[၁]. 绿鬓朱颜: နားထင်စိမ်းနု၊ မျက်နှာ ပန်းသွေး, မိန်းမပျို၏ မျက်နှာအလှကို ဖော်ကျူးသည်။
[၂]. 借花献佛: ငှားရမ်းလာသော ပန်း ဘုရားမှာ လှူ, တစ်ပါးသူ၏ အထောက်အပံ့အကူအညီကို ယူ၍ အကျိုးအမြတ်ရအောင် မျက်နှာပန်းလှအောင် ကြိုးပမ်းသည်။ / အလှူ့လက်ဖက်နှင့် မျက်နှာလုပ်။
[၃]. 韬光养晦: မသိသာ မထင်မရှားနေသည်။
______
၄၈။ တိုင်းပြည့် မိခင် (Nc)
ဒီရာသီဥတုက ပူနွေးစိုစွတ်နေသဖြင့် ပန်းမာန်များကို ပွင့်လန်း၍ ရနံ့သင်းပျံ့မွှေးကြိုင်စေသည်က ထူးဆန်းသည့်အရာတော့ မဟုတ်။ လီဝေယန်း မျက်မှောင်ကျုတ်လိုက်ပြီး မော့ကျူတို့ ကြွေပန်းအိုး အိမ်ဆောင်တွင်း သယ်ယူလာသည်ကိုသာ ကြည့်နေလိုက်မိသည်။ ဤ ကြွေပန်းပင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန်အဖိုးတန် နာမည်ကျော်ကြားသော တရုတ်ပန်းအလှမှန်း သိသာလှသည်။ မပွင့်ရသေးသော အငုံအဖူးလေးတစ်ခုနှင့်၊ ဘေးနားမှ ပွင့်ပြီးသား ပန်းပွင့်ငွားငွားစွင့်စွင့်တို့ ဝန်းရံနေပုံက အပြိုင်ဆန့်ကျင်လျက် သီးသန့်ခွဲထွက်နေသော ပန်းဖူးရဲရဲကလေးအား ပို၍ ထင်ရှား လှပနေစေသည်။ သစ်ရွက်အခက်များ ရှိနေပုံကလည်း ပနံသင့်လှသည်။ အစိမ်းရောင်နုနု တင့်တင့်တယ်တယ်။ နားထင်စိမ်းနု၊ မျက်နှာပန်းသွေး[၁]ဆိုသကဲ့သို့ ပြိုင်စံရှား အလှပဂေးလေးဟု တင်စားချင့်စရာ ဖြစ်နေလေသည်။
ကြွေပန်း၊ ယခင်ဘဝက သူမ အနှစ်သက်ဆုံးပန်း။
ထိုစဉ်တစ်ချိန်က နန်းတော်တွင်းမှာ ကြွေပန်းများကို စိုက်လေ့စိုက်ထရှိကြသည်။ ထိုစဉ်အခါကတော့ တောက်ပ လှပသော ကြွေပန်းများဟာ ထော့ပါကျန်း သူမအပေါ်ထားသော ချစ်မေတ္တာကို ကိုယ်စားပြုသည်ဟု သူမ ထင်ခဲ့သည်။ နောက်မှ သူမ သိခဲ့ရသည်က ကြွေပန်းများသည် အသည်းကြွေခြင်းကို ကိုယ်စားပြုသည်ကို။ ကံနိမိတ်မကောင်းသော အရာသာ။ ထော့ပါကျန်း တကယ်ကို ရက်စက်ခဲ့ဖူးပေသည်။ ယနေ့ သူ ကြွေပန်းပို့လာသည်ဆိုသည်ကလည်း ရယ်စရာကောင်းနေပြန်တော့သည်။
မော့ကျူက ဆိုလိုက်သည်။ "စန်းတျန်းရှားက ပြောပါတယ်၊ ကျော်ကြားထင်ရှားတဲ့ ပန်းတွေဟာ မိန်းမလှလေးတွေ အတွက်ပါပဲတဲ့... ဒီနေ့ သူ ရုတ်တရက်ရောက်လာတာ မမလေးတွေကို နှောင့်ယှက်သလိုဖြစ်သွားလို့ တောင်းပန်တဲ့အနေနဲ့ ငှားရမ်းလာသော ပန်း ဘုရားမှာ လှူသလို[၂] လုပ်ရတော့မယ်တဲ့၊ တာ့ရှောင့်ကျဲအတွက် ပျိုနီ... အာ့ရှောင့်ကျဲအတွက် နှင်းဆီ... စစ်ရှောင့်ကျဲအတွက်က စံပယ်... ဝူရှောင့်ကျဲဖို့ကတော့. . ."
