစ်နိုင်တော့ပေ။
တာ့ဖူးရန်ကတော့ လီဝေယန်း၏ ရည်ရွယ်ချက်ကို ရိပ်မိသည်။ သူမ အေးတိအေးစက် လှောင်ရယ်လိုက်မိလေသည်။ 'ဒီအောက်တန်းစားမက အရာအားလုံး ကြိုစီစဉ်ပြီးသားကို မသိဘဲ၊ သေခါနီးမှာတောင် အလွတ် ရုန်းကန်နိုင်ဖို့ ကြိုးစားနေတော့တာပဲ'
လောင်ဖူးရန်က ပြောလိုက်သည်။ "ဒါဆို မြန်မြန် သွားကြ၊ တော်တော်တောင် ညဉ့်နက်နေပြီ"
တာ့ဖူးရန် ခေါင်းညိတ်လိုက်ပြီး လင်မားမားကို အချက်ပြလိုက်တော့ သူမက အခြားသူများကို ဦးဆောင်ခေါ်ကာ ရှာဖွေစစ်ဆေးရန် ထွက်သွားကြလေသည်။ အာ့ဖူးရန်နှင့် စန်းဖူးရန်တို့ကလည်း သူမတို့ ယုံကြည်ရသူတို့ကို လိုက်သွားဖို့ အမိန့်ပေးလိုက်သည်။ လောင်ဖူးရန်သည်လည်း ခေတ္တမျှဆိုင်းငံ့နေကာ တွေးလိုက်ပြီးနောက်၊ "လော့မာမား၊ သူတို့နဲ့ လိုက်သွားချေ" ဟု စေလွှတ်လိုက်တော့သည်။
"ဟုတ်ကဲ့"
လီဝေယန်း မျက်လွှာချထားလိုက်သည်။ လူသက်သေအများကြီး ဖြစ်သွားတော့ မည်သူကမျှ သက်သေခံပစ္စည်းကို ခိုးထည့်၊ ခိုးဖျောက်ရန် အခွင့်အရေးမရနိုင်တော့ချေ။ သူမ ဖြည်းဖြည်းချင်း မျက်လုံးပိတ်လိုက်သည်။ ရုတ်တရက် သူမအင်္ကျီလက်ကို လက်တစ်ဖက်က ဆောင့်ဆွဲလာလေ၏။
လီဝေယန်း မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမရှေ့မှာ လီမင်တျဲကို မြင်ရလေသည်။
လီမင်တျဲအကြည့်များက သိုသိပ်နက်နဲနေသည်။ သူ့မျက်တောင်ရှည်များက တုန်ခါနေသည်။ မျက်ဝန်းအတွင်းက လွန်စွာ နက်မှောင်၍ အရိပ်ကျ နက်ရှိုင်းနေသော်လည်း မျက်ဝန်းတွင်းက ခင်မင်တွယ်တာမှုကတော့ သူမအပေါ်မှာ စစ်မှန်နေသည်။
"စန်းကျဲ... နေလို့မကောင်းဘူးလားဟင်၊ ဘာလို့ မျက်နှာက ဒီလောက်ဖျော့တော့နေတာလဲ"
လီဝေယန်းက အသာအကြည် ပြုံးလိုက်ပြီး ဆိုသည်။ "တို့ အဆင်ပြေပါတယ်၊ ညလယ်ကြီး ဒီကို ဆွဲခေါ်လာခံရလို့ နည်းနည်းအိပ်ချင်သလို ဖြစ်နေတာ"
သူမ မျက်ဝန်းထဲ လှစ်ကနဲ အပြုံးတစ်ချက် ပေါ်သွားသည်ကို တွေ့သောအခါ လီမင်တျဲ "အာ..." ဟုသာ အသံပြုလိုက်တော့သည်။
လီချန်းလဲ့ကတော့ သူတို့နှစ်ဦးကို စိမ်းစိမ်းကြီး ကြည့်နေသည်။ လီမင်တျဲအား သူမက အနူးညံ့ဆုံး အကြင်နာဆုံး သဘောကောင်းပြ၍ အရောတဝင် လိုက်ခေါ်ပြောဆက်ဆံသော်လည်း သူမအပေါ် သူက ရေခဲတမျှ အေးစက်စက်သာ တုံ့ပြန်ချေသည်။ လီဝေယန်းအပေါ်၌မူ ယဉ်ပါးနေသော ကြောင်လိမ္မာပေါက်စလေးပမာ ကျိုးနွံကာ ပြောစကားနားထောင်တတ်သည်။ ဘာကြောင့် ဤသို့ ခွဲခြားဆက်ဆံခံရသည်ကို လီချန်းလဲ့ နားမလည်နိုင်တော့။
