1Qianjin - ချန်ကျင်း/ ရှောင်ကျဲများကို အမွှန်းတင်စားကာ ခေါ်ဝေါ်ပုံ - တိုက်ရိုက်အဓိပ္ပာယ်မှာ ရွှေချိန်တစ်ထောင်ဖြစ်သည်၊ ရွှေချိန်တစ်ထောင်ကဲ့သို့ အဖိုးထိုက်တန်သော သမီးရတနာ
__
၆၀။ စမ်းရေကြည်မှ ဂယက်လှိုင်း (Nc)
အံ့သြမှုကြီးစွာဖြင့်၊ လူတိုင်း၏ အကြည့်က အဝင်တံခါးတွင် ရပ်နေသော လုလင်ပျိုတစ်ယောက်ဆီသို့ ရွေ့လျားသွားကြတော့သည်။
ထိုလုလင်ငယ်၏ မျက်ဝန်းတို့မှာ လပြည့်ဝန်းသဖွယ် ကြည်လင်နေသည်။ တောက်ပနေသည်။ အဝေးမှနေ၍ပင် လူငယ်၏ မျက်ဝန်းတွင်းမှ အေးစက် ရှင်းသန့်နေမှုကို မြင်တွေ့နေနိုင်သည်။ ထိုအာမျက်ဝန်းအကြည့်များကြောင့်ပင် အနီး အနားရှိလူများအားလုံးနှင့် သူမတူ ကွဲပြားနေခြင်းဖြစ်လေ၏။ သူ့အား ကြာကြာမော်မကြည့်ရဲဝံ့အောင်ပင် ဖြစ်ရစေသည်။ သူ၏ အဖြူရောင် ရိုးရိုးရှင်းရှင်း ဝတ်ရုံမှာလည်း အလိုက်သင့် တင့်တယ်နေသည်။ ငွေမင်ရောင် ပန်းထိုးချုပ်လုပ်မှုများဖြင့် ပနံသင့်လျက်နေ၏။
သူ့သွင်ပြင် ဆင်ယင်ဟန်က ရိုးရှင်း၍ သဘာဝကျစွာ ရှိနေသော်လည်း လူတိုင်း၏ လေးစားကြည်ညိုလိုစိတ်ကို နိုးကြွားလာစေနိုင်သည်။
'သတ္တမ မင်းသား ထောပါယွိ' လီဝေယန်း မျက်မှောင်ကြုတ်လိုက်မိတော့သည်။ 'သူတောင် လာတာလား. . .'
ထောပါယွိ အဝင်တံခါးမှ လျှောက်လာပြီးနောက် အကြည့်တို့က လီဝေယန်းထံကိုသာ စူးစူးစိုက်စိုက်ကျရောက်လာလေသည်။ သူတို့နှစ်ဦး ပထမဆုံးအကြိမ်တွေ့စဉ်အခါ သူမ ထိုမိသားစုကို ထောင်ချောက်ဆင် အကောက်ကြံခဲ့သည့်ထိုစဉ်ကတည်းက သူ ရယ်စရာကောင်းသည်ဟု ထင်မှတ်ခဲ့ဖူးသည်။ ကံကြမ္မာက ပီဘိ ရယ်သွမ်းသွေးစရာ၊ ယခုတွင်လည်း မိန်းကလေးများ အကြား ရောနှောလျက်နေသော သူမကို သူ အလွယ်တကူ သတိထားမိနေသည်။