လီဝေယန်း၏ မျက်နှာထားကိုတွေ့တော့ မော့ကျူလည်း ရပ်သွားမိတော့သည်။
ကြွေပန်းများ မီးတောက်မီးလျံပမာပွင့်လန်းနေသည်ကိုတွေ့တော့၊ လီဝေယန်း လက်က အလိုလို လှမ်းသွားကာ အလှဆုံးပန်းတစ်ပွင့်အား အသာထိကိုင်ပွတ်သပ်နေလိုက်မိသည်။ အတန်ကြာအောင် သူမ စကားမဆိုပါဘဲ၊ ရုတ်တရက် သူမ လက်က တောင့်တင်းသွားကာ ထိုပန်းပွင့်ကို ခူးယူလိုက်သည်။ ထိုပန်းပွင့်၏ အရောင်က အတောက်ပဆုံးနှင့် ရဲရဲနီနေသည်မှာ ဖယောင်းတိုင်မီးအလင်းအောက်၌ သွေးချင်းချင်းနီနေသကဲ့သို့ ထင်ရလေသည်။ သူမ လက်ချောင်းများက တဖြည်းဖြည်း တင်းကြပ်သွားပြီး ပန်းဝတ်လွှာများကို ဖိချေထားလိုက်သည်။ ထိုပန်းဝတ်လွှာတို့ကို ဆွဲဆုတ်ဖြုတ်ယူကာ မြေပေါ် ပစ်ပေါက်ချလိုက်တော့သည်။
မော့ကျူ ရုတ်တရက် အံ့ဩသွားမိသည်။ ဝေယန်းကတော့ "ဒီည လေက သည်းထန်တယ်၊ ကြွေပန်းတွေတောင် ကြွေကုန်ပြီ" ဟု ပြောလိုက်လေသည်။
မော့ကျူလည်း နားလည်သွားပြီး ခေါင်းညွှတ်ကာ ပြန်ပြောလိုက်သည်။ "ဟုတ်ပါရဲ့..."
ပိုင်ကျစ်ကတော့ မထိတ်လန့်ဘဲ မနေနိုင်ခဲ့။ မမလေး တွေးတောနေသည့် အတွေးစဉ်တို့ကို သူမတို့ လိုက်မမီသည်ကတော့ . . . သေချာသည်။
__
ဖူအန်းယွမ်
တာ့ဖူးရန် အိမ်ဆောင်ကို ပြန်ရောက်သည်နှင့်၊ အစေခံအားလုံးကို နှင်လွှတ်လိုက်သည်။ ထို့နောက် သူမ အော်ငေါက်လိုက်လေသည်။ "ဒူးထောက်စမ်း...!"
လီချန်းလဲ့ ထိတ်လန့်သွားမိသည်။ သူမ မိခင်က သူမကို ဤမျှ ပြင်းထန်သော စကားလုံးမျိုး လေသံမျိုးနှင့် မပြောဖူးသလို၊ ဤမျှလောက်လည်း တည်တင်းသော မျက်နှာထားမျိုးနှင့် သူမကို မကြည့်ခဲ့ဖူးပေ။ သူမ ထိတ်လန့်လွန်းသဖြင့် လှုပ်ပင်မလှုပ်ရဲတော့။ လင်မားမားက သတိပေးတော့မှ သူမ ဒူးထောက်ချလိုက်တော့သည်။
"မင်း ဒီနေ့ ဘာအမှား လုပ်ခဲ့သလဲ သိရဲ့လား"
လီချန်းလဲ့ သူမ မိခင်စကားကို ကြားလိုက်သည်နှင့်၊ တာ့ကောနှင့် သူမ လီဝေယန်းအား ချောက်ချရန် ကြံခဲ့သည့် အဖြစ်ကို ညွှန်းဆိုနေမှန်း သိလိုက်ရသည်။ သူမလည်း မိမိအပြစ်နှင့် မိမိမို့ ဒေါသကို ချုပ်တည်း၍ ခေါင်းငုံ့ထားကာ ဘာမှ မပြောဘဲသာ နေလိုက်သည်။
"ဒီနှစ်တွေအတွင်း မင်းကို ငါ ပိုးမွေးသလိုမွေးပြီး ဖူးဖူးမှုတ် ပျိုးထောင်ထားတာ... တစ်လောကလုံးက မင်းကို သိလာအောင် လုပ်ထားရတာ... ဘာအတွက်လဲ မင်း သိရဲ့လား...!"
