၆၅/၃။ ဗျူဟာထဲက ဗျူဟာ (Nc)
လီဝေယန်းက ပိုင်ကျစ်အား အချက်ပြလိုက်တော့ ပိုင်ကျစ်က အနီးရှိ သေတ္တာငယ်တစ်ခုကို ယူလာလိုက်လေသည်။ ပိုင်ကျစ်က သေတ္တာငယ်ကို ဟုန်လော့လက်တွင်း အပ်နှင်းလိုက်၏။ သေတ္တာတွင်း၌ ငွေစင်ငွေသား ၅၀၀ ရှိနေသဖြင့် ဟုန်လော့ ရုတ်တရက် မင်သက်သွားရတော့သည်။
လီဝေယန်းက မေးလိုက်သည်။ "ဒီငွေသားတွေက မင်းရဲ့ အခက်အခဲတွေကို မပြေလည်စေသေးဘူးဆိုရင်... လိုတာ ပြောလို့ရသေးတယ်"
ဟုန်လော့ သေတ္တာကို ကိုင်ထားရင်း လက်တွေပါတုန်လာကာ မျက်ရည်တွေလည်း ကျလာတော့သည်။ သူမ မျက်ရည်တို့ကို သုတ်လိုက်ပြီး ပြောလာသည်။ "စန်းရှောင်ကျဲ... နူပိ သေသင့်ပါတယ်၊ ဒါပေမဲ့ နူပိမှာလဲ ရွေးချယ်စရာ မရှိခဲ့ဘူး၊ လွန်ခဲ့တဲ့ သုံးနှစ်က နူပိရဲ့ အမေက ဖျားနာရောဂါဖြစ်တယ်၊ နူးပိအဖေလဲ ရွေးစရာ လမ်းမရှိတော့တာနဲ့ စာအုပ်ဖိုးတွေထဲက ငွေတစ်ရာခိုးကာ သမားတော်ပင့်ပေးခဲ့ရပါတယ်၊ နောက်တော့ တာ့ဖူးရန်က သက်သေရှာတွေ့သွားပြီး အဖေ့ကို ရုံးတော်ပို့မယ်လို့ ပြောလာတယ်... နူပိလဲ အခုလို အပြစ်တွေ ကျူးလွန်ဖို့ တွန်းအား ပေးခံရလို့ပါ..."
ဤအဖြစ်က လီဝေယန်း မျှော်မှန်းထားသည့်အတိုင်းပင်။ သူမ သက်ပြင်းတစ်ချက်ချလိုက်ကာ ပြောလိုက်၏။ "ဟုန်လော့... တို့ မင်းကို အခက်ကြုံရအောင် မလုပ်ပါဘူး၊ ဒီသေတ္တာကို ယူသွားလိုက် မင်းမိသားစုကိုပါ ခေါ်သွားပြီး တာ့ဖူးရန် ရှာမတွေ့အောင် နေပေါ့..."
