၅၅။ ထိုးထွင်းသိမြင်လွယ်ခြင်း (Sharr,Tr)
လီဝေယန်း ဦးညွှတ်၍ ပြောလိုက်၏။
"ပိရှ(မင်းကြီး)ရဲ့ ဝန်တာကို မျှယူဖို့ ဖခင်က ကပ်ဘေးဖြစ်ပွားရာဒေသတွေကို အခြေအနေထောက်လှမ်းဖို့ အထောက်တော်တစ်ယောက် စေလွှတ်ခဲ့ပါတယ်၊ သူပြောတာကတော့ အဲ့ဒီအမတ်ဝန်တွေက စစ်ဆေးရေးအရာရှိတွေ လာတယ်လို့ ကြားတာနဲ့ ချက်ချင်း ညတွင်းချင်း မီးဖိုဆောင်တွေဆောက်၊ 'မှူးမတ်ဝန်များမှ ဝေငှသည့်ယာဂု' လို့ရေးထားတဲ့ အဝါရောင်စာတန်းကို ဝါးလုံးနဲ့ထောင် ချိတ်ဆွဲကြပြီး ဒုက္ခသည်တွေ လာတန်းစီဖို့ စောင့်ကြတယ်တဲ့၊ စစ်ဆေးရေးမှူးတွေ ရောက်လာရင်တော့ ယာဂုဝေဖို့ ခေါင်းလောင်း စတီးကြတယ်၊ ဒါပေမဲ့ စစ်ဆေးရေးမှူးတွေ ထွက်သွားတာနဲ့ မီးဖိုတွေ ချက်ချင်းသိမ်းပြီး ရိက္ခာဝေတာလည်း ရပ်လိုက်ပါတယ်တဲ့၊ ပိရှ အမတ်တွေက သူတို့အိတ်ထဲ ထည့်ရုံတင်မကဘူး၊ ပိုဆိုးတာက ဒုက္ခသည်တွေကို ဝေငှတဲ့ရိက္ခာတွေကို ရွှံ့ဖြူရောကြတာပဲ၊ ပြီးတော့ ယာဂုအိုးထဲ သစ်ခေါက်တွေတောင် ထည့်ကြတယ်၊ ဒုက္ခသည်တွေက ဒီလိုမျိုးယာဂုတွေကို သောက်ရင်း ရုန်းကန်နေကြရပြီး သေလုမတတ် ဆာလောင်နေကြပါတယ်၊ ဒီလိုရိက္ခာမျိုးဖြစ်နေမှတော့ ဆူပူအုံကြွမှုမရှိဘဲ နေပါ့တော့မလားဘုရား"
ဘုရင်မင်းမြတ် နားထောင်ပြီးနောက် အံ့အားသင့်ကြက်သေသေသွားရသည်။ ထိုသို့ ဖြစ်ပျက်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့။ သူ့အမတ်တွေ အိတ်ကပ်ထဲထည့်သည်ဟု လီဝေယန်းပြောရာတွင် သူ မယုံကြည်ခဲ့။ အကြောင်းမှာ နယ်လှည့်စစ်ဆေးရေးအဖွဲ့သုံးဖွဲ့ကို သူစေလွှတ်ခဲ့တာတောင် ဆူပူအုံကြွမှု အကြောင်းရင်းခံကို မဖော်ထုတ်နိုင်ခဲ့ကြချေ။ ဒီမိန်းကလေးကတော့ ဖြစ်ကြောင်းကုန်စင်ကို ချက်ကျလက်ကျနှင့် ရှင်းရှင်းလင်း ပြောဆိုသွားသည်။ ဒီမိန်းကလေးက အမှုမဲ့အမှတ်မဲ့ ပြောနေတာပါလို့ သူ့ကိုယ်သူ အတင်းတွေးယူလျှင်တောင် ဤသည်မှာ မဖြစ်နိုင်ရာ။
"ကိုယ်တော် စစ်ဆေးရေးမှူးတွေတင် မကဘူး နန်းတွင်းအထောက်တော်တွေပါ လွှတ်စုံစမ်းတုန်းက ဘာမှထွက်မလာခဲ့ဘူး" ဘုရင်မင်းမြတ်က စကားတစ်ခွန်းချင်းစီတိုင်းကို သေချာပြောလာသည်။