သူမနံဘေး၌ ထိုင်နေသော လီမင်ဖုန်းကလည်း ထိုအချင်းအရာကို သတိပြုမိသည်။ သူ အေးတိအေးစက်သာ ပြုံးလိုက်လေသည်။ 'လီဝေယန်း၊ နင် သေဖို့ ရက်ရောက်လာပါပြီ၊ ဒီနောက်ဆုံး အချိန်လေးမှာ အမှတ်တရဖြစ်အောင် ပျော်ပျော်ကြီး နေထားနှင့်ဦးပေါ့ကွာ'
လူတိုင်းက ခန်းမဆောင်ထဲ ထိုင်၍ နေရစ်ခဲ့ကြသော်လည်း မည်သူမျှ အချင်းချင်း စကားစမြည်ပြောရန် စိတ်လက်မပါကြတော့ပေ။ မိမိတို့ ကိုယ်စီ အတွေးများဖြင့်သာ အချိန်ကုန်နေခဲ့ကြသည်။ ရံဖန်ရံခါဆိုသလို လီမင်တျဲနှင့် လီဝေယန်း တီးတိုးစကားပြောနေသံကို ကြားရတတ်သော်လည်း၊ ထိုအသံမှ လွဲလျှင် လောင်ဖူးရန်၏ စိပ်ပုတီးသံ တချောက်ချောက်သာ ရှိလေသည်။
နှစ်ရှီချန်မျှကြာသော် အိမ်ဆောင်ဝန်းများ သွားရှာဖွေကြသူတို့ ပြန်လာကြလေပြီ။ ဦးဆောင်လာသူမှာ အသွားကကဲ့သို့ လင်မားမားမဟုတ်တော့၊ နောက်ဆုံးမှ လိုက်သွားခဲ့သည့် လော့မားမား ဖြစ်နေလေသည်။
လော့မာမား လက်ခုပ်တီးကာ ပြောလိုက်သည်။ "အဲ့ဒါတွေ ဒီကိုသယ်ခဲ့"
တာ့ဖူးရန်၏ နှုတ်ခမ်းစွန်းများ ကွေးညွတ်သွားကာ မသိမသာ ခပ်ယောင်ယောင်အပြုံးကို လှစ်ပြလာတော့သည်။
ယားထိုက လင်ပန်းတစ်ပန်းကို မကာ ခန်းမဆောင်ထဲသို့ သယ်လာသည်။ လင်ပန်းပေါ်ကို အဝတ်စဖြင့် ဖုံးအုပ်ထား၍ အောက်မှ တစ်ခုခု ပြူဖောင်းထွက်နေသည်ကို တွေ့နေနိုင်သည်။ တမင်တကာ မမြင်သာအောင် ဖုံးကွယ်ထားပုံရသည်။
တာ့ဖူးရန်က ခပ်ကျယ်ကျယ် ရယ်သွမ်းလိုက်တော့သည်။ "ဘာတွေ ရှာတွေ့ခဲ့ပါသလဲ"
လော့မာမားသည် တာ့ဖူးရန်အား မသင်္ကာဟန်ဖြင့် ကြည့်လိုက်ကာ ဆိုလေတော့သည်။ "တာ့ဖူးရန်ကို လျှောက်တင်ပါတယ်၊ အိမ်ဆောင်ဝန်းတိုင်းမှာ ရှင်းလင်းနေပေမဲ့ တာ့ရှောင်ကျဲရဲ့ မီးဖိုဆောင်မှာတော့ ထူးဆန်းတာကို ရှာတွေ့ခဲ့ပါတယ်"
