၂၅။ ဘယ်သူက ရုပ်သေးရုပ်လဲ

1.6K 336 10
                                    

၂၅။ ဘယ်သူက ရုပ်သေးရုပ်လဲ (Sharr, Nc)

သုံးရက်ကြာပြီးနောက် အာ့ဖန်း(ဒုတိယအိမ်တော်ခွဲ)၏ ရှောင့်ကျဲ(မမလေး)လီချန်းရုမှာ မစောင့်နိုင်တော့၍ အဝတ်အစားသစ်များကို ချက်ချင်း ဝတ်ဆင်လိုက်သည်။ ဂါဝန်မှာ ကျင်းချောင်ဖဲသားပိုးထည်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အဝါရောင်ဂါဝန်သည် မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။ ဂါဝန်ပေါ်တွင် ဇာမဏီငှက်ပုံ ပန်းထိုးကာအလှဆင်ထားပြီး လမ်းလျှောက်လိုက်တိုင်း အရောင်နှင့်ပန်းပုံစံတို့မှာ စိတ်ကူးယဉ်ဆန်လှသည်။ တစ်ခြားနေ့တွေနှင့် နှိုင်းယှဉ်လျှင် ချန်းယုမှာ ပိုပြီး လှပကြော့ရှင်းနေပုံပေါ်သည်။ သူမ ဟော်ရှမ်းယွမ်ကို ရောက်လာစဉ် အားလုံး၏ စိတ်ဝင်စားမှုကို ရသွားတော့သည်။

ထိုစဉ် လီချန်းလဲ့သည် သူမ၏ကံကောင်းစေသော ကြောင်လေးကို ပိုက်လျက် ရောက်လာသည်။ လှပကြော့ရှင်းပြီး တောက်ပနေသောဂါဝန်ကို လီချန်းရု ဝတ်ထားသည်ကို သူမသတိထားမိပြီးနောက် သူမမျက်နှာ အမူအရာမှာ ချက်ချင်း အဆိုးဘက်သို့ ပြောင်းသွားတော့သည်။

ချန်းရုနှင့် ချန်းလဲ့ မရောက်ခင်ကတည်းက လီဝေယန်းမှာ သူတို့ထက် ကြိုရောက်နေခြင်း ဖြစ်သည်။ ဤအဖြစ်အပျက်တို့ကို ကြည့်ပြီး သူမ ပြုံးမိလိုက်၏။ သူမတို့၏ တာ့ကျဲ(မမကြီး) အလွန်တန်ဖိုးထားသောအရာမှာ သူမအလှဖြစ်ပြီး တစ်လောကလုံး အလှဆုံးသူမှာ သူမဖြစ်သည်ဟု သူ့ကိုယ်သူလည်း ယုံကြည်ထားသည်။ အကောင်းဆုံးအရာများကို သူမသာ ရသင့်သည်ဟုလည်း ချန်းလဲ့ ယုံကြည်ထားသေးသည်။ ဤအကြောင်းများကြောင့်ပင် သူရသင့်သည့် လှပလွန်းသောပိုးထည်ဖြင့် ရက်လုပ်ထားသော ဂါဝန်ကို လီချန်းရုကိုယ်ပေါ်တွင် မြင်ရသည့်အခါ ချန်းလဲ့မျက်နှာမှာ စိမ်းဖန့်သွားတော့၏။ သို့သော်မေတ္တာတရား အပြည့်အဝရှိပြီး ကြင်နာတတ်သောနှလုံးသားပိုင်ရှင်ကဲ့သို့ ထိုအရာတို့ကို အလေးမထားဟန်ဆောင်နေတတ်သဖြင့် သူမ ဂုဏ်သတင်းမွှေးနေခြင်းဖြစ်သည်။

လီဝေယန်း ခန်းမဆောင်ဘက်သို့ လမ်းလျှောက်လာခဲ့သည်။ လောင်ဖူးရန်၏ ဝါသနာမှာ ငှက်တို့ကို မွေးမြူရခြင်းဖြစ်၏။ သူမအနှစ်သက်ဆုံးမှာ အဝင်ဝတွင်ထားသော အနီရောင်ကြက်တူရွေးဖြစ်လေသည်။ တစ်ခါက အမတ်ချုပ်ကြီးအိမ်တော်တွင် သူခိုးများဝင်ရောက်ရာ စကားပြောတတ်သည့် ဤကြက်တူရွေးကြောင့် လောင်ဖူးရန် အသက်ချမ်းသာရာရခဲ့သည်။ ဤကြက်တူရွေးသည် လောင်ဖူးရန်အတွက် အထူးတလည် အရေးပါလှသည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now