လီဝေယန်းက ခေါင်းကိုသာ ငုံ့ထားသည်။ ဟုတ်၏။ ဘုရင်မင်းမြတ် ရှာတွေ့စရာအကြောင်းမရှိ။ ဒေသန္တရအမတ်ဝန်တို့က အပေါ်ယံသက်သေများကို ဖျောက်ဖျက်ပစ်ကြပြီး အနှီဒုက္ခသည်များကို နှိမ်နင်းခဲ့ကြသောကြောင့် အမှန်ကို အလွယ်တကူ မဖော်ထုတ်နိုင်ကြချေ။ သို့သော်ငြား အနှီဖြစ်ရပ်များကို သူမအရင်ဘဝက ကပ်ဘေးတစ်ခုကြုံတိုင်း မျက်မြင်တပ်အပ် တွေ့ခဲ့ရသည်။ အနှီကိစ္စများမှာ အကျင့်ပျက်ခြစားသော အမတ်ဝန်များနှင့် ကောက်ကျစ်လှသော မှတ်တမ်းအရာရှိများ လုပ်နေကျ လှည့်ကွက်များပင်။
"ဒုက္ခသည်တွေက အကြောက်အကန် ငြင်းဆန်ပြီး ထုတ်မပြောကြတော့ ဖခင်ရဲ့ အထောက်တော်လည်း အစတုန်းက ဘာမှရှာမတွေ့ခဲ့ဘူး၊ အဲ့တာနဲ့ ကျွန်တော်မျိုးမလည်း သူတို့ကို ရုပ်ဖျက်ပြီး ဒုက္ခသည်တွေထဲ ရောနှောဟန်ဆောင်ခိုင်းဖို့ ဖခင်ကို အကြံပေးလိုက်တယ်၊ အခြားသူတွေ ယုံအောင်လို့ ပြဿနာ နည်းနည်း တက်အောင်တော့ လုပ်လိုက်ရတာပေါ့..."
"မင်း..." ဘုရင်မင်းမြတ် ပြောစရာစကားတို့ ပျောက်ဆုံးသွားချေသည်။
"တာ့ကျဲပြောခဲ့တဲ့ စတုတ္ထအဆင့်က အခွန်အခ လျှော့ချတာ၊ ပိရှက ပြည်သူတွေကို နှစ်သိမ့်ပေးဖို့ ကပ်ဘေးသင့်ဒေသတွေကို အခွန်ကင်းလွတ်ခွင့်အမိန့် ကြေညာမောင်းခတ်ခိုင်းလိုက်တယ်၊ ဒီနည်းလမ်းက ပြည်သူတွေကို ချွေးသိပ်ဖို့ သိပ်ကောင်းတဲ့နည်းလမ်းပဲ၊ ဒါပေမဲ့ ကပ်ဘေး ဖြစ်ပွားပြီးတဲ့အခါ ဒေသန္တရအမတ်ဝန်အချို့က အခွန်တိုးကောက်ကြတယ်၊ အခွန်ကင်းလွတ်ခွင့်အမိန့်တော်က ကပ်ဘေးသင့်ဒေသတွေကို ရောက်တဲ့အခါ အခွန်အတုတ်က ကောက်ပြီးနေပြီ၊ ပိရှ... အရှင့်ငယ်သားတွေက အရှင့်မျက်နှာသာပေးမှုကြောင့် ရလာတဲ့အခွန်အတုတ်တွေကို ဒီအတိုင်း အိတ်ထဲထည့်လိုက်ကြတော့တာပါပဲ"
ဘေးဘက်နားတွင် စုတ်တံကို တက်တက်ကြွကြွ ကိုင်လျက် အမတ်ချုပ်ကြီး၏ တတိယသမီး နှုတ်ထွက်စကားတို့ကို မလွဲရစေဘဲ မှတ်တမ်းတင်ရေးသားနေသော မှတ်တမ်းတင်အရာရှိကို မယ်တော်ကြီး ကြည့်မိလိုက်၏။
