၄၆။ ဒူးထောက်၍ အပြစ်ကို ချေ

1.5K 320 26
                                    

၄၆။ ဒူးထောက်၍ အပြစ်ကို ချေ (Nc)

အခန်းက ကျယ်ကျယ်ဝန်းဝန်းရှိလှသော်လည်း ကျောချမ်းဖွယ်ရာ ဆိတ်တိတ်လွန်းနေသည်။

'လူတိုင်းကို ဖိအားပေးပြီး အနိုင်ကျင့်ချင်နေတာလား...' ထော့ပါကျန်း မျက်ဝန်းထဲမှာတော့ လှောင်ပြောင်ရှုတ်ချဟန်တို့ ပါသွားလေသည်။

ဒီအချိန်မှာ လီဝေယန်းက သူ့အေးစက်စက်မျက်ဝန်းများကို တွေ့မြင်သွားပြီး သူမ ခြေနှစ်ဖြတ်ခံလိုက်ရစဉ်က ဝေဒနာတို့ကို ပြန်အမှတ်ရသွားမိသည်။ မမျှော်လင့်ဘဲ မွန်းကြပ်လာသလိုလိုခံစားလိုက်ရသည်။ မည်သည့်အချိန်မှာမဆို သူမ တစ်ဦးတည်းသာ ရုန်းကန်တိုက်ခိုက်နေရသည်။

"စန်းကျဲက လိမ်မှာ မဟုတ်ဘူး...!" ထိုစဉ် လက်တစ်ဖက်ရုတ်တရက်ရောက်လာကာ သူမ အင်္ကျီလက်အပေါ်မှနေ၍ သူမလက်ကို ဆုပ်ကိုင်ထားလာလေသည်။

လီဝေယန်း တစ်ကိုယ်လုံး ထိတ်လန့်သွားမိသည်။

သူမ ပခုံးကိုစောင်း၍ ခေါင်းလှည့်ငဲ့ကြည့်လိုက်တော့ နေခြည် ရွှေရောင်အလင်းအောက်မှ လီမင်တျဲ၏ မျက်ဝန်းတစ်စုံမှာ ကြယ်ပွင့်များသဖွယ် ကြည်လင်တောက်ပနေလေသည်။ သူ့အကြည့်များက တည်ငြိမ်ပြတ်သားနေပြီး သူမအပေါ် ယုံကြည်မှုအပြည့်။

နဖူးပေါ်မှာ ချွေးသီးကလေးများ ပြည့်နှက်နေပုံအရ ကလေးငယ်မှာ သတင်းကြားကြားချင်း သူမရှိရာ ဤခန်းမအထိ ပြေးလာပုံရသည်။

ထူးဆန်းသည်။ ခုနကလေးတင် သူမ မွန်းကြပ်ကာ ခံရခက်နေခဲ့သည်။

သို့သော် ယခုတော့၊ သူမ နှလုံးသားဆီ နွေးထွေးမှုအငွေ့ကလေးများ တစိမ့်စိမ့်တိုးဝင်လာနေသည်။ အများက သူမကို သံသယဝင်နေစဉ်၊ အများက သူမကို စစ်မေးနေစဉ်၊ သူမကို မုန်းတီးနေစဉ်မှာ အံ့ဩစရာက ဒီကလေး သူမ ဘက်မှာ လာရပ်တည်ပေးခြင်း။ 

နွေးထွေးခြင်း၊ သက်သာရာရခြင်း ပြီးတော့. . . ဆောက်တည်ရာရသွားခြင်း။

သူမ လီမင်တျဲ၏ လက်ကို ခပ်တင်းတင်းတစ်ချက်ဆုပ်ကိုင်လိုက်ပြီး ပြန်လွှတ်လိုက်သည်။ သူမ လောင်ဖူးရန်အနား အမြန်ပြေးသွားကာ ဒူးထောက်ချလိုက်သည်။ "လောင်ဖူးရန် ဝေယန်း ပြန်ရောက်လာကတည်းက အားလုံးအတွက် မသိလိုက်ဘာသာနဲ့ အနှောင့်အယှက်လိုဖြစ်ခဲ့ရတယ်၊ ကျေးဇူးပြုပြီး လောင်ဖူးရန်ရယ်... ဝေယန်းကို ဖိန်ချန်းသာ ပြန်ပို့ပေးပါတော့...!"

အဆိပ်/လီဝေယန်းWhere stories live. Discover now