၅၀။ နှင်းထဲ ငါးမျှား

1.4K 330 10
                                    

[၁]倾国倾城: တိုင်းပျက်မြို့သုဥ်း = တိုင်းပြည်နှင့် မြို့ကြီးများကို ပျက်သုဥ်းစေနိုင်သည့် အလှမျိုးကို ​ေဖာ်ကျူးရာ၌ သုံးသည်။

[၂]衙门: ယာမန် = မှူးမတ်အရာရှိများ တရားစီရင်ရာ အဆောက်အဦးကို ခေါ်ဝေါ်သော ရှေးခေတ်အသုံးအနှုန်း
                                             
၅၀။ နှင်းထဲ ငါးမျှား (Sharr)

လီဝေယန်း ညင်သာစွာ ပြုံးလိုက်၏။ "စိုးရိမ်ပေးတဲ့အတွက် တာ့ကျဲကို ကျေးဇူးတင်ပါတယ်" ဟော်ရှန်းယွမ်တွင် အရှုံးကို သူမ ခံစားခဲ့ရကတည်းက လီချန်းလဲ့သည် တစ်ခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲလာပုံပေါ်သည်။ သူမကို ကြင်ကြင်နာနာ ဆက်ဆံရုံမျှမက ရည်ရည်မွန်မွန်လည်း ရှိလာပြီး သူမ၏ တည်ငြိမ်အေးချမ်းနေပုံပေါက်အောင် ဆက်လက်ထိန်းထားပုံရသည်။

တာ့ဖူးရန်က သူမကို ဆူပူထားမှန်း သိသာလှသည်။

လီချန်းလဲ့နှင့်ယှဥ်လျှင် လီဝေယန်းမှာ တန်ဖိုးကြီးမျက်နှာချေမှုန့် လိမ်းခြယ်ထားခြင်းမရှိဘဲနှင့်တောင် ဖူးစငုံစလေးလို ပိုမိုနုပျိုနေသယောင်ယောင်။ သို့ရာတွင် ထောပါကျန်း သူမကို မြင်လိုက်သည်နှင့် ခန်းမထဲတွင် လွှမ်းမိုးခြယ်လှယ်၍ ယုံကြည်မှုအပြည့်ရှိသော သူမပုံစံကိုသာ ပြန်မြင်ယောင်မိသည်။ သူမကို သူ သတိမထားမိဘဲ မနေနိုင်ချေ။ သူ ပြုံး၍ ပြောလိုက်သည်။

"စန်းရှောင့်ကျဲ... ထိုင်ပါဦး"

လီဝေယန်း မငြင်းပယ်ခဲ့။ လီချန်ရှီး၏ အေးစက်စက်မျက်နှာကို မမြင်သယောင်ပြုလျက် သူမဘေးနားမှာပင် ဝင်ထိုင်လိုက်သည်။ လီချန်ရှောင်းက တိတ်တခိုးဖြင့် ဖော်ဖော်ရွေရွေနှင့် ပြုံးပြလာ၍ လီဝေယန်း နည်းနည်းတော့ အံ့အားသင့်သွားရသည်။

အရင်ဘဝတုန်းက လီချန်ရှောင်းသည် သူမကဲ့သို့ပင် အားနည်း၊ ကြင်နာတတ်၊ နာခံတတ်ပြီး စာနာတတ်လှသည်။ နောက်ဆုံးမှာတော့ တာ့ဖူးရန်က သူမကို ဝူဟွမ်းဇီ(ပဉ္စမမင်းသား)နှင့် လက်ဆက်စေခဲ့သော်ငြား ဝူဟွမ်းဇီ၏မိခင်ဖြစ်သူက မျိုးရိုးမြင့်သူဖြစ်၍ သူမမှာ ကိုယ်လုပ်တော်သာဖြစ်ခဲ့ရသည်။ ပဏာမဇနီးကလည်း ခြယ်လှယ်ချုပ်ကိုင်လွန်းလှ၍ သူမဘဝမှာ မလွယ်ကူလှချေ။ သူမ ကိုယ်ဝန်နှစ်ကြိမ် ပျက်ကျပြီးသည့်နောက်မှာတော့ သူမစိတ်အခြေအနေက တဖြည်းဖြည်းချင်း ဆိုးရွားလာကာ လီမိသားစု၏ အပယ်ခံကလေးဖြစ်လာတော့သည်။ လီချန်ရှောင်း၏ ဖော်ရွေသောအပြုံးကို ထပ်မြင်လိုက်ရတော့ လီဝေယန်း စာနာစိတ်ဝင်လာမိသည်။ သူမ လူတိုင်း၏ ကံကြမ္မာကို မပြောင်းနိုင်သော်လည်း တာ့ဖူးရန်နှင့် အပေါင်းအပါတို့ကို ရှင်းပစ်နိုင်သည့်တစ်နေ့ ရောက်လာခဲ့လျှင် သည်ညီမ၏ ကံကြမ္မာကကော အကောင်းဘက်သို့ ပြောင်းလဲလာလေမလား။

အဆိပ်/လီဝေယန်းWhere stories live. Discover now