"ပဉ္စမအဆင့်က ရိက္ခာသိုလှောင်ရာဌာနတွေပါ၊ ပိရှ ရိက္ခာသိုလှောင်ရာဌာနက အပြင်ပိုင်းမှာ အကျိုးရှိစေမယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ သာမန်အရပ်သားတွေအပေါ်မှာ စည်းမျဥ်းဥပဒေကို ချိုးဖောက်နေကြပါတယ်၊ ရိက္ခာသိုလှောင်ဖို့ တာဝန်ယူရတဲ့ ဒေသန္တရအမတ်ဝန်တွေက မသမာသူကုန်သည်တွေနဲ့ ပေါင်းကြံပြီး စပါးဝယ်ရောင်းခွင့်အာဏာကိုသုံးလို့ ပိရှရဲ့ရိက္ခာတွေကို အလွဲသုံးစားလုပ်ကြတယ်၊ သိုလှောင်ထားတဲ့စပါးတွေကိုလည်း ပုံမှန်ထုတ်ယူကြတယ်၊ ကိုယ်ကျိုးကိုသာ ကြည့်တတ်ကြတဲ့ လူတွေကြောင့် ပြည်သူတွေနဲ့ ပဋိပက္ခတွေဖြစ်လာရတယ်၊ ဒီနည်းက ဆက်လုပ်လို့မဖြစ်ပါဘူး၊ ဒါ့ကြောင့် အဆင့်ငါးဆင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ပြုပြင်ရေး စီမံကိန်းက စာရွက်ပေါ်က အပြောသပ်သပ်ရယ်ပါ၊ ကြွက်တွေအတွက် အကျင့်ပျက်ခြစားဖို့ အခွင့်ကောင်းပဲ ဖြစ်နေတာ၊ ဒါက တကယ့်ကိုပဲ တိုင်းပြည်ကိုဖျက်ဆီး၊ ပြည်သူတွေကို ကပ်ဘေးဆိုက်စေပါတယ်" လီဝေယန်း စကားတစ်ခွန်းတစ်ခွန်းတိုင်းဟာ ကြားရသူတို့ကို တုံ့ဆိုင်းသွားစေသည်။
ဘုရင်မင်းမြတ်က ပလ္လင်ပေါ်တွင်ခဏမျှထိုင်နေခဲ့ပြီး မည်သို့မျှမိန့်ဆိုခြင်းမရှိခဲ့။
သူ့နှုတ်ဖျားမှ တစ်ခုခုမိန့်လာလေမလားဆိုပြီး လူတိုင်းက သူ့ကို ကြည့်နေမိကြသည်။ ဒီမိန်းမလှငယ်လေးက သူ့အသက်ကို ဆုံရှုံးရတော့မည်လား။
သို့ရာတွင် ဘုရင်မင်းမြတ်က နောက်ဆုံးမှာ သက်ပြင်းရှည်တစ်ချက်သာ ချမိလိုက်သည်။
"ဒီအဆင့်ငါးဆင့်က မင်းအစ်မဆီကလာတာပဲ"
လီဝေယန်း မျက်လွှာချကာ တလေးတစားဖြင့် ပြောလိုက်၏။
"ပိရှ... တာ့ကျဲက အိမ်တော်အပြင်ဘက်ကို ထွက်ဖူးသူ မဟုတ်ပါ၊ ဖြေရှင်းနည်းက ပုံမှန်ဆို ကောင်းပေမယ်လို့ ကံမကောင်းချင်တော့ အကောင်အထည်ဖော်ရာမှာ ပြဿနာတွေရှိလာတယ်၊ ဒါပေမဲ့ ကျွန်တော်မျိုးမက အစ်မဖြစ်သူနဲ့ ခြားနားပါတယ်၊ ကျွန်တော်မျိုးမက ကျန်းမာရေးချူချာလွန်းတော့ ဖခင်က နေပြန်ကောင်းလာအောင်ဆိုပြီး ကျေးလက်ဒေသကို ပို့ခဲ့ပါတယ်၊ အဲ့ဒါကြောင့် သူဆင်းရဲတွေနဲ့ မြေယာသီးစားတွေရဲ့အကြောင်းကို သိခဲ့ရပါတယ်၊ ပိရှ... တာ့ကျဲရဲ့ မသိနားမလည်မှုအတွက် ခွင့်လွှတ်ပေးတော်မူပါ"