လီချန်းလဲ့ ရုတ်တရက် ခေါင်းမော့လာသည်။ "အမေ သမီးကို ချစ်မှန်း သမီး သိပါတယ်၊ ဒါပေမဲ့ ဒီနေ့ကိစ္စမှာ အဲ့မိန်းမ သမီးခေါင်းပေါ်ထိ တက်နေတာကို ဘာလို့ ခွင့်ပြုပေးထားရတာလဲ၊ သမီးဘက်က ဘာလို့ ကူမပြောပေးတာလဲ...!"
တာ့ဖူးရန် ဒေါသက ထိန်းမနိုင် သိမ်းမရ ဖြစ်လာသည်။ "ငတုံးမလေး...! အမေ နင့်ကို ဘယ်လို သင်ပြထားခဲ့သလဲ...! နင့်အဆင့်အတန်းနဲ့က ကိုယ်လုပ်တော်ဖွား ကလေးမအဆင့်ကို လိုက်ဆင်းစရာလား...! နင် ငါ့ကို သွေးတက်ပြီး သေအောင်လုပ်နေတာလား...!"
လီချန်းလဲ့ တစ်ဖက်သို့သာလှည့်လိုက်သည်။ မျက်ရည်များက တသွင်သွင်ကျလျက် သူမ အမှားကိုတော့ မဝန်ခံဘဲ တောင့်ခံနေလေသည်။
တာ့ဖူးရန် စိတ်ထဲ အလွန် ဘဝင်မကျ၊ ပူလောင်သောက ရောက်ကာ သေချင်စိတ်ပင် ပေါက်လာသည်။ လင်မားမားလည်း အခြေအနေမကောင်းမှန်း သိသည်နှင့်၊ သူမ စိတ်ငြိမ်အောင် ချော့မော့ရတော့သည်။ ရေအေးအေးလေးတစ်ခွက်ခပ်တိုက်ပြီးမှသာ တာ့ဖူးရန် အနည်းငယ် တည်ငြိမ်သွားတော့သည်။ "ချန်းလဲ့... သမီးရဲ့ တာဝန်က ဘာမှန်း ခုထိ နားမလည်သေးဘူးလား"
လီချန်းလဲ့ အံ့ဩသွားရကာ ဘာပြောရမည်မသိ၊ တွေဝေနေမိသည်။
တာ့ဖူးရန် သက်ပြင်းချလိုက်သည်။ ပြီးနောက် သူမကို ကိုယ်တိုင် ပြန်ထူမပေးလိုက်ပြီး ညောင်စောင်းပေါ်မှာ ထိုင်စေကာ ညင်သာ ပျော့ပြောင်းစွာ ပြောလိုက်သည်။ "အ,ရန်ကော သမီးရယ်၊ အစကတည်းက အမေတို့ မိသားစုရဲ့ မျှော်လင့်ချက်တွေအကုန် သမီးအပေါ် ပုံအောထားတာပါ"
လီချန်းလဲ့ မျက်ဝန်းလှလှကလေးမှာ သံသယများ ပြည့်နှက်လာသည်။
တာ့ဖူးရန်က ဆက်ပြောသည်။ "သမီးက လီအိမ်တော်မှာ အချောအလှဆုံး ဉာဏ်အကောင်းဆုံး သမီးမိန်းကလေးပဲ၊ သမီး စဉ်းစားကြည့် အမေတို့က သမီးအပေါ် ငယ်ငယ်လေးကတည်းက ဘာ့ကြောင့် တင်းကျပ်ခဲ့တာလဲ၊ ဘာ့ကြောင့် ကဗျာ၊ ဂီတ၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီပညာတွေအကုန် တတ်မြောက်စေရတာလဲ... ရာသီဥတု ပူလွန်းအေးလွန်းနေရင်တောင် သမီးကို မနားစေဘဲ ဆက်ပြီး သင်ယူစေတယ်လေ"