ရုတ်တရက် လီချန်းလဲ့ မတ်တတ်ရပ်လိုက်မိသည်။ သူတို့ အချင်းကို ရှာတွေ့သွားနိုင်သည်ကို သူမ တွေးမိလိုက်သော်လည်း အောက်လမ်းကိစ္စနှင့် မဆိုင်ဟု သူမ ထင်သည်။ အချင်းမှာ အလှအပထိန်းသိမ်းရန်အတွက်သာ ဖြစ်လေသည်။ ကျက်သရေမရှိသောအရာ ဖြစ်သော်လည်း ပြစ်မှုကြီးတော့ မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲ တစ်မျိုးတစ်မည် ဖြစ်သွားမိတော့သည်။ မိခင်က အိမ်ဆောင်ဝန်းများကို မရှာမနေရ၊ အတင်းရှာခိုင်းနေသောကြောင့် လီဝေယန်း၏ အိမ်ဆောင်ဝန်းအတွင်းမှ တစ်စုံတစ်ခုထွက်လာမည်ဟု သူမ ထင်လိုက်မိသည်။ သို့သော် ဘာကြောင့် ဘာမှ မတွေ့ခဲ့သည်လဲ။
တာ့ဖူးရန်ကတော့ ထိတ်လန့်တုန်လှုပ်သွားကာ၊ "ဘာပြောလိုက်တယ်"
လော့မာမားသည် လင်ပန်းပေါ်မှ အဝတ်စကို ဖယ်မပြလိုက်တော့သည်။ ထိုအဝတ်စအောက်၌ ရှိနေသည့်အရာ၏ ပုံမှန်မဟုတ်သည့် အရောင်အဆင်းကို ကြည့်ရုံမျှဖြင့် အသားတစ်စိုင် တစ်ခုခု အပုံလိုက်ဖြစ်သည်ဟု ထင်ရလေသည်။ လီချန်းရု ထိုအရာကို မြင်လိုက်သည်နှင့် မျက်မှောင်ကြုတ်မိသွားတော့သည်။ "ညှီဟောက်နေတာပဲ၊ ဘာကြီးလဲ"
လီချန်းလဲ့ မျက်မှောင်ကလေး ကြုတ်မိသွားတော့သည်။ သူမကိုယ်သူမလည်း လောဘကြီးမိသည့်အတွက် အပြစ်တင်နေမိတော့သည်။ သူမသည် လီချန်ရှီးထံမှ အချင်းတစ်ဖတ်မျှသာ တောင်းယူရုံမယူဘဲ အချပ်လိုက်ကြီး ယူလာခဲ့မိလေသည်။ စားဖွယ်အဖြစ် မပြင်ဆင်ရသေးဘဲ အစိမ်းလိုက်ဖြစ်နေသောကြောင့် လွန်စွာ ရွံဖွယ်ကောင်းနေလေ၏။
သူမ တုံ့ဆိုင်းနေကာ မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။ ထိုစဉ် တာ့ဖူးရန်က သက်ပြင်းမောတစ်ချက်ချလိုက်ကာ ပြောလာလေသည်။ "သြော်၊ အချင်းလေးတစ်ခုပဲကို" ဤအရာမှာ သွေးသံတရဲရဲဖြစ်နေသော်လည်း အလှအပအတွက် ဖြည့်စွက်အစာဖြစ်နေသည်။ ချန်းလဲ့မှာ ဤအရာမျိုးကို လိုလိုလားလား စားရဲလောက်အောင်ပင် အလှအတွက် သတ္တိကြီးလှပါတကား။ ထို့နောက်တော့ သူမ ပြုံးလိုက်ကာ လော့မားမားအား ပြောလိုက်တော့သည်။ "ဒါအပြင်ကို၊ တခြားအိမ်ဆောင်ဝန်းတွေမှာ ဘာမှ မတွေ့ခဲ့ဘူးလား"
သူမ အသေအချာ လူလွှတ်၍ သစ်သားရုပ် ၇ ရုပ်ကို မြေမြုပ်ထားခိုင်းနှင့်ပြီးပြီ။ အဘယ်ကြောင့် တစ်ရုပ်တလေမျှ ရှာမတွေ့ခဲ့သည်လဲ။
လော့မာမားက ဆိုသည်။ "ခန်းဆောင်တိုင်း ရှာပြီးပါပြီ၊ ဘာမှ မရှိပါဘူး"
တာ့ဖူးရန် မျက်နှာထားက ရုတ်တရက် အရုပ်ဆိုးအကျည်းတန်သွားတော့သည်။
လော့မာမားက ခေတ္တမျှ တုံ့ဆိုင်းနေပြီး လူတိုင်း၏ မျက်နှာထားကို အကဲခတ်ကြည့်လိုက်သည်။ ပြီးမှ စကားဆက်တော့၏။ "ဒါပေမဲ့ အချင်းထဲမှာတော့ ထူးဆန်းတာတစ်ခု ရှိနေပါတယ်. . ."