သည်လိုစေ့စပ်လှသော ထိုးထွင်းသိမြင်နိုင်စွမ်း၊ အနုစိတ်လှသော စိစစ်ပိုင်းခြားနိုင်စွမ်းနှင့် အမြင်ကျယ်မှုမျိုး အားလုံးက မိန်းမငယ်လေးတစ်ယောက်ထံမှ ထွက်လာခြင်းသာ။ ဘုရင်မင်းမြတ်က လီဝေယန်းကို အံ့အားသင့်တုန်လှုပ်သော အကြည့်မျိုးဖြင့် ကြည့်လာသည်။
"ဒီနည်းလမ်းတွေမှာ ပြဿနာတွေရှိနေတယ်ဆိုတာ မယ်မင်းသိပြီးသားပေါ့"
လီဝေယန်း မျက်လွှာတို့ အနည်းငယ်ပင့်ကာ လျှောက်တင်လိုက်၏။
"ပိရှ ဝေယန်းက ကိစ္စရပ်တွေကို ဆွေးနွေးရုံပဲ တတ်နိုင်ပါတယ်၊ ကြိုမမြင်နိုင်ပါဘူး"
သူမက မသေမျိုးအမတအရှင်မဟုတ်၊ မည်သို့ကြိုမြင်နိုင်မည်နည်း။ ဘုရင်မင်းမြတ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"မယ်မင်းလို ငယ်ရွယ်ပြီး ဒီလိုအမြင်စူးရှတယ်ဆိုတာ ရှားမှရှားပဲ၊ မယ်မင်းပြောသလိုဆို ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ"
လီဝေယန်း ပြုံးကာ ပြောလိုက်သည်။
"ကပ်ဘေးကယ်ဆယ်ရေးကို အမတ်တွေ ပြန်လည်နေရာချတာကနေ စသင့်ပါတယ်၊ ပိရှ... ကျေးဇူးပြုပြီး အကျင့်ပျက်ခြစားတဲ့အမတ်တွေကို အရေးယူဖို့ စစ်ဆေးရေးမှူးတွေ ထပ်လွှတ်တော်မူပါ"
ဘုရင်မင်းမြတ် မျက်ခုံးတို့ တွန့်ချိုးသွား၏။ သူ လက်ကိုယမ်းကာ ပြောလိုက်တော့သည်။ "ကိုယ်တော့်အမိန့်ကို ထုတ်ပြန်စေ၊ အကျင့်ပျက်ခြစားတဲ့အမတ်တွေကို ရှာဖွေဖော်ထုတ်နိုင်တဲ့ ပြည်သူပြည်သားတိုင်းက အမတ်တွေကို ကြိုးချည်ကာ အပြစ်ခံယူစေဖို့ ရွှေမြို့တော်ကို လာပို့စေ၊ စစ်ဆေးရေးဂိတ်က အတားအဆီးတွေကိုလည်း ဖြတ်ကျော်ခွင့်ပြုစေ၊ တစ်ယောက်ယောက်များ လာတားရဲရင် ချက်ချင်းသတ်စေ"
လီဝေယန်း တီးတိုးပြောလာသည်။
"ပိရှ... အကျင့်ပျက်ခြစားမှုအတွက် ငွေကြေးပမာဏ အကန့်အသတ်ကိုပါ သတ်မှတ်ပေးတော်မူပါ"
ဘုရင်မင်းမြတ်က အေးစက်စက်ဖြင့် ပြောလာသည်။ "အခုကစပြီး ကပ်ဘေးကယ်ဆယ်ရေး ရိက္ခာတွေ၊ ရန်ပုံငွေတွေကို ငွေ၁၀၀ထက်ပိုပြီး အလွဲသုံးစားလုပ်တဲ့သူတွေအားလုံး သေဒဏ်"
လီဝေယန်းက မျက်တောင်ခတ်လိုက်၏။
