၁၄။ မိထွေး သွေးထွက်* - နစ်နာဆုံးရှုံးသည်

1.8K 385 10
                                    

၁၄။ မိထွေး သွေးထွက်* - နစ်နာဆုံးရှုံးသည် (Tr,Nc)

____

တာ့ဖူးရန် သူမကိုယ်ကို တည်ငြိမ်အေးဆေးဟန် ထိန်းယူလိုက်ပြီး လင်မားမားကို အေးတိအေးစက် ဆူကြိမ်းတော့သည်။

"ငါ နင့်ကို ဒီကိစ္စ အထူးတလည်ခိုင်းထားခဲ့တာ၊ တခြားလူခိုင်းရင် ငါ စိတ်မအေးရမှာစိုးလို့၊ သူ့ဆီ အင်္ကျီသစ်တွေ အမြန်ယူသွားပေးလိုက်ပါလို့ ငါ ခဏ ခဏပြောတယ်၊ နင် ဘာလို့ မပို့ရသေးတာလဲ... ဝေယန်းက ငါတို့ လီအိမ်တော်ရဲ့ တတိယသခင်မလေး၊ အမတ်ချုပ်ကြီးရဲ့သမီးပဲ... နင် ဒီလို နှေးတုံ့နှေးတုံ့လုပ်နေတာကို သူက ဘယ်သည်းခံနိုင်ပါ့မလဲ၊ ငါတို့ရဲ့ တတိယသခင်မလေးကို လူကြားသူကြားထဲ အဝတ်ဟောင်းတွေ ဝတ်စေလို့ မဖြစ်ဘူး၊ မင်းတို့က ငါတို့ သားအမိကြားမှာ အထင်လွဲစေချင်နေတာလား၊ အခြားသူတွေအမြင်မှာ ငါက တတိယသခင်မလေးကို မတော်မတရား ဆက်ဆံနေတယ်လို့ ဖြစ်စေချင်နေတာလား..."

တာ့ဖူးရန်၏ စကားများကို နားထောင်လျက် လီဝေယန်း ရိုသေလေးစားစွာ ငြိမ်သက်ကာ နေသည်။ သို့သော် စိတ်ထဲတွင်တော့ အေးစက်စွာ ရယ်နေမိသည်။ တာ့ဖူးရန်တစ်ယောက် တာ့ဖူးရန် ဖြစ်နေသည်မှာ အကြောင်းရှိသည်။ သူမ ကွေ့ကွေ့ကောက်ကောက် အပိုတွေပြောကာ လေကုန်ခံမနေပေ။ သူမပြောသမျှ စကားလုံးတို့သည် ချက်ကျလက်ကျရှိလှသည်။ ဝေယန်းလည်း ဤသို့ပြောလိုက်၍ရသည်။ သို့သော် သူမကိုယ်တိုင်ပြောလျှင်မူ တာ့ဖူးရန် မျက်နှာပျက်ရပေမည်။ အခြားတစ်ဖက်တွင်မူကား တာ့ဖူးရန် ကိုယ်တိုင် ဤစကားများပြောသောအခါ၊ လင်မားမားကို အပြစ်လွှဲချသကဲ့သို့ဖြစ်မည်။

လင်မားမားက အလျင်အမြန် ဒူးထောက်ကာ တုံ့ပြန်လိုက်သည်။ ထို့နောက် သူမအမှားဖြစ်ကြောင်း၊ သူမ တာဝန်မသိတတ်မှု ပေါ့လျော့မှုတို့ကြောင့် ဤသို့ဖြစ်ရကြောင်း ငိုရှိုက်ရင်း ဝန်ခံလေသည်။ တာ့ဖူးရန်က သူမအား နှုတ်မှ ပြောဆိုတာဝန်ပေးစေခိုင်းခဲ့သော်လည်း လီဝေယန်းအတွက် အဝတ်အစားသစ်များ တကယ်တွင် မချုပ်လုပ်ပေးလိုမှန်း သူမ သိသည်။ လီချန်းလဲ့ရေထဲကျရသည့်ကိစ္စနှင့် စပ်လျဉ်း၍ တာ့ဖူးရန် စိတ်ဆိုးသွားခဲ့သည်။ ထို့ကြောင့်လည်း ဒီနှစ်ရက်အတွင်း ဝေယန်း လာရောက်တောင်းပန်ခယလာသည်ကို တာ့ဖူးရန်က စောင့်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် လီဝေယန်းက လောင်ဖူးရန်အား တိုက်ရိုက် ပြောဆိုလိမ့်မည်ဟုတော့ မထင်မိခဲ့ကြ။

အဆိပ်/လီဝေယန်းWhere stories live. Discover now