၈။ သဘောထားပြည့်ဝသော မိခင်၊ ရိုသေလေးစားတတ်သော သမီး

2K 340 14
                                    

၈။ သဘောထားပြည့်ဝသော မိခင်၊ ရိုသေလေးစားတတ်သော သမီး (Nc, Grace)

ယခင်အမတ်ချုပ်ကြီး လီချန့်ရှန်းမှာ သက်လတ်ပိုင်းအရွှယ်၌ပင် ဆုံးသွားခဲ့သည်။ သူ့ဇနီး မုန်းရှီမှာ စိတ်မကောင်းဖြစ်လွန်း၍ အိမ်မကြီးမှ ထွက်လာခဲ့ပြီးနောက် ဝန်းခြံငယ်ဘက်သို့ ပြောင်းလာကာ အေးဆေးဆိတ်ငြိမ်စွာ နေလေတော့သည်။ အိမ်မကြီးက သူမအား ဆုံးသွားသော ခင်ပွန်းသည်ကို သတိရတမ်းတနေစေမည်စိုးသောကြောင့် ဟယ်ရှမ်းယွမ်ဘက်ပြောင်းလာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဟယ်ရှမ်းယွမ်သည် အိမ်မကြီးမှ အဝေးဆုံးဘက်စွန်းတွင် ရှိနေသည်။ လွန်စွာ တသီးတသန့်ဖြစ်၍ ဆိတ်ငြိမ်သည်။ ထို့ကြောင့်လည်း သူမက အိမ်တော်၏ အတွင်းရေးကိစ္စအဝဝတွင် ဝင်ရောက်စွက်ဖက်ခြင်း ပြုမနေတော့ပေ။

ဖခင်ဘက်မှ တော်စပ်သော ဤအဘွား မုန်းရှီမှာ ရိုးသားအေးဆေးစွာ နေတတ်ပြီး စကားနည်းသော အမျိုးသမီးတစ်ဦးဖြစ်သည်။ အများသူငှာနှင့် ပေါင်းသင်းဆက်ဆံခြင်းလည်းမရှိ။ မည်သို့ပင်ဖြစ်စေကာမူ သူမသည် တရားမျှတ၍ ဖြောင့်မတ်သော အမျိုးသမီးတစ်ဦးဖြစ်လေသည်။ သူမသည် ဘယ်သောအခါမျှ တစ်ပါးသူအား မတရားဖိနှိပ်စွပ်စွဲ နှိပ်စက်ကလူပြုခဲ့ခြင်းမျိုး မရှိခဲ့။ ဤအကြောင်းများကြောင့်လည်း လီဝေယန်းက သူမအား အမြဲလေးစားခဲ့ရသည်။ ကံမကောင်းချင်တော့ ယခင်ဘဝ၌ လောင်ဖူးရန်*၏ ကျန်းမာရေးက မကောင်းခဲ့သဖြင့် လီဝေယန်း ဧကရီမဖြစ်လာခင်ကတည်းက ဆုံးသွားနှင့်လေသည်။

ခန်းဆောင်အတွင်း၌ မုန်းရှီက အလယ်၌ ထိုင်သည်။ သူမ ဝတ်ဆင်ထားသော စိမ်းပြာရောင်ပိုးသားအင်္ကျီမှာ ကောင်းချီးအမှတ်အသားအဆင်များနှင့် ပန်းထိုးအလှဆင်ထားလေသည်။ သူမ ခေါင်းထက်တွင်တော့ အလယ်၌ကျောက်စိမ်းတစ်ခု တပ်ဆင်ထားသည့် သတိုးမြွေပါသားမွှေးခေါင်းဆောင်းတစ်ခုရှိနေလေသည်။ လီဝေယန်း၏ ကျက်သရေရှိတည်ငြိမ်လှပုံကို ကြည့်၍ သူမက ခေါင်းတညိတ်ညိတ်ဖြင့် ရိုးရှင်းစွာဆိုလိုက်သည်။ "ညည်း ပြန်ရောက်လာတာ ကောင်းတယ်..."

ဘာကြောင့်ရယ်တော့ သူမမသိ။ ဤစကားတစ်ခွန်းကြားရုံမျှဖြင့် လီဝေယန်း မျက်ဝန်းများ နီမြန်းလာတော့သည်။ လူတိုင်း ဤသည်ကို တွေ့သောအခါ စိတ်နှလုံးထိခိုက်ခံစားမိကြလေတော့သည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now