“ဒါပေမဲ့ အကျင့်ပျက်တဲ့သူတွေ အများကြီး ရှိနေတာ၊ သူတို့အားလုံးကို တစ်ပြိုင်နက် သတ်လို့မရနိုင်မှာကို ကျွန်တော်မျိုးမ စိုးရိမ်မိပါတယ်၊ ပြီးတော့ နေရာလပ်အတွက် အရာရှိတွေ လုံလောက်မှာ မဟုတ်ဘူး”
ဘုရင်မင်းမြတ်က သူမကို ကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်၏။
“မင်းပြောသလိုဆို ဘာလုပ်သင့်လဲ”
လီဝေယန်းက ပြုံးကာ “အရာရှိတွေခန့်အပ်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ပိရှမှာ အင်ပါယာနဲ့ဆိုင်တဲ့ သိသာမြင်သာမှု ရှိမှာပါ၊ အရာရှိတွေ ဆက်တိုက်ခန့်အပ်ဖို့ ကျွန်တော်မျိုးမ အချိန်တချို့ အားစိုက်ထုတ်ဖို့ပဲ တတ်နိုင်ပါတယ်”
ဘုရင်မင်းမြတ်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
“ကောင်းပြီ အရာရှိတွေ ခန့်အပ်ရေးကိစ္စကို မင့်ဖခင်ဆီပဲ လွှဲထားလိုက်တော့မယ်”
ထိုစကားကို ကြားသောအခါ လောင်ဖူရန်က အပျော်လွန်သွားသည်။ အကျင့်ပျက်သည့် အရာရှိများကို ထုတ်ပယ်ခြင်းက လူတော်တော်များများကို ရန်စမိမှာ ဖြစ်သည်။ သို့သော် ခန့်အပ်နိုင်သည့် အာဏာ ရှိနေလျှင် လက်ယာမှ အရာရှိ လာသည်ဖြစ်စေ လက်၀ဲမှ အရာရှိများဖြစ်စေ ၎င်းက အရေးမကြီးတော့ပေ။ သူတို့က လီမိသားစု စိတ်ကျေနပ်စေရန် သူတို့ကို မျက်နှာချိုသွေးဖို့ရာ နည်းမျိုးစုံကို ရှာကြမှာပင်၊ ၎င်းက ကိစ္စကောင်း တစ်ခု ဖြစ်သည်။
မယ်တော်ကြီးက ရယ်မောကာ “ဒီလို ထက်မြက်တဲ့ မိန်းကလေးမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး၊ ပိရှ သူ့ကို ဆုကြီးကြီး ချီးမြှင့်မှ ဖြစ်မယ်”
ဘုရင်မင်းမြတ်က လီဝေယန်းကို တစ်ချက်ကြည့်ပြီး ခေါင်းခါကာ ပြောလိုက်၏။
“ဒီကောင်မလေးက သိပ်ငယ်သေးတယ်၊ တော်ဝင်ဘွဲ့ လက်ခံဖို့အတွက် မသင့်တော်ဘူး၊ ရွှေနဲ့ ငွေပဲ ချီးမြှင့်မှပဲ”
ထင်သည့်အတိုင်း သူက မြေခွေးအိုကြီးတစ်ကောင် ဖြစ်သည်။ ယခု သူက တော်ဝင်ဘွဲ့ မပေးချင်ဘူးတဲ့လား၊ လီဝေယန်း ရင်လေးသွားကာ သူမ မျက်နှာထက်ရှိ အပြုံးက ပို ခမ်းနားလာသည်။ သူမက သူ့ကိုယ်သူ အထင်ကြီးဟန်ရော နှိမ့်ချဟန်ပါ မပြဘဲ ခါးညွတ်ကာ သုံးကြိမ်တိုင်တိုင် အရိုအသေပေးပြီး ရိုးသားသည့်အသံဖြင့် ပြောလိုက်သည်။