သူမက ယခင်ကနှင့်မတူ၊ လှပသော ပိုးထည် ပိုးသားများ ဝတ်ဆင်ထားပြီး မျက်နှာလေးကလည်း ပို၍ ကြည်လင်ရှင်းသန့်လာသည်။ သူမ၏ ကောက်ကျစ်မှုကို ဖုံးကွယ်ကာ ဖြူဖြူစင်စင် တောက်တောက်ပပ ပြုံးနေသည့်တိုင်အောင် တစ်ချက်ကြည့်ရုံမျှနှင့် ထောပါယွိ သူမအား မှတ်မိလေသည်။ သူမသည် ဝက်များကို တမင်ရည်ရွယ် လွှတ်ပေးလိုက်ပြီး ရေတွင်းနံဘေး၌ သနားစရာ ငိုပြဟန်ဆောင်ခဲ့သည့် ကလေးမဖြစ်သည်။ ထိုမျှမက၊ လက်ဘက်ရည်ဆိုင်၌ သူ့အား တမင်တကာ ရှောင်ဖယ်၍နေခဲ့သူလေး။
သို့သော် ယခု သူမ၏ သွင်ပြင်ဟန်မှာ ယခင်ကထက် များစွာ လှပကြော့ရှင်းလာလေသည်။
စင်စစ်တွင်လည်း ပိုးဖဲအထည် ဝတ်ကောင်းစားလှက တစ်ဦးတစ်ယောက်၏ အလှကို ပိုမို ထင်ရှားသွားစေနိုင်လေသည်။ ထောပါယွိ၏ နှုတ်ခမ်းများအသာအယာ ကော့ညွန်သွားလျက် မိမိအား မျက်လုံးအဝိုင်းသားကြည့်နေကြသည့် ချန်ကျင်းရှောင့်ကျဲများကို ဝေ့ကြည့်လိုက်သည်။ ဤသတ္တမမင်းသားမှာ ဘုရင့်သားတော်များအနက် ချောမောအခံ့ညားဆုံးဖြစ်လေသည်။ အေးတိအေးစက်နှင့် အရောဝင်ရခက် စိမ်းကားတတ်သူဟုလည်း အများက သိထားကြသည်။
စန်းဟွမ်းဇီ ထောပါကျန်းက ပြုံးလျက် ခေါ်လိုက်၏။ "သတ္တမညီတော်"
ထောပါယွိ မျက်နှာပေါ်က အပြုံး အနည်းငယ် တန့်သွားဟန် ရှိလေသည်။ "တတိယအစ်ကို"
ချောမောခံ့ညားလှသော ဘုရင့်သားတော်နှစ်ပါး တစ်နေရာတည်းတွင် အတူယှဉ်တွဲရှိနေပုံက လွန်စွာ မျက်စိပသာဒ ဖြစ်ဖွယ်ပင်။ လီဝေယန်း ပြုံးမိသည်။ ဤမင်းသားနှစ်ပါးမှာ တစ်သက်တာလုံး မသင့်မြတ်နိုင်မည့် ရန်သူပြိုင်ဘက်ဖြစ်နေကြသည်ကို မည်သူ ခန့်မှန်းမိပါလိမ့်မလဲ။ မင်းမျိုးမင်းနွယ်ဝင် ညီအစ်ကိုအချင်းချင်း ထီးနန်းလုကြခြင်းမှာ မလွဲသာ မရှောင်သာသော ကိစ္စရပ်ဖြစ်သည်။ ယခုများ ယခင်ဘဝအကြောင်း ပြန်တွေးကြည့်ရလျှင် သူမသည် ထောပါကျန်းဘက်မှသာ ရပ်တည် စဉ်းစာပေးခဲ့သောကြောင့် ထောပါယွိကို ရန်သူရန်ဘက်တစ်ဦးကဲ့သို့ သဘောထားခဲ့ဖူးလေသည်။ ယခုတော့ ထိုခံစားချက်များ ပြောင်းလဲသွားခဲ့ပြီ။
ထောပါကျန်း ရာဇပလ္လင်ထီးနန်းတက်ခွင့် ရသွားမည်ကို အသာတကြည် လွှတ်ပေးထားရမည့်အစား ထောပါယွိ အောင်နိုင်သူဖြစ်သွားစေရန်သာ လီဝေယန်း အားကျိုးမာန်တက် ကူညီပေးလိုက်ချင်တော့၏။
