၃၃။ သမီးကို ဆိုဆုံးမခြင်း

1.5K 325 8
                                    

၃၃။ သမီးကို ဆိုဆုံးမခြင်း (Nc)

လီဝေယန်း စာရွက်တစ်စကို ထုတ်ယူလိုက်သည်။ ထိုစာရွက်တွင် ရေးထားသည်ကတော့- 'အရေးတကြီးပြောစရာရှိတယ်၊ လျို့ဝှက်ချက်... မြန်နိုင်သမျှ မြန်မြန်လာပါ' ဟူ၍။

ရိုးရိုးသာမာန်စာတစ်ရွက်၊ သို့သော် စာရေးသူက စာနှစ်လုံးကို အောက်တွင် ရေးထိုးထားသည်။ ရှန်းဟွေ ဟူ၍။

လီဝေယန်း အသာပြုံးလိုက်ပြီး ဆိုသည်။ "ဒါကို ကောင်းကျင်းပြောင့်ကောရဲ့ ကိုယ်ပေါ်မှာ ရှာတွေ့ခဲ့တာ... ရှန်းဟွေဆိုတာကတော့..."

စာရွက်ကို ကြည့်ပြီးသောအခါ အမတ်ချုပ်လီ၏ မျက်နှာထားလည်း လုံးဝပြောင်းလဲသွားတော့သည်။ 'ရှန်းဟွေ' ဤစကားနှစ်လုံးမှာ သူက ချစ်သမီးကို ချစ်စနိုးနှင့် ပေးထားသော အိမ်နာမည်ဖြစ်လေသည်။

ဝေ့ကော်ဖူးရန်နှင့် ကောင်းမင်လည်း စိတ်ရှုပ်ထွေးသွားမိသည်။ ဝေကော်ဖူးရန်ဟာ သူမသားကို လီဝေယန်းက ထိခိုက်နာကျင်စေသည်ဟုသာ တစ်လျှောက်လုံး ထင်နေခဲ့သော်လည်း ဤသို့ စာရွက်ပိုင်းလေးတစ်ပိုင်း ထွက်လာမည်ဟုတော့ ထင်မထားခဲ့ပေ။ သူမကလည်း ငထူငအ မဟုတ်သောကြောင့် ချက်ချင်း အလုံးစုံနားလည်သွားလေသည်။ --- လီချန်းလဲ့တို့ သားအမိက သူမ လက်ဖြင့် ကိုယ်လုပ်တော်ဖွားသမီးတစ်ယောက်ကို ဖယ်ရှားပစ်ချင်နေသတဲ့လား။ သို့ဆိုလျှင်တောင် သူမ သားကို အသက်အန္တရာယ်နီးနီးကျရောက်စေမည့်အဖြစ်မျိုး မဖြစ်စေသင့်ပေ။ သူမ မျက်နှာထား ချက်ချင်းပင် ရှုံ့မဲ့သွားတော့သည်။ သူမ လက်ရှိအခြေအနေကိုသာ အေးစက်စွာ စောင့်ကြည့်နေတော့လေသည်။

မိုးခြိမ်းသံအလား ကျယ်လွန်းသော အသံကြောင့် အားလုံး လှည့်ကြည့်လိုက်ကြသည်။ တာ့ဖူးရန် မျက်နှာတော် ညိုမည်းကာ အော်လိုက်ခြင်းဖြစ်သည်။ "အဓိပ္ပါယ်မရှိတာတွေ...!"

လီဝေယန်း မျက်နှာထားကတော့ ပြောင်းလဲခြင်း မရှိ၊ သူမက ဆိုလိုက်သည်။ "အမေ၊ ဒီမှာရှိနေတဲ့ ယားထိုတိုင်း မားမားတိုင်း သက်သေထွက်ဆိုပေးနိုင်တယ်၊ ဒီစာရွက်ကို ကောင်းကျင်းပြောင်ကော ကိုယ်ပေါ်ကရှာလို့ရလာတာကို သူတို့အားလုံး မျက်ဝါးထင်ထင်မြင်ခဲ့ကြတာ"

အဆိပ်/လီဝေယန်းWhere stories live. Discover now