လီချန်းလဲ့ မျက်တောင်ရှည်တို့ လူးလွန့် တုန်ခါလာသည်။ "အဖေနဲ့ အမေက သမီးအပေါ်မှာ မျှော်မှန်းချက်ကြီးကြီးတွေ ရှိနေလို့များလား"
တာ့ဖူးရန်၏ အပြုံးက အနည်းငယ် ပဟေဋိဆန်နေသည်။ "သမီးရဲ့ နတ်မိမယ်လိုအလှမျိုးနဲ့ကိုတောင် အမေတို့က လူရှေ့သူရှေ့ မထွက်စေရတာ ဘာကြောင့်လဲ သိလား၊ လီအိမ်တော်ကို အောင်သွယ်တော်တွေ မကြာခဏလာခဲ့တာတောင် အမေတို့ သမီးကို ဘာကြောင့် အိမ်ထောင်မချပေးရတာလဲလို့ တွေးကြည့်ဖူးရဲ့လား၊ သမီး ဘာတွေ ဘယ်လိုလုပ်လုပ် ဘယ်လိုတွေပြောပြော သမီးအဖေ ဘယ်တုန်းက ဆူပြော အော်ငေါက်ခဲ့ဖူးလို့လဲ... ဘာ့ကြောင့်လဲလို့ သမီး မသိချင်ဖူးဘူးလား"
လီချန်းလဲ့ မျက်နှာထားလေးမှာ ပို၍ နားမလည်နိုင်ဟန် ဖြစ်သွားတော့သည်။
တာ့ဖူးရန် သက်ပြင်းအသာ ချလိုက်တော့သည်။ "ဒီလောက်ပြောပြီးတာတောင် မင်း နားမလည်သေးဘူးလား၊ ဟိုးအစကတည်းက အမေတို့ ဆုံးဖြတ်ထားတာ... မင်းကို နန်းတော်တွင်း ဝင်စေဖို့... ဧကရီ မိဖုရားခေါင်ကြီးဖြစ်လာစေဖို့၊ တိုင်းပြည့်မိခင် ဖြစ်လာစေဖို့ကို... အဲ့ဒီတော့မှ လီအိမ်တော်ရဲ့ အာဏာအင်အားကို ဘယ်သူမှ မလှုပ်ခါနိုင်တော့မှာ"
လီချန်းလဲ့ နားမလည်နိုင်သေး။ "ဒါပေမဲ့ လက်ရှိမင်ကြီးမှာက..."
တာ့ဖူးရန် ပြုံးလိုက်သည်။ "ငတုံးမလေး... လက်ရှိမင်းကြီးက အိုပြီကော... ဒါပေမဲ့ သူ့မှာ သားတော်တွေမှ အများကြီး၊ အရေးကြီးတာက သူ့သားတော်တွေအကုန်လုံးဟာ ထူးချွန်ထက်မြက်ကြတာတွေ ချည်းပဲ... ပြီးတော့ အားလုံးက သမီးနဲ့ အသက်မတိမ်းမယိမ်းတွေ... တစ်နေ့နေ့ သူတို့ထဲက တစ်ယောက်ယောက် ထီးနန်းရလာလိမ့်မယ်၊ သမီးကတော့ အဲ့ဒီ့နေ့ကို ထိုင်စောင့်နေရုံပဲ"
လင်မားမားခေါင်းငုံ့ထားနေမိသည်။ 'ဆိုတော့ကာ... ဖူးရန်က ဒီလိုတွေ တွက်ချက်ထားတာကိုး'
တာ့ဖူးရန် အသာတကြည်ပြုံး၍ ဆိုလိုက်သည်။ "တွေးကြည့်ပါလား... ဧကရီတစ်ပါးဟာ ထင်ရှားကျော်ကြားသူဖြစ်ရမယ်၊ မြင့်မြတ်တဲ့ အမျိုးနွယ်ဝင်၊ ကျက်သရေရှိ မွန်မြတ်ပြီး ကျင့်ဝတ်သိက္ခာနဲ့ ပြည့်စုံတဲ့ ထက်မြက်တဲ့ အမျိုးသမီးမျိုးဖြစ်ရမယ်လေ... ဒါကြောင့်မို့ အမေတို့ကသမီးကို ဒီဂုဏ်တွေ ပြည့်မီအောင် ပြုစုပျိုးထောင်ပေးထားတာ"