ပဉ္စမ မင်းသား ထောပါလွေ့ကတော့ လွန်စွာ အံ့အားသင့်နေလေသည်။ "သတ္တမဘီတော်တောင် ပွဲခန်းပွဲနား မတက်စဖူး အလာထူးနေပါလား"
ထောပါယွိ၏ အကြည့်များက လီဝေယန်းဘက်သို့ ခရီးသွားဟန်လွဲ ရောက်သွားလေသည်။ "အမတ်ချုပ်ကြီးက သူ့ရဲ့ ချစ်သမီးလေးအတွက် ဂုဏ်ပြုစားသောက်ပွဲ ကျင်းပပေးတာပဲ၊ ကျွန်တော်က သေချာပေါက် တက်ရောက်ဂုဏ်ပြုပေးရမှာပေါ့"
စင်စစ်တကယ်တမ်း၊ ပိရှမှ တစ်စုံတစ်ယောက်အား အန်းဖိန်ရှန်းကျူ ဘွဲ့ကို ချီးမြှင့်လိုက်ကြောင်း ကြားသိလိုက်ရစဉ်က ထောပါယွိသည် သူ့မယ်တော်၏ နန်းဆောင်အတွင်း၌ ရှိနေခဲ့သည်။ ထို ဘွဲ့ချီးမြှင့်ခံရသူသည် လီအိမ်တော် အမတ်ချုပ်လီရှောင်းရန်၏ ကိုယ်လုပ်တော်ဖွား သမီး လီဝေယန်းဖြစ်ကြောင်း သိရလေသည်။ နန်းတွင်းသူများကလည်း ထိုစန်းရှောင်ကျဲသည် ဖိန်ချန်းအနီးရှိ ကျေးရွာတစ်ခုတွင် ကြီးပြင်းလာရသူ ဖြစ်ကြောင်း အတင်းစကားဆိုကြသေးသည်။
ထိုအမည်ကို ကြားလိုက်ရသည်နှင့် အဘယ်ကြောင့် ကြည်လင် နက်ရှိုင်းသော ထိုမျက်ဝန်းတို့ကို မြင်ယောင်မိသည်ကို ထောပါယွိ နားမလည်နိုင်တော့။ သူ နန်းတော်ထဲမှ ထွက်လာမိခဲ့သည်။ သူ မိမိကိုယ်ကို သတိထားမိချိန်မှာတော့ မြင်းလှည်းက အမတ်ချုပ် အိမ်တော်ရှေ့တွင် ရောက်လို့နေချေပြီ။
သူ့၏ ဆဋ္ဌမအာရုံက လက်ဘက်ရည်ဆိုင်တွင် သူတွေ့ခဲ့သော မိန်းကလေးမှာ လီဝေယန်း ဖြစ်လိမ့်မည်ဟု ပြောနေသည်။ သူ ထိုသံသယကို အတည်ပြုလိုသည်။ တကယ်လည်း အတည်ပြုနိုင်ခဲ့လေသည်။
လီရှောင်းရန်ကတော့ မျက်နှာ ပွင့်လန်းရွှင်သာနေတော့သည်။ သူက ဝတ္တရားအရ ဖိတ်ကြားခဲ့ခြင်းဖြစ်သော်လည်း မင်းမျိုးမင်းနွယ် သုံးပါး ရုတ်ချည်းကြွရောက်လာကြမည်ဟုတော့ မမျှော်လင့်ခဲ့။ ဤသည်က သူ၏ သြဇာသက်ရောက်နိုင်စွမ်းနှင့် နန်းတွင်းရုံးတော်အပေါ် လွှမ်းမိုးနိုင်မှုကို ထင်ဟပ်ပြနေခြင်းဖြစ်လေသည်။ ရွှင်ရွှင်ပြပြ အပြုံးတစ်ခုနှင့် လီရှောင်းရန် သေရည်ခွက်ကို မြှောက်လိုက်တော့သည်။ "ကြွရောက် ချီးမြှင့်လာပေးကြတဲ့ အရှင်မင်းသားသုံးပါးလုံးကို ဒီအမတ်က တစ်ခွက် ဆက်သပါရစေ"
