၆၅/၁။ ဗျူဟာထဲက ဗျူဟာ

1.5K 320 5
                                    

[၁] 打草惊蛇 ခြုံကိုရိုက်၍ မြွေကို လှန့် - အလျင်စလို တုန့်ပြန်မိသောကြောင့် ရန်သူကို အသိပေးသကဲ့သို့ ဖြစ်သွားသည်။

၆၅/၁။ ဗျူဟာထဲက ဗျူဟာ (Nc)

____

နောက်တစ်နေ့နံနက် လီချန်းလဲ့ တာ့ဖူးရန်ကို ဂါရဝပြုရန် ရောက်လာခဲ့သည်။ သူမ၏ မျက်နှာထားက နေထိုင်မကောင်းဟန်ဖြစ်နေသောကြောင့် လီချန်းလဲ့ ပျော်ရွှင်မြူးသွားမိကာ မေးလေတော့သည်။ "အမေ...ဘာသတင်းကောင်းများရှိနေပြီလဲ"

တာ့ဖူးရန်က ပြုံးလိုက်သည်။ သူမက လီချန်းလဲ့၏ စိုရွှန်းလဲ့လဲ့ ကြည်လင်မျက်ဝန်းတို့ကို ကြည့်လိုက်ကာ ဆိုလိုက်၏။ "ဒါပေါ့၊ အမေ အကုန်လုံး စီစဉ်ပြီးသွားပြီ... စိတ်အေးသက်သာ နေလေရော့"

လီချန်းလဲ့ မျက်နှာမှာလည်း အပြုံးစတို့ဖြင့် ဝင်းပလာတော့သည်။ သူမမိခင်က ထိုအမျိုးယုတ်မ လီဝေယန်းအား အပြတ်ရှင်း ဖယ်ရှားတော့မည်ကို သူမ ကြိုတင်ခန့်မှန်းမိပါသည်။ သူမက ပြုံးကာ ဆိုလိုက်သည်။ "အမေ၊ သမီး လီဝေယန်းကို အနီးကပ်စောင့်ကြည့်ထားဖို့ လူလွှတ်ထားပြီးပြီ. . . ."

"မဖြစ်ဘူး... တို့တွေ ခြုံပုတ်ကို ရိုက်မိလို့ မြွေလန့်ပြေးတာမျိုး အဖြစ်ခံလို့ မဖြစ်ဘူး...[၁] ဒီကောင်မစုတ်လေးက အမြဲ သတိကြီးကြီးနဲ့နေတာ၊ ဒီအကြံအစည်ကို သိတဲ့သူ နည်းလေ ပိုကောင်းလေလေ"

"ဒါပေမဲ့..." လီချန်းလဲ့ လီဝေယန်းကို အပြစ်ပေးပညာပြရာမှာ သူမလက် သူမခြေဖြင့်လည်း ပါဝင်လိုမိသည်။

တာ့ဖူးရန်က တည်ငြိမ်အေးဆေးစွာ ပြန်ပြောလိုက်၏။ "အမေ လုပ်တာကိုသာ ကြည့်နေစမ်းပါ" သူမက သူမ၏ အကြံအစည်တစ်ခုလုံးကို လီချန်းလဲ့အား အသိပေးမနေတော့။ အတိတ်တုန်းကတော့ သူမ ချန်းလဲ့၏ လက်ကို သွေးမစွန်းစေလို၍သာ။ ယခုတော့ သူမ ချန်းလဲ့ကို အာရုံများမှာစိုး၍ ဖြစ်သည်။ "အခု မင်းရဲ့ အဓိကဦးတည်ချက်က အိမ်ရှေ့မင်းသားဖြစ်ဖြစ်၊ သတ္တမမင်းသားဖြစ်ဖြစ် မင်းကို စွဲမက်သွားမိအောင် လုပ်ဖို့ပဲ"

လီချန်းလဲ့ မျက်မှောင်ကြုတ်လိုက်တော့သည်။ "အမေတို့က အိမ်ရှေ့မင်းသားအကြောင်းပဲ ပြောနေတော့တာပဲ၊ တာ့ကောပြောတော့ သူက ဉာဏ်နည်းတယ်ဆို... ပြီးတော့ သတ္တမမင်းသားဆိုတာက သမီးနဲ့ အသက် မတိမ်းမယိမ်း မဟုတ်လား၊ အရှင်မင်းကြီးက သူ့ကို ချစ်သနားလို့သာ အရေးပေးခံရတဲ့ မင်းသားဖြစ်နေတာ၊ တာ့ကောက ပြောသေးတယ်၊ တတိယမင်းသားကတော့ အခြားမင်းသားတွေလို မဟုတ်ဘူးတဲ့... သူ့လုပ်ရပ်တွေက မြင့်မြတ်ပြီး ဂုဏ်ရှိ ဖြောင့်မတ်သတဲ့"

အဆိပ်/လီဝေယန်းWhere stories live. Discover now