ပိုင်ကျစ် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားမိတော့သည်။ "ရှောင်ကျဲ ဘယ်လိုလုပ် သူ့ကို သွားခွင့်ပြုရတာလဲ... ကျားကို သူ့ဂူသူ ပြန်သွားဖို့ လွှတ်ပေးလိုက်သလို ဖြစ်မနေဘူးလား..."[၁]
([၁] 纵虎归山: တိုက်ရိုက် အဓိပ္ပါယ်က ကျားကို သူ့ပိုင်နက်ကျ က်စားရာသို့ လွှတ်ပေးလိုက်သည်ဟူ၏။ နောင်တစ်ချိန် မိမိအား ထိုကျားက ပြန် ဒုက္ခပေးလာနိုင်ကြောင်း ဆိုလိုသည်။)
လီဝေယန်းက သူမ စိတ်ပိုင်းဖြတ်ထားပြီးကြောင်း လက်ဟန်ပြကာ ရိပ်မြွက်ပြလိုက်သည်။
လီဝေယန်း သူမကို ဤသို့ ဆက်ဆံလိမ့်မည်ဟု ဟုန်လော့ ထင်မထားခဲ့။ သူမ မျက်ရည်များပင် မတားမဆီးနိုင် တွင်တွင် ကျလာတော့သည်။ သူမ လီဝေယန်းကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် ထရပ်လိုက်ကာ တံခါးဘက်ဆီ လျှောက်သွားလိုက်သည်။ ခြေနှစ်လှမ်းခန့်မျှ သွားပြီးနောက် ဆက်သွား၍ မရတော့သည့်အလား သူမ ရုတ်တရက် ရပ်လိုက်တော့သည်။ သူမ ခန္ဓာကိုယ်က သူတို့ ရှေ့မှာ ရှိနေဆဲ။ သူမ၏ ကျောပြင်က တသိမ့်သိမ့်တုန်လှုပ်နေသည်။ ထို့နောက် သူမ ပြန်လှည့်လာကာ လီဝေယန်းရှေ့ ဒူးထောက်ချ၍ ငိုယိုကာ ပြောလေတော့၏။ "ရှောင်ကျဲ နူပိ တောင်းပန်ပါတယ်... ခွင့်လွှတ်ပေးပါ၊ နူပိ ဒီအတိုင်းပဲ ထွက်သွားလိုက်ရင် စိတ်လုံမှာ မဟုတ်ဘူး၊ နူပိ ဝန်ခံပါ့မယ်... တာ့ဖူးရန်က အိမ်ဝန်းထဲမှာ သစ်သားရုပ်တွေ မြုပ်ထားဖို့ နူပိကို ခိုင်းထားတာ... စုစုပေါင်း ခုနစ်ရုပ်ရှိတယ်"
'ခုနစ်ရုပ်...' လီဝေယန်း အံ့သြသွားမိသည်။ သူမ ခေါင်းခါလိုက်၏။ တာ့ဖူးရန်က တကယ့်ကို ချီးကျူးလောက်ပါပေသည်။ သူမကို အလွန်အထင်ကြီးတတ်နေသဖြင့် တစ်ချီတည်းနှင့် ခုနစ်ရုပ်ပင် မြုပ်ခိုင်းထားသည် မဟုတ်ပါလော။
ပိုင်ကျစ် စိတ်ထဲမှာတော့ ကြောက်ရွံ့တုန်လှုပ်နေမိသည်။ ယနေ့ ဟုန်လော့ကသာ သူမတို့ကို မပြောပြဘဲ သတ်သေလိုက်သည်ဖြစ်စေ၊ ဒီအတိုင်း ထွက်သွားခဲ့သည်ဖြစ်စေ၊ သူမတို့က တစ်ရုပ်တည်းကိုသာ ရှာတွေ့ခဲ့သည်ဖြစ်ရာ ရှောင်ကျဲအား ဒုက္ခပေးဦးမည့် ခြောက်ရုပ် ကျန်နေပေလိမ့်မည်။ သူမ နဖူးမှာ ချွေးစေများပင် ပြန်လာရတော့သည်။ သူမ အသိနည်းရာရောက်လွန်းခဲ့သည်။ ရှောင်ကျဲက ဟုန်လော့ကို သွားခွင့် ဘယ်ပေးပါ့မလဲ။ သူမ ဤအထိ တွေးလိုက်မိတော့ ရုတ်တရက် သဘောပေါက်နားလည်သွားကာ လီဝေယန်းကို မော့ကြည့်လိုက်မိတော့သည်။ ထိုအချိန်ကလေး၌ သူမ ရှောင့်ကျဲ၏ ရည်ရွယ်ချက်ကို နားလည်သွားလေသည်။