သတ္တမ မင်းသားကလည်း ရုတ်တရက်ရောက်ရှိလာသည်။ ထိုမျှမက ပွဲကျင်းပသည့် အိမ်ရှင်ကလည်း စိတ်အားထက်သန် တက်ကြွနေသည်။ ထို့ကြောင့် အခန်းအနားတစ်ရပ်လုံး မြူးထူးလာပြီး ဧည့်သည်တော်အပေါင်းတို့လည်း အချင်းချင်း ဂုဏ်ပြု သောက်စားကြတော့သည်။
ထောပါကျန်းက ထရပ်ကာ ဆိုလိုက်သည်။ "အမတ်ချုပ်ကြီး... အိမ်ရှေ့စံမင်းသားက တိုင်းရေးပြည်ရာတွေနဲ့ အလုပ်များနေလို့ ကိုယ်တိုင်ကိုယ်ကျတော့ မတက်ရောက်နိုင်ပါဘူး၊ ဒါပေမဲ့... သူ့ကိုယ်စား ဒီမင်းသားနဲ့အတူ လက်ဆောင်တစ်ခုတော့ ချီးမြှင့်ပေးလိုက်တယ်"
လီရှောင်းရန် ပြုံးလိုက်တော့သည်။ "အိမ်ရှေ့စံ ကျွန်တော်မျိုးတို့အတွက် တွေးပေး အရေးပေးလို့ ကျေးဇူးတင်ကြောင်းပါ"
ထောပါကျန်းသည် ပိုးဖဲတို့ဖြင့် ဖုံးအုပ်ထားသော သေတ္တာငယ်ကို ဖွင့်ရန် အမိန့်ပေးလိုက်သည်။ အထဲရှိ ပစ္စည်းကို မြင်လိုက်ရသောအခါ အများသူငါထံမှ သြချချီးကျူးသံတို့ ညံသွားတော့လေသည်။ ၎င်းမှာ ရွှေစင်ရွှေသားအတိပြီးသော အလွန်တရာ လှပသော ဒေါင်းရုပ်ဖြစ်လေသည်။ ဒေါင်း၏ အမွှေးအတောင်များကို အနုစိတ်သော ရွှေပိုးမျှင်လေးများဖြင့် ပြုလုပ်ထားသဖြင့် တကယ့်ဒေါင်းတောင် အစစ်သဖွယ် လေအလာမှာ လွန့်လူးနေလေသည်။ ဒေါင်း၏ မျက်လုံးများကိုမူ ဆန်စေ့အရွယ် မြကျောက်များဖြင့် စီခြယ်ထားသဖြင့် ဖယောင်းတိုင်မီးအောက်၌ ပဟေဋိဆန်ဆန် နက်နဲစွာ တောက်ပသက်ဝင်နေတော့လေသည်။ ဒေါင်းမြီးကိုမူ အဖိုးတန် ရောင်စုံ ကျောက်မျက်ရတနာများနှင့် စီခြယ် ကွပ်ညွတ်ထားသဖြင့် အလင်းရောင်အောက်၌ သက်တံရောင်သဖွယ် လင်းလက်ရောင်ဖြာထွက်နေတော့၏။ အမှန်တကယ်ပင် တွေ့ရခဲလှသော ရှားပါး ရတနာ တစ်ပါးပင် ဖြစ်လေတော့သည်။
ဤကဲ့သို့သော လက်ဆောင်မျိုးမှာ အဖိုးအနဂ္ဂထိုက်တန်ပြီး အိမ်ရှေ့စံမင်းသားသည် ဤရှန်းကျူကို အလေးဂရုထားသည်ဟူသော သဘောကို အများသူငါ မြင်သာသိစေရန် လုံလောက်နေပေသည်။ သို့တည်းမဟုတ်၊ လီဝေယန်းတစ်ယောက် ရှန်းကျူ အဖြစ် တင်မြှောက်ခံရသည်ကို သူ သတိထားမိပါသည်ဟူသော သဘောဖြစ်သည်။
