၄၅။ ကစားပွဲကို ဦးဆောင်ချုပ်ကိုင်

1.4K 311 13
                                    

၄၅။ ကစားပွဲကို ဦးဆောင်ချုပ်ကိုင် (Ncm, Sharr)

တာ့ဖူးရန် ရုတ်တရက် ထရပ်လိုက်သည်။ "ချန်းလဲ့၊ ဘာလို့ ဒီလို အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ"

သူမ ပြောရင်းနှင့် ချန်းလဲ့ကို သတိပေးသည့် အကြည့်နှင့် ကြည့်လိုက်သည်။ လီချန်းလဲ့မှာ သူမ၏ ဆံကေသာထက်က ရွှေကလစ်တွင် နစ်နေသည့် ပုလဲလုံးလေးလို အေးခဲတောင့်တင်းသွားသည်။ နောက်ဆုံး သူမ ပြန်မတုံ့ပြန်နိုင်ခင် ခဏကြာသည်အထိ အသက်ရှူရန် မေ့လုနီးပါးဖြစ်သွားခဲ့သည်။

"စန်းမေး၊ ဒါတွေအားလုံးက တာ့ကျဲအမှားတွေပါ၊ မေးကို မှားယွင်းစွပ်စွဲမိတယ်"

သူတို့သရုပ်ဆောင်ချက်များကို ကြည့်ပြီးနောက် လီဝေယန်း ခေါင်းမခါဘဲ မနေနိုင်တော့။ သည်လို ပြောင်းလဲလွယ်ပြီး မျက်နှာနှစ်ဖက်၊ လျှာနှစ်ခွနှင့် လူများအတွက် သူမ အရင်ဘဝက သည်လောက်တောင် တုံးအခဲ့သည်လား။ တကယ်တော့ သူတို့က သရုပ်ဆောင်ကောင်းလွန်း၍ မဟုတ်။ သူမ မိသားစုလိုချင်ခဲ့သည့်အတွက်ကြောင့် သူတို့ သူမကို အလွယ်တကူ လှည့်ဖြားနိုင်ခြင်းပင်။

သည်အဖြစ်အပျက်ကို မျက်မြင်တွေ့ရတော့ ထော့ပါကျန်းလည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဘာတွေဖြစ်နေတာလဲ။

လီမင်ဖုန်းမှာ သူ၏ ဖြတ်ထိုးဉာဏ်ကို အမြဲတစေ ကြွားဝါဂုဏ်ယူနေတတ်ပြီး ယခုလို နှောင့်ယှက်မှုမျိုး တစ်ခါမှ မကြုံဖူးပေ။ သူ၏ မျက်နှာထား တဖြည်းဖြည်း နီမြန်းလာပြီး သူပြောလိုက်သည်။

"ရှာဖို့လွှတ်လိုက်တဲ့ သူတွေ အခုထိ ပြန်မရောက်ကြသေး---"

အခြေအနေများက သည်အထိဖြစ်လာမှတော့ ဇီယန် သက်သေတုကို တစ်ခုလေးပဲဖြစ်ဖြစ် လုပ်ဖြစ်ခဲ့ဖို့ သူမျှော်လင့်နေမိသည်။ သို့မှသာ လီဝေယန်း၏ အိမ်ဆောင်တွင် ဝှက်ထားခဲ့သည့် ပစ္စည်းများကို ရှာတွေ့သွားကြပေမည်။

ထိုအချိန်မှာပင် လော့မားမားက သူ့လူများကို ဦးဆောင်ပြီးဝင်လာသည်။ သူမက လောင်ဖူးရန်ကို အရိုအသေပေးလိုက်ပြီး ပြောသည်။ "လောင်ဖူးရန်၊ လောင်ယဲ... စန်းရှောင့်ကျဲရဲ့ ဂေဟာက ရှင်းလင်းနေပါတယ်၊အဲ့ဒီမှာ ဘာသံသယဖြစ်စရာမှ ရှာမတွေ့ခဲ့ပါဘူး"

အဆိပ်/လီဝေယန်းWhere stories live. Discover now