“မယ်တော်ကြီး ချီးကျူးတာ ကျွန်တော်မျိုးမ ကျေးဇူးတင်ပါတယ်၊ မထိုက်တန်တဲ့ ချီးကျူးမှုကြောင့် ကျွန်တော်မျိုးမ ရှက်မိပါတယ်၊ တိုင်းပြည်အရေးကိစ္စအတွက် အမျိုးသမီးတစ်ယောက်ကို စကားဆိုခွင့်ပေးထားတဲ့ ပိရှရဲ့ ဂုဏ်ကျက်သရေနဲ့ ဉာဏ်ရည်ကို ဆုံတွေ့ခွင့်ရတာက ကျွန်တော်မျိုးမ ကံကောင်းနေပါပြီ၊ ကျွန်တော်မျိုးမက သာမန်လူတွေကြားထဲမှာ နေထိုင်ခဲ့တာပါ။ ဒါကြောင့် ပိရှရဲ့ ဝန်ထုပ်ဝန်ပိုးတချို့ကို ဖြေလျော့ပေးနိုင်တာပါ၊ ဆုတော်လာဘ်တော်တွေကို လက်မခံဝံ့ပါဘူး၊ ကျေးဇူးပြုပြီး ပြန်ရုပ်သိမ်းပေးပါ”
ဘဝင်မမြင့်မှု၊ ကမှူးရှူးထိုးမနိုင်မှု၊ အထင်ကြီး နှိမ့်ချမှုတို့ မရှိသည့် သူမ၏ သဘောထားက မယ်တော်ကြီး၏ အကောင်းမြင်မှုကို ချက်ချင်း ရသွားသည်။ မယ်တော်ကြီးက ချစ်ခင်ရင်းနှီးစွာ ပြုံးပြီး အချက်ပေးကာ ပြောလိုက်၏။
“မိုက်မဲလိုက်တဲ့ကလေး ပေးတာသာ လက်ခံလိုက်၊ ပိရှရဲ့ အဖိုးတန်မိန့်စကားပဲ ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူး”
ဘုရင်မင်းမြတ်က သဘောတူကြောင်း ခေါင်းညိတ်ပြပြီး လက်ဝှေ့ယမ်းလိုက်၏။ နန်းတော်ရှိ ရံရွှေတော်တစ်ဦးက ခေါင်းညိတ်ပြီး ပင်မခန်းဆောင်ထဲမှ စိတ်လှုပ်ရှားစွာ ထွက်သွားပြီး ခဏအကြာတင်ပြန်လာသည်။ လင်ပန်း နှစ်ဆယ်ကျော်ကို ဆက်တိုက် သယ်လာတော့၏။ လင်ပန်းတစ်ခုစီတွင် ရွှေနှင့် ကျောက်မျက်ရတနာများ ရှိနေပြီး တစ်ခုချင်းစီက အင်မတန် ရှားပါးလှသည်။ ရွှေနှင့် ကျောက်မျက်ရတနာများကို မြင်နေကျ လောင်ဖူရန်လည်း မင်သက်သွား၏။
ရက်ရောတဲ့ လက်တောင်တွေ... ဒါက ပထမဆုံးပဲ။
အမျိုးသမီးအရာရှိများအားလုံးက အားကျနေပုံပေါ်ပြီး သူတို့ဘာသာ ပြောဆိုနေကြ၏။ အဲဒီမိန်းကလေးက တကယ် ကံကောင်းတာပဲ။
လီဝေယန်းက ထို ရွှေများကို ကြည့်ဖို့ရာ ခေါင်းမမော့ဘဲ ကြမ်းပေါ် သာ ဒူးထောက်နေ၏။ သူမ မျက်နှာပေါ်ရှိ အမူအရာကို မမြင်နိုင်ပေ။
ရွှေလား၊ သူမ မလိုချင်ပေ။ သူမ လိုချင်သည့်အရာက ရွှေထက် ပိုတန်ဖိုး ရှိ၏။