လီဝေယန်းကမူ အရိုးခံအပြုံးကိုသာ ပြုံးထားရင်း ဖဲကတ္တီပါ လက်ဆောင်သေတ္တာကို လက်ခံယူလိုက်သည်။
ထောပါကျန်း လီဝေယန်းကို ကြည့်နေမိသည်မို့ သူမ အပေါ်နှုတ်ခမ်းကို တွန့်၍ မဲ့ပြုံး ပြုံးလိုက်သည်ကို တွေ့ဖြစ်လိုက်သည်။ သို့သော်လည်း ခပ်ယောင်ယောင် မသိမသာဖြစ်၍ တစ်ခဏတွင်းချင်းပင် ထိုအပြုံးက ပျောက်သွားလေသည်။
ထိုအချိန်၌ လီမင်တျဲတစ်ယောက် ဟောဟဲစိုက်လျက် အပြေးရောက်လာလေသည်။ သူ့အကြည့်က လီဝေယန်းကို ရှာမတွေ့မချင်း ဟိုသည်ပြေးလွှားနေသည်။ သူ့ကိုယ်ဟန်လေးက တောင့်တင်းမနေတော့၊ သူမအနားသို့ ချက်ချင်း ရောက်လာတော့သည်။ လီဝေယန်း၏ အနီး မလှမ်းမကမ်း၌ ထောပါကျန်း ရှိနေသည်ကို မြင်ရသောအခါတွင် မင်တျဲ၏ အကြည့်တို့က ရန်လိုသည့်ဟန်ဖြင့် ထောပါကျန်းကို စိုက်ကြည့်နေမိတော့လေ၏။
ထောပါကျန်းသည်လည်း မိမိအပေါ် ကျရောက်လာသော အကြည့်စူးစူးကို အလိုအလျောက် ခံစားမိသဖြင့် လှည့်ကြည့်လိုက်သောအခါ ထူးထူးခြားခြား အလွန်လှပသော ကောင်ငယ်လေးတစ်ယောက် ရပ်နေသည်ကို တွေ့ရတော့သည်။
သူက... စန်းဖန်းမှ မွေးစားထားသော ရှောင်ယဲကလေး ဖြစ်လိမ့်မည်။ ထောပါကျန်းသည် ထိုကလေးငယ်အကြောင်းကို သိပ်အတွေးမများလိုသော်လည်း မသိစိတ်၏ စေ့ဆော်မှုကြောင့် မကြာခဏဆိုသလို လှည့်ကြည့်နေမိလေသည်။ ထူးခြားသော ရုပ်ရည်သွင်ပြင်ရှိနေသည့်အပြင် ကလေးငယ်၏ သက်ဝင်တောက်ပနေသော မျက်ဝန်းများ၌ ကွယ်ဝှက်ချိုးနှိမ်ထားသော အာဃာတများ ရန်လိုမှုများ ရှိနေဟန်တူသည်။
ရန်လိုတာတဲ့လား... သူ့အပေါ်ကို ရန်လိုသတဲ့လား။ ဤကလေး စိတ်ခု ငြိုးထားရအောင် ရန်ပြုမိခြင်းမျိုး သူ့ဘက်က မရှိဖူးခဲ့ပေ။
ထိုကလေးငယ်၏ အကြည့်များကို အလေးအနက်မထားရန် သူ ရည်ရွယ်ခဲ့သော်လည်း လီမင်တျဲ၏ အကြည့်က မူမမှန်၊ စူးထက်လွန်းလှသဖြင့် သူ လျစ်လျူရှု၍ မရတော့ပေ။ သူအား နေရထိုင်ရခက်စေသည်။