"ဒါပေမဲ့ သမီးက..." လီချန်းလဲ့တစ်ယောက် သူမ မိဘများ၏ အစီအစဉ်ကို ကြိုတင်ခန့်မှန်းမိပြီးဖြစ်သော်လည်း တာ့ဖူးရန်ကိုယ်တိုင် ဝန်ခံသည်ကို ပထမဆုံးကြားရတော့ အံ့ဩနေမိသည်။
"ဧကရီတစ်ပါးရဲ့ နောက်ခံမျိုးနွယ်က မြင့်မြတ်ရမယ်၊ ဒါပေမဲ့ ရှင်ဘုရင်ရဲ့ ထီးနန်းအာဏာကို ခြိမ်းခြောက်နိုင်ရလောက်အောင်တော့ မကြီးကျယ်သင့်ဘူး၊ ဒါ့ကြောင့်လဲ မင့်အဖေက ဟိတ်ဟန်မပြဘဲ မသိသာ မထင်မရှားနေ[၃]နေတာပေါ့... ပညာရှိတစ်ပါးရဲ့ မူထုံးကို ကျင့်သုံးပြီး လောဘမတက် အာဏာမမက်ဘဲ တပည့်တပန်းတွေ မစုစည်းခဲ့ဘူး၊ အရှင်မင်းကြီးရဲ့ အလိုအတိုင်း လိုက်လျောဆုံးဖြတ် အကြံပြုပေးခဲ့တယ်... တခြားလူတွေကတော့ မင်းအဖေကို ကြွက်သူငယ်လို သတ္တိနည်းသူဆိုပြီး လှောင်ပြောင်ကြပေမဲ့ တကယ်တော့ ဒီနည်းကသာ မင်းခစားတစ်ယောက် ကျင့်သုံးသင့်တဲ့ နည်းလမ်းပဲ... အရမ်းကြီးတွေ ချွန်ထွက်နေရင်... မာနတက်ထောင်လွှားလာမိမယ်၊ ပြီးရင် အဆုံးမှာတော့ ဖယ်ရှားခံလိုက်ရတာချည်းပဲ၊ ဒီနေ့ ဒီကိစ္စ အကြီးအကျယ်ဖြစ်သွားတာတောင် မင်းအဖေ မသိကျိုးကျွံပြု ဖုံးဖိလိုက်ပြီး မင်းကို ဘာကြောင့် အပြစ်မတင်ရသလဲဆိုတာ... အခုတော့ နားလည်သွားပြီလား"
လီချန်းလဲ့ နားထောင်နေရင်း မျက်နှာထားလေး ညိုးငယ်သွားတော့သည်။ "ဒါပေမဲ့ သမီးကမှ အဲ့မိန်းမ ကျေနပ်နေမှာကို ကြည့်မနေနိုင်တာ...!"
တာ့ဖူးရန် မျက်မှောင်ကျုတ်လိုက်ရင်း၊ သူမ သမီးမှာ ငယ်ရွယ်ပျိုမြစ်သေး၍ ဘာမှ နားမလည်ဟု တွေးနေမိတော့သည်။ ထို့ကြောင့် သူမကပဲ ထောက်ပြလိုက်တော့သည်။ "အမေလဲ သူ့ကို မနှစ်မြို့ပေမယ့်... ကိုယ့်ကိုယ်ကို ထိန်းချုပ် ချုပ်တည်း သည်းခံပြီးနေတယ်၊ ဘာ့ကြောင့်လဲ သိလား"
လီချန်းလဲ့စိတ်ထဲ အတွေးတစ်ခု တိုးဝင်လာသည်။ သူမ မဝံ့မရဲ မှန်နိုးနိုး၊ မေးလိုက်သည်။