၁။ နန်းကျ ဧကရီ

10.5K 536 24
                                    

၁။ နန်းကျ ဧကရီ (NC)

တာ့လီ

အအေးနန်းဆောင်၏ လောင်းရိပ်အောက်၌ လီဝေယန်းတစ်ယောက် သူမ ဆံရှည်များကြားမှ သန်းခြောက်ကောင်တိတိဖမ်းမိလေသည်။ သူမ နောက်ဆုံးရေချိုးဖြစ်ခဲ့ခြင်းသည်ပင် နှစ်ပေါင်းများစွာကြာခဲ့ပြီ။ သူမ ခန္ဓာမှာ ထူထဲလှသောသံချပ်ကာ ဝတ်ဆင်ထားသကဲ့သို့ လေးလံထိုင်းမှိုင်းနေမိသည်။ သန်းတုပ်ခြင်းသာ အချိန်ဖြုန်းစရာ တစ်ခုတည်းသော အလုပ်ဖြစ်လာခဲ့သည်။

တစ်ဆယ့်နှစ်နှစ်။ အအေးနန်းဆောင်တွင် သူမ အကျယ်ချုပ်ကျနေသည်ပင် ဆယ့်နှစ်နှစ်တိုင်ခဲ့ပြီ။ ဝေယန်း ကောင်းကင်ထက်သို့ ဦးမော့ကာ မျှော်ကြည့်မိသည်။ မိုးရွာသည့်အခါတိုင်း သူမ ခြေများကိုက်ခဲနေခဲ့သည်။ ရူးချင်လောက်အောင် နာကျင်နေခဲ့သည်။

သူမက အမတ်ချုပ်ကြီး လီရှောင်းရန်၏ သမီးရင်းတစ်ဦး။ သို့သော် သူမက ပဏာမဇနီးမှ ဖွားမြင်ခဲ့သူ မဟုတ်ဘဲ ကိုယ်လုပ်တော်မှ မွေးခဲ့သူဖြစ်သည်။ သူမမိခင်က အဆင့်အတန်းနိမ့်သော အစေခံသာသာ။ ထိုမျှမက၊ ၂ လပိုင်းတွင် မွေးသော သမီးမိန်းကလေးများသည် မိသားစုကိုကံဆိုးစေသည်ဟူသည့် စကားနှင့် တိုက်ဆိုင်စွာ သူမအား ၂ လပိုင်းတွင် ဖွားမြင်ခဲ့သည်။ ရလဒ်အနေနှင့် သူမဖခင်က သူမအား ရပ်ဝေးရှိ ဆွေမျိုးများထံ အပ်နှံကာ စောင့်ရှောက်စေခဲ့၏။ သို့သော် ရပ်ဝေးဆွေမျိုးများသည်ပင် အစေခံမှမွေးသောကလေးအား မပျိုးထောင်လိုကြ။ သူတို့က သူမအား ကျေးလက်ဒေသတစ်ခုသို့ပို့၍ ကိုယ့်ဝမ်းကိုယ်ကျောင်းစေခဲ့သည်။ သူမဖခင်က အမတ်ချုပ်ကြီး၊ သူမမိသားစုက တာ့လီတွင် ဩဇာအညောင်းဆုံးသော မိသားစုများထဲမှတစ်ခု၊ သို့ပါလျက် သူမမှာ အိမ်မှုကိစ္စပါမကျန် ယာတောအလုပ်ပါ ကူလုပ်ရ၍ မိမိကိုယ်ကိုသာ အားထားခဲ့ရသည်။

သူမကို ပစ်ပယ်ထားကြသည်။ မေ့သွားခဲ့ကြသည်။ သူမ၏ အဖေတူအမေကွဲအစ်မ လီချန်းလဲ့က ထိုလူအား လက်ဆက်ရန်ငြင်းဆန်သောအခါမှသာ သူမဖခင်နှင့် သခင်မကြီး (ပဏာမဇနီး)တို့က သူမအား လှည့်ကြည့်ကြတော့သည်။

ချန်းလဲ့၊ ဝေယန်း၊ သူတို့၏ အမည်များကပင် ကမ္ဘာခြားနေခဲ့သည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now