ထိုအကြည့်ကို ရှောင်နိုင်ရန် သူ တတ်နိုင်သည့်ဘက်က ကြိုးစားသည့်အနေဖြင့် မိမိ ခုံနေရာတွင် ပြန်ထိုင်ရန် ခြေဦးလှည့်လိုက်တော့သည်။ တစ်ခဏမျှအကြာတွင်တော့ စိတ်ကသိကအောက်ဖြစ်စရာ ထိုအကြည့်ကို သူ မခံစားမိတော့ချေ။
လီဝေယန်း လီမင်တျဲ နဖူးထက်မှ ချွေးသီးချွေးပေါက်များကို သတိထားမိသွားကာ စူးစမ်းမေးမြန်းလိုက်တော့သည်။ "တစ်ခုခု ဖြစ်နေတာလား၊ မင်း ဘာလို့ ချွေးတွေ ဒီလောက်ထွက်နေရတာလဲ"
လီမင်တျဲ၏ မျက်ဝန်းထဲ ထူးဆန်းသော အရိပ်တစ်ခုဖြတ်သန်းသွားတော့သည်။ "ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် ပန်းဥယျာဉ်ထဲသွားပြီး စန်းကျဲကျဲကို လိုက်ရှာခဲ့တာ၊ ဒါပေမဲ့... ရှာမတွေ့ခဲ့ဘူး"
လီဝေယန်း၏ အကြည့်များက လီမင်တျဲ၏ ရွှေခြည်ထိုး အပေါ်ဝတ်ရုံဆီ ရွေ့လျောသွားလေသည်။ အတိအကျဆိုရလျှင် သူမ အကြည့်ရောက်မိသည်မှာ စွန်းထင်းနေသော အကွက်ကလေးတစ်ခု။ သူမ စိုးရိမ်သွားမိတော့လေသည်။ "ချော်လဲခဲ့တာလား"
လီမင်တျဲကတော့ ဝမ်းသာအယ်လဲ ပြုံးကာ ဖြေသည်။ "မလဲခဲ့ပါဘူး" တစ်ချိန်တည်းမှာပင်၊ သူ့မျက်ဝန်းများထဲ ပဟေဋိဆန်သော မြူခိုးများ ဖုံးလို့နေ၏။ သူ၏ အသက်အရွယ်နှင့် လားလားမျှ မအပ်စပ်နေပေ။
လီဝေယန်းသည် စိတ်ရှုပ်ထွေးသွားတော့သည်။ ဤကလေးထံမှ ထိုကဲ့သို့ အမူအရာမျိုးဖော်ပြသည်ကို သူမ တစ်ခါမျှမမြင်ဖူးခဲ့။ ဧကန္တ သူ တစ်ခုခု ကြားခဲ့၍ သုန်မှုန်နေခြင်းဖြစ်လောက်သည်။ သို့ပေသိတိုင် သူ့ဝတ်ရုံမှ အစွန်းအထင်းက မည်သို့ မည်ပုံဖြစ်လာသည်ကို မသိရပေ။
"မင်တျဲ" သူမ နူးညံ့စွာ ခေါ်လိုက်လေသည်။
လီမင်တျဲ၏ နှုတ်ခမ်းပုံစံက အလွန်လှပသည်။ သူ့နှုတ်ခမ်းစွန်းများက အပေါ်သို့ မသိမသာ ကွေးညွတ်နေကာ ပြုံးယောင်သန်းနေသည်။ သို့သော် သူ့မျက်ဝန်းများက ပြုံးမနေသည့်အခါမျိုး၌ ဤစွန်းကော့နေသော နှုတ်ခမ်းများမှာ ရက်စက်ကောက်ကျစ်စဉ်းလဲသော အသွင်ကို ဆောင်နေဟန်ရှိလေ၏။ "စန်းကျဲ၊ စောစောက ကျွန်တော် အတော် ထူးဆန်းတဲ့ လူတစ်ယောက် တွေ့ခဲ့တယ်..."