လီဝေယန်းက ဟုန်လော့၏ အကျင့်စာရိတ္တအပေါ် လောင်းကြေးထပ်၍ အပျော့ကိုင်ကာ သူမအပေါ် ရိုးသားလိမ့်မည်ဟု တွက်ဆထားသောကြောင့်ပင်။ ဤသည်ကို နားလည်လိုက်တော့ ပိုင်ကျစ် နှုတ်ဆွံ့သွားမိပြန်သည်။ ရှောင့်ကျဲ၏ အတွေးအခေါ်များက နက်နဲလွန်းသောကြောင့် သူမ ခန့်မှန်း၍ပင် မသိနိုင်တော့။
"ဒါက မခြေမငံဖြစ်လွန်းနေတာ နူပိ သိပါတယ်၊ ပြီးတော့ မတော်မတရားတွေ ဖြစ်တာကြောင့် ဝဋ်လည်မယ်ဆိုတာလဲ နူပိနားလည်ပါတယ်၊ ဒါပေမဲ့... နူပိ တာ့ဖူးရန်ရဲ့ အမိန့်ကို မလွန်ဆန်နိုင်ခဲ့ဘူးရယ်... သူများတွေ သိသွားမှာလဲ စိုးတော့ နူပိ ညဘက်တွေမှာပဲ မြုပ်တာတွေ လုပ်ခဲ့ပါတယ်၊ ဒီအရုပ် ခုနစ်ရုပ်က သစ်ပင်အောက်မှာ မြုပ်ထားတာ အပြင်ကို... အိမ်ဝန်းထောင့်တိုင်းမှာ တစ်ရုပ်စီရယ်... မမလေး ကုတင်အောက်မှာ တစ်ရုပ်ရယ်၊ နောက်ဆုံးတစ်ခုက. . . ."
ဟုန်လော့မျက်နှာ နီမြန်းလာပြီး သူမ ပြောထွက်အောင် ပြောလိုက်တော့သည်။ "နောက်ဆုံးတစ်ခုက အိမ်ဝန်းနောက်က မြက်တောထဲမှာရယ်"
လီဝေယန်း အသာပြုံးမိသည်။ သူမကို ဒုက္ခတွင်းထဲ တွန်းပို့ပေးမည့် တာ့ဖူးရန်၏ ထောင်ချောက်လှည့်ကွက်များ တစ်ခုပြီး တစ်ခု ပေါ်လာခဲ့ပြီ။ သူမသာ ယခုလို အစောကြီးကတည်းက ကြိုတင် မသိလိုက်ပါလျှင် သူမ မည်သို့မည်ပုံ သေသွားသည်ကိုပင် မသိလိုက်ရသည့် ဘဝရောက်သွားနိုင်သည်။ သစ်သားရုပ်ကလေးတွေတဲ့လား။ 'အဲ့ဒါ စုန်းကဝေ အတတ်တွေပဲ...!'
သူမ ဟုန်လော့ကို မေးလိုက်သည်။ "မင်းနဲ့ အတူ တွဲလုပ်နေတဲ့ သူ ရှိသေးလား"
ဟုန်လော့ ခေါင်းခါလိုက်ကာ ဆိုသည်။ "နူပိ မသိပါ..."
လီဝေယန်း ခေါင်းတညိတ်ညိတ်ပြု၏။ "ဒါဆို ဒီနေ့ကစပြီး မင်း ဘာမှ မသိထားသလို ဆက်ဟန်ဆောင်နေရမယ်"
ဟုန်လော့ အံ့သြသွားမိသည်။ သူမ ခေါင်းမော့လာကာ ဆိုသည်။ "ရှောင်ကျဲက ကျွန်မကို အနားမှာ ဆက်ပြီး နေခွင့်ပြုမှာလား..."
လီဝေယန်းက ပြုံး၏။ "မင်းသာ ဆန္ဒရှိရင်... တို့ မင်းကို မနှင်ထုတ်ပါဘူး၊ ပြီးတော့ အရင်လိုပဲ ဆက်ဆံမှာပါ..."
သူမက သူမကို သစ္စာဖောက်ဖူးသူအား အနားမှာထားရဲသည်။ သူမမှာ မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲနေခြင်းကြောင့် မဟုတ်။ သို့သော် တစ်ဖက်သား၏ ပျော့ကွက်ကို သူမ ပိုင်သောကြောင့်သာ။ ဟုန်လော့ဆိုသော ဤမိန်းကလေးမှာ လိပ်ပြာကလေးက သန့်နေသေးလေသည်။
ပိုင်ကျစ် ဟုန်လော့ကို အပြင်ပြန်ခေါ်သွားတော့ မော့ကျူက မေးလာသည်။ "ရှောင့်ကျဲ ကျွန်မတို့ အခု ဘယ်လိုလုပ်ရမလဲ ဟင်... လောင်ဖူးရန်ကို သွားပြောပြလိုက်ရမလား"
မော့ကျူကို လောင်ဖူးရန်က သူမအား ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် မော့ကျူ ဤသို့ပြောလာသည်မှာ မဆန်းပြား။
လီဝေယန်းကတော့ ခေါင်းကို အသာရမ်း၍ တည်ငြိမ်စွာပြောလိုက်သည်။ "လောင်ဖူးရန်က အသက်လဲ ရနေပြီ... သူ့ကို စိတ်ပူ စိတ်ရှုပ်ရအောင် မလုပ်တာပဲ ကောင်းမယ်ထင်တယ်၊ မင်းရော ဘယ်လို ထင်သလဲ..."
မော့ကျူ နှုတ်ခမ်းတို့ကို ဖိကိုက်လိုက်ကာ တစ်ခုသော ဆုံးဖြတ်ချက်ကို အခိုင်အမာ ချ လိုက်တော့သည်။ "ဟုတ်ကဲ့... နူပိ ရှောင်ကျဲ ပြောသမျှ နားထောင်ပါ့မယ်"
သူမက ရှောင်ကျဲ အနားမှာ နေဖို့ ဆုံးဖြတ်ပြီးမှတော့ ရှောင့်ကျဲ အနားမှာသာ တစ်သက်လုံး ခစားသွားတော့မည်။ သူမ၏ ကံကြမ္မာကို ကြိုးကိုင်ဖို့ အာဏာအခွင့်ရှိသူက ရှောင့်ကျဲပင်။ ထို့ကြောင့် သူမအနေနှင့် ဘာမှ စိုးရိမ်နေစရာ မလို။
"ဟုန်လော့ပြောထားတဲ့ အရုပ်တွေ လိုက်ရှာထားလိုက်..." လီဝေယန်းက ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ... နူပိ လျို့ဝှက်ပြီး လက်စဖျောက်ပစ်လိုက်ပါမယ်" မော့ကျူက သူမ ပြောအပြီး ပြန်ပြောလာသည်။
"မလုပ်နဲ့... သိမ်းထားဦး၊ ပြီးရင် ငါ့အမေ အိမ်ဆောင်က ရုန်အာကို ခေါ်လိုက်" ဟု ဆိုရင်း လီဝေ့ယန် အသာ ပြုံးနေလိုက်သည်။
မော့ကျူ အံ့သြနေမိသည်။ 'ရုန်အာတဲ့လား။ အဲ့ဒါ ဟိုတစ်ခါက ချီယိညန်ဆီက အမှာစကားပါးလိုက်တယ်လို့ သတင်းအမှား ပြောပြီး စန်းရှောင်ကျဲကို ဥယျာဉ်ထဲမှာ ကောင်းကျင်းနဲ့ တွေ့အောင် လုပ်တဲ့ ယားထို မဟုတ်လား'
သိပ်မကြာလိုက်၊ ရုန်အာ ကတုန်ကယင်နှင့် ကြောက်ဒူးတုန်ကာ ရောက်လာလေသည်။ သူမ လီဝေယန်းကို တွေ့ရသည်နှင့် ချက်ချင်း ဒူးထောက်ချလိုက်တော့၏။
အရင်တစ်ခေါက် ဖြစ်ပျက်ခဲ့သမျှကြောင့် သူမကို စန်းရှောင်ကျဲတစ်ယောက် အလွတ်ပေးတော့မှာ မဟုတ်ဟု ထင်နေမိသော်လည်း အရာအားလုံး တည်ငြိမ်အေးဆေးနေခဲ့သည်။ သူမက တော်ပါသေး၏ဟု စိတ်သက်သာရာရ သက်ပြင်းချ၍ မဝဖြစ်နေစဉ်မှာပဲ လီဝေယန်းက သူမအား အခေါ်လွှတ်လိုက်၏။
"ရုန်အာ... ချီယိညန်ကို အလုပ်အကျွေးပြုနေရတာကို သိမ်ငယ်နေရော့သလား..." လီဝေယန်း မေးရင်း မျက်နှာမှာ အပြုံးတွေ ဝေနေသည်။
ရုန်အာ့ မျက်နှာထားလည်း ပြောင်းလဲသွားပြီး ဦးတိုက်ကာ ပြောလေ၏။ "နူပိက နမော်နမဲ့နိုင်တတ်သူပါ၊ ချီယိညန်လို သဘောထားကြီးသူနားမှာ ခစားရတာ နူပိ ဘဝမှာ ကံကောင်းမှုကြီး တစ်ရပ်ပါပဲ..."
လီဝေယန်း တည်ငြိမ်စွာပင် ပြုံးလျက် ဆိုလိုက်သည်။ "တာ့ရှောင်ကျဲက မင်းကို မသေးလွန်းတဲ့ လက်ဆောင်တွေ ပေးထားတယ် မဟတ်လား၊ မဟုတ်ရင် မင်းက ချီယိညန် နာမည်သုံးပြီး တို့ကို ခေါ်ထုတ်ဝံ့ပါ့မလား..."
ရုန်အာ ဤစကားများကို ကြားတော့ ချက်ချင်း ဝပ်တွားနေလိုက်တော့သည်။ သူမ အသံက တုန်ရင်နေ၏။ "နူပိ... နူပိ..."
လီဝေယန်း အသံက အေးစက်လာသည်။ "မင်း ဘာလုပ်ခဲ့တယ်ဆိုတာ မေ့သွားမှာတော့ မဟုတ်လောက်ဘူး...!"
လီဝေယန်း၏ အမူအရာက ကျောစိမ့်မတတ် အေးစက်နေပြီး အသံကပါ တည်တင်းနေသည်ကို ရုန်အာ တွေ့ကြုံလိုက်ရတော့ ထိတ်လန့်လွန်လွန်း၍ မျက်နှာများပါ ဖြူ ရော်သွားကာ လှုပ်ပင် မလှုပ်ဝံ့တော့ချေ။ သူမ မျက်ရည်လည်ရွှဲနှင့် ငိုနေမိတော့သည်။ "နူပိ... နူပိက ချီယိညန်အပေါ် သစ္စာ ရှိပါတယ်၊ သခင်ကို သစ္စာဖောက်ဖို့ကို မတွေးဖူးပါဘူး... သိလဲ မသိပါဘူး"
ဟွားမေ အသတ်ခံလိုက်ရသည်ကို တွေ့ပြီးနောက် သူမကို ဖော်ထုတ်ပေးမည့် သက်သေလည်း မရှိတော့သည်ကို သူမ သိသည်။ လီဝေယန်း အသာ ပြုံးလိုက်ကာ ဆိုသည်။ "ငါက မင်းကို ဝန်ခံဖို့ အခွင့်အရေး ပေးတာတောင် မင်းကမှ မပြောတာဘဲ... နောက်မှ ပြောခွင့်မပေးတော့မှ မင်း ပြောရင်တောင် နောက်ကျသွားမယ်နော"
ရုန်အာ ထိတ်လန့်သွားမိသော်လည်း ရဲတင်းကာ ပြောလိုက်သည်။ "နူပိကတော့ ဘာအမှားကျူးလွန်မိသလဲ ကိုယ့်ဟာကိုယ်တောင် မသိပါဘူး"
လီဝေယန်း ရုတ်တရက် လက်ထဲမှ လက်ဖက်ရည်ခွက်ကို ပစ်ချလိုက်ကာ ကြမ်းပေါ်မှ အကွဲစများကို ကြည့်ကာ ဆိုလိုက်သည်။ "ဒီပေါ်မှာ လာဒူးထောက်စမ်း..."
ရုန်အာ နှုတ်ခမ်းကို ဖိကိုက်ထားကာ ကြွေခွက်အကွဲအစအနများပေါ်၌ ဒူးလာထောက်လိုက်ရသည်။ ဒူးနေရာမှ နာကျင်မှုများက အသည်းနှလုံးထိ ပြန့်တက် လာသဖြင့် မျက်ရည်များပင် ဝဲမိလာသည်။
"သခင်ကို သစ္စာဖောက်ဝံ့သူကို အပြစ် ပေးကို ပေးရမှာပဲ" မော့ကျူ အေးစက်စွာ မှတ်ချက်ပြုလိုက်သည်။ သူမ ရုန်အာကို ကိုယ်ချင်းမစာနိုင်။ ထိုစဉ်က လီဝေယန်းသာ ဘဝပျက်အရှက်ရသွားခဲ့ပါလျှင် သူမတို့ နောက်လိုက်အားလုံးပါ အသေဆိုးနှင့် သေသွားရလိမ့်မည်။ 'ဒီလို နူပိမျိုးအတွက် သေသွားတာက အရမ်း ပေါ့လျော့နေလိမ့်မယ်...!'
လီဝေယန်း တည်ငြိမ်သွေးအေးစွာပင် ပြောလိုက်သည်။ "ရုန်အာ့ကို လက်ဖက်ရည် ငှဲ့ပေးစမ်းပါဦး"
ရုန်အာ အံ့သြရပြန်သည်။ 'စန်းရှောင့်ကျဲ၏ စကားက ဘာအဓိပ္ပါယ်ပါလိမ့်'
မော့ကျူကတော့ နားလည်သည်။ သူမ လက်ဘက်ရည်ခွက်အလွတ်တစ်လုံးယူကာ ရုန်အာ့လက်ထဲ ထည့်ပေးလိုက်သည်။ "ကိုင်ထား... လက်ဖက်ရည်နွေးတစ်စက် ဖိတ်တာနဲ့ ပြန်ထဖို့ စိတ်မကူးနဲ့တော့"
ရုန်အာ လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း စိတ်ထဲမှာ လွန်စွာ ထိတ်လန့်လာမိသည်။
မော့ကျူက ရေနွေးပွက်ပွက်ဆူ ကရားတစ်အိုးယူလာကာ ခွက်ထဲသို့ ဖြည်းညင်းစွာ ငှဲ့ထည့်ပေးလေသည်။
လီဝေယန်း ဘာသဘောနှင့် ပြုလုပ်မှန်း ရုန်အာ တကယ်နားမလည်နိုင်။ ရေနွေးခွက်က တဖြည်းဖြည်းပိုပူလာပြီး ကိုင်ရခက်လာသည်ကိုပဲ သူမ ခံစားသိနေရသည်။ ရုန်အာ အံကို ကြိတ်ထားလိုက်သည်။ သူမ လက်ချောင်းထိပ်များမှ နာကျင်လာသည်ကို ခံစားရသည်။ သူမ နဖူးပြင်က ချွေးများပင် ပြန်လာလေပြီ။ သူမ တောင့်ခံထားသည်။ ဤအခက်အခဲကို ကျော်လွန်နိုင်ချင်မိသည်။ မော့ကျူက ခွက်ထဲမှ ရေနွေးကို သွန်ပစ်လိုက်ပြီး နောက်တစ်ခွက် ထပ်ငှဲ့ပေးလိမ့်မည်ဟုတော့ သူမ ထင်မထားမိခဲ့။ သည်တစ်ခါမှာတော့ ခွက်အလွတ်ပင်လျှင် ပူနေချေပြီ။ ရေနွေးဖြည့်ပြီးသွားသောအခါ၊ သူမ ကြာကြာ မခံနိုင်တော့။ ပူလွန်း၍ ထိထားနိုင်ခြင်းငှာပင် မစွမ်းသာတော့။ သူမ လက်မောင်းများနှင့် တစ်ကိုယ်လုံးပါ မခံမရပ်နိုင်အောင် တုန်ရင်လာတော့သည်။
"ပူလား" အတန်ကြာမှ လီဝေယန်းက တည်ငြိမ်စွာ မေးလာသည်။
"မ မ မပူပါဘူး..." ရုန်အာ ချက်ချင်း ပြန်ဖြေလိုက်သည်။
"ကောင်းတာပေါ့... မပူရင် ခွက်လဲလိုက်" လီဝေယန်းက ဆိုချေသည်။
မော့ကျူ ထွက်သွားပြီး များမကြာခင် လင်ဗန်းတစ်ခုကိုင်လျက် ပြန်ဝင်လာသည်။ လင်ဗန်းပေါ်မှာက မီးမြိုက်၍ ရဲနေသော ကြေးခွက်တစ်ခွက် ပါလာ၏။
ရုန်အာ ဒူးထောက်လျက်က တစ်ကိုယ်လုံး ချွေးပြိုက်ပြိုက်ကျကာ တုန်ရင်လာမိသည်။ ဤအခါမှာတော့ သူမ ဒူးအောက်က ဝေဒနာကိုလည်း မမှုနိုင်တော့။ ခုနကတော့ ကြွေခွက်သာ ဖြစ်သော်လည်း ယခုက မီးမြိုက်ထားသော ကြေးခွက်ဖြစ်လာပြီ။ သူမ လက်အရေပြား ပူလောင် ကွဲအက်ကုန်ပေရော့မည်။
ရုန်အာ ငိုယိုကာ ပြောတော့၏။ "ရှောင်ကျဲ ချမ်းသာပေးပါ... နူပိ နောက်မလုပ်ရဲတော့ပါဘူး...!"
လီဝေယန်း လေသံအေးနှင့် ဆိုလိုက်သည်။ "ဘယ်သူက မင်းကို ခိုင်းခဲ့တာလဲ၊ ငါ့ကို အမှာစကားပို့ဖို့..."
ရုန်အာ တုန်ရင်နေသည်။ မျက်ရည်များက တောက်တောက်ကျနေသည်။ သူမ အကြိမ်ကြိမ် အဖန်ဖန် ဝပ်တွား ဦးတိုက်လျက် ခွင့်လွှတ်မှုကို အသနားခံတောင်းခံနေသည်။ "အဲ့ဒါ... တာ့ရှောင့်ကျဲရဲ့ ယားထို တန်ရှန်းပါ၊ ကျွန်မကို ချီယိညန်ဆီ မပို့ခင် တစ်ရက်က တန်ရှန်း နူပိကို ခေါ်ပြီး ငွေတုံးတွေ ပေးပါတယ်၊ တာ့ရှောင့်ကျဲကို ကူညီပေးဖို့ နူပိကို အတင်းခိုင်းတယ်... နူပိလဲ ခဏတာတော့ တွေဝေသွားမိလို့ပါ... စန်းရှောင်ကျဲ ခွင့်လွှတ်ပေးပါ...! စန်းရှောင့်ကျဲ နူပိ တောင်းပန်ပါတယ်...!"
သူမသာ အစောကြီးကတည်းက ဤသို့ပြောလာလျှင် ဘာမှ ဖြစ်ခဲ့မည် မဟုတ်ပါလား။ လီဝေယန်း အသာပြုံး၍ ဆိုလိုက်သည်။ "ရုန်အာ မင်းအပြစ်တွေကို ပြန်ချေတဲ့ အနေနဲ့ ငါ့အတွက် တစ်ခုခု မလုပ်ပေးလိုက်ချင်ဘူးလား"
အခုလေးတင် ဖြစ်ပျက်ခဲ့သမျှ ကို ကြုံတွေ့ပြီးနောက်မှာတော့ ရုန်အာမှာ စန်းရှောင်ကျဲကို လွန်စွာ ကြောက်ရွံ့နေချေပြီ။ သူမ လီဝေယန်းကို အထိတ်တလန့်နှင့် မော့ကြည့်ကာ ခေါင်းညိတ်လိုက်တော့သည်။ "နူပိ... နူပိ သေချာပေါက် အပြစ်တွေအတွက် ချေနိုင်ဖို့ ကြိုးစားပါ့မယ်"
အရာရာအားလုံး စီစဉ်ပြီးသား။ မော့ကျူက တီးတိုးဆိုလာသည်။ "ရှောင်ကျဲ ခိုင်းချင်တာရှိရင် ကျွန်မတို့တွေထဲက ဘယ်သူ့ဖြစ်ဖြစ် လွှတ်လို့ရပါတယ်၊ သူ သွားလို့ ပြဿနာတက်ရင်. . . ."
လီဝေယန်း အသာပြုံးလိုက်သည်။ သူမ၏ တဖြတ်ဖြတ်တောက်ပနေသော မျက်ဝန်းများက တစ်ဖက်သားကိုပင် ထိတ်လန့်လောက်စေနိုင်သည်။ "မင်းတို့ထဲက တစ်ယောက်ယောက်သွားရင်... ဟိုဘက်က ယုံမှာ မဟုတ်ဘူး"
မော့ကျူ သူမ၏ သစ်အယ်သီးသဏ္ဍာန်မျက်ဝန်းများကို မှိတ်တုန့်ဖွင့်တုန့် တဖြတ်ဖြတ် ခတ်လိုက်သည်။ "ရုန်အာက သတင်းပေးလိုက်ရင် ဘယ်လို လုပ်မလဲ..."
လီဝေယန်း လက်ချောင်းများက ရေနွေးကြမ်းခွက်ကို အသာခေါက်နေကာ တည်ငြိမ်စွာပင် ဆိုလိုက်သည်။ "ပြီးခဲ့တဲ့တစ်ခေါက် မအောင်မြင်ကတည်းက ဟိုဘက်က သူ့ကို ပယ်လိုက်ပြီ၊ အခု ငါ့ဆီမှာ သက်သေကလဲ ရှိနေတာမို့... သူသာ ငါ့ကို သစ္စာဖောက်ရဲရင်---" ထို့နောက် သူမ နှုတ်ခမ်းတို့ ပွင့်အာ ပြုံးသွားလေတော့သည်။
"နူပိ နားမလည်တာ တစ်ခု ရှိပါသေးတယ်" မော့ကျူ တုန့်ဆိုင်းနေမိသေးသည်။ "ရုန်အာက ချီယိညန် အမှာစာကို အတုလုပ်တယ်ဆိုတာ ရှောင့်ကျဲ ဘယ်လို သိလိုက်တာပါလဲ..."
လီဝေယန်း ကောင်းကင်ယံမှ တိမ်ရောင်တောက်တောက် သဏ္ဍာန်ရုပ်များကို ငေးကြည့်နေသည်။ သူမ၏ မျက်ဝန်းများက နက်နဲမှုတို့ အပြည်နှင့်။ "အမေဆိုတာ ကိုယ့်ရင်သွေးကို ရတနာလို ချစ်ခင်တာ... အပြင်မှာ မိုးတွေ သည်းနေတာကို ငါ့ကို ခေါ်တွေ့ပါ့မလား၊ ဒါက အမေတစ်ယောက် လုပ်လေ့ရှိတဲ့ လုပ်ရပ်မဟုတ်ဘူး"
မော့ကျူ နားလည်သွားပြီး ပြောမိတော့သည်။ "ရှောင်ကျဲက သိပ်ကို ထိုးထွင်းမြင်တတ်တာပဲ"
သူမက တစ်ကြိမ်သေပြီးသားလူ။ သူမ ပထမအကြိမ်က သင်ခန်းစာကို မယူနိုင်လျှင် နောက်တစ်ကြိမ် သူများသတ်လို့ သေရလည်း သေသင့်သူ ဖြစ်သွားလိမ့်မည်။ လီဝေယန်း၏ အပြုံးများ တဒင်္ဂမျှ အေးခဲသွားလေသည်။