၁၂။ အခါးရည် နှပ်သော စွမ်းရည်

1.9K 376 8
                                    

၁၂။ အခါးရည် နှပ်သော စွမ်းရည် (NC)

သူမကို အမှောင်ထုက လှောင်ပိတ်ထား၍ ကျိုးနေသော ခြေထောက်နေရာမှလည်း သွေးများ စိမ့်ထွက်နေသည်။ နေ့တိုင်း နေ့တိုင်း ညှင်းပန်းနှိပ်စက် ခံနေရသည်. . . 

လီဝေယန်း အိပ်မက်ဆိုးမှ နိုးထလာသည်။ ချွေးများလည်း စိုရွှဲနစ်နေခဲ့၏။ သူမ၏ အဝတ်အစားများ၊ ခြုံထည်စောင်များပင်လျှင် ချွေးတို့ဖြင့် ရွှဲ့နစ်နေလေ၏။

ပိုင်ကျစ်က အိပ်ရာ၏ စိမ်းပြာဖျော့ဖျော့ ခန်းဆီးဇာကို မ ကာ "စန်းရှောင့်ကျဲ၊ အဆင်​ပြေပါရဲ့လား"ဟု ခပ်တိုးတိုး မေးလာသည်အထိ သူမ မောဟိုက်ထိတ်လန့်စွာ ပင့်သက်ရှိုက်နေခဲ့လေသည်။

လီဝေယန်းသည် သိုးမွေးထည်ကို ကနုတ်ပုံဖော်ထားသော အိပ်ရာခင်းနှင့် စောင်ထည်များကို အလိုအလျောက် ငေးစိုက်ကြည့်နေမိလိုက်သည်။ သူမ အိပ်မက်မက်နေခြင်းသာဖြစ်သည်။ သူမ အသက်ရှင်နေသေးသည်။ မှောင်အရိပ်တွင်း ခြုံငုတ်လျက် လီဝေယန်း မျက်နှာပေါ်ဝယ် ခံစားချက်သဲ့သဲ့တို့ ထင်ကျန်နေလျက်ရှိလေသည်။ ချွေးများရွှဲနေသော ဆံစတချို့က သူမ နဖူးပေါ်တွင် လာကပ်နေသည်။

"စန်းရှောင့်ကျဲ အိပ်မက်ဆိုးတွေ ထပ်မက်နေပြန်တာလား" ပိုင်ကျစ်က သတိထား၍ မေးမြန်လိုက်သည်။ "ရေသောက်ဦးမလား မမလေး"

လီဝေယန်း ခေါင်းခါလိုက်တော့သည်။

ထိုအချိန်တွင် မော့ကျူ ရောက်လာပြီး ညင်ညင်သာသာ မေးလိုက်လေသည်။ "စန်းရှောင့်ကျဲ နေမကောင်းဘူးလားဟင်"

မော့ကျူနှင့် ပိုင်ကျစ်တို့က ယနေ့အတွက် အိပ်ဖန်စောင့် အလှည့်ကျခြင်းဖြစ်သည်။ လီဝေယန်းသည် ပိုင်ကျစ်ကို အသာတစ်ချက် စောင်းငဲ့ကြည့်လိုက်လေသည်။

ပိုင်ကျစ်လည်း ချက်ချင်းပြန်ပြောလိုက်တော့၏။
"မဟုတ်ပါဘူး၊ စောင်က အရမ်းထူနေတော့ ချွေးထွက်များသွားတာ"

ပိုင်ကျစ်သည် ပါးနပ်ထက်မြက်သော အစေခံတစ်ယောက်ဖြစ်သည်။ လီဝေယန်း ပြန်တွေးနေမိလိုက်သည်။ ယခင်ဘဝ ထိုစဉ်ကလည်း ဖိန်ချန်းရှိ လီအိမ်တော်မှ ပိုင်ကျစ်နှင့် ဇီယန် နှစ်ယောက်ကို လက်ဆောင်အဖြစ်ရ ရှိခဲ့သည်။ ကံမကောင်း အကြောင်းမလှတော့၊ သူမသည် သူတို့နှစ်ဦးကို သနားခဲ့မိသည်၊ သူမနှင့် အတူတူ ဒုက္ခဆင်းရဲ ခံစားရမည်စိုးသဖြင့် တရင်းတနှီး မနေခဲ့။ တာ့ဖူးရန်၏ ဆန္ဒအတိုင်းလည်း လိုက်လျော၍ သူတို့နှစ်ဦးကို မိသားစု တည်ဆောက်ရန် သွားခွင့်ပေးခဲ့လေသည်။ သို့သော် ယခုတော့ သူမမှာ အကူအညီလိုနေသည်။ ဤအိမ်စေမလေးနှစ်ယောက်၏ သစ္စာရှိမှုကိုလည်း တဖန် ပြန်လည် စမ်းသပ်ကြည့်ရန် လိုလာပေသည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now