'အတော် ထူးဆန်းနေတဲ့ လူ' လီဝေယန်းမှာ သူ့စကားအသုံးအနှုန်းကြောင့် စိတ်ထွေသွားရတော့သည်။ သူမ သူ့ကို ဆက်မေးရန် ဟန်ပြင်လိုက်သောအခါ လီမင်တျဲက စကားလမ်းကြောင်း ပြောင်းသွားလေ၏။ သူ့မျက်ဝန်းများက ဖြူစင်ရိုးသားနေသည်။ နေ့အလင်းရောင်ပမာ ကြည်လင်နေရင်းက သူမအတွက် ပုလဲစွပ်ပြုတ်ပန်းကန်ကို ကမ်းပေးလာသည်။ "အဲ့ဒီအကြောင်း ဆက်မပြောဘဲ နေရအောင်၊ ဒီမှာ ဒါလေး... သောက်ကြည့်ကြည့်၊ တကယ်ကောင်းတယ်"
ပို၍ အရေးကြီးသော အရာများ ကျန်ရှိနေသေးသည်ကို လီဝေယန်းလည်း သတိရမိသွားသည်။ ထို့ကြောင့် လီမင်တျဲ၏ ကိစ္စကို သူမ နှုတ်ဆိတ်နေလျက် မသိကျိုးကျွံပြုပေးလိုက်တော့သည်။
ထိုစဉ် စန်းဖူးရန်ကလည်း လီဝေယန်းဘက်သို့ လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ဦးသား အပြုံးချင်း ဖလှယ်လိုက်လေသည်။ တစ်ဦး၏ သဘောထားကို နောက်တစ်ဦးက အပြည့်အဝ နားလည်ယုံကြည်သည့် သဘော။
လက်ဘက်ရည် တစ်ခွက်သောက်ခန့် ကြာသော်၊ အလန့်တကြား ငယ်သံပါအောင် အော်သံတစ်ခု စုးစီနေအောင် ပေါ်ထွက်လာလေသည်။ လူတိုင်းမှာ ထိတ်လန့်သွားရတော့၏။
လီရှောင်းရန်၏ မျက်နှာထားလည်း တည်တင်းသွားတော့သည်။ သူ တစ်စုံတစ်ယောက်ကို အခြေအနေစူးစမ်းရန် စေလွှတ်တော့မည့်စဲစဲ၊ စစ်အာဏာရ ဝမ်အိမ်တော်၏ တာ့ရှောင်ကျဲ သွေးဆုတ်ဖြူရော်နေကာ မူးမိုက်လဲတော့မည့်ပုံစံဖြင့် အစေခံတစ်ယောက်ကို မှီထားရင်း ရောက်လာသည်ကို တွေ့လိုက်ရလေသည်။
တာ့ဖူးရန် သူမကို တွေ့သောအခါ ချက်ချင်း မျက်မှောင်ကြုတ်မိလိုက်သည်။ "ဝမ်ရှောင်ကျဲ ဘာများဖြစ်လို့ပါလဲ"
ဝမ်ရှောင်ကျဲ ထပ်အော်ဟစ်လိုက်တော့သည်။ သူမမှာ ခေါင်းအစ ခြေအဆုံးတုန်ရင်နေပြီး မျက်နှာကလည်း ဖြူဖျော့နေသည်။ စကားတစ်ခွန်းတစ်ပါဒမျှလည်း ပြောမထွက်နိုင်ဖြစ်နေသည်။
ဝမ်ဖူးရန်သည် ထရပ်လိုက်တော့သည်။ သူမက ဝမ်တာ့ရှောင်ကျဲ၏ မိထွေးသာဖြစ်၍ သူမ၏ သွေးသားရင်းမဟုတ်သော သမီးက လူပုံအလယ်တွင် အရှက်ရစေသောအခါ တည်တင်းစွာ ဆူပြောလိုက်တော့သည်။ "မင်းက ဂုဏ်သရေရှိအိမ်တော်တစ်ခုရဲ့ တာ့ရှောင်ကျဲဖြစ်နေပြီး ကိုယ်နှုတ်အမူအရာကို စောင့်မထိန်းတတ်ဘူး၊ သွား ပြန်တော့..."
ထိုအခါမှ ဝမ်ရှောင်ကျဲ ရုတ်တရက် ငိုချလိုက်ပြီး ရှိုက်ကြီးတငင်ပြောတော့လေသည်။ "အမေ... အဲဒါ့ ကျွန်မနဲ့ မဆိုင်ပါဘူး၊ ဒါပေမဲ့ ခုနလေးတင် ကျွန်မ လေညှင်းခံဖို့ ခန်းမဆောင်ပြင်ကို တစ်ယောက်တည်း ထွက်သွားလိုက်တာ၊ အဲ့ဒီမှာ... အဲ့ဒီမှာ လူသေ အလောင်းတစ်ခု သစ်ပင်ပေါ်မှာ တွဲလောင်းကြီးဖြစ်နေတာ တွေ့ခဲ့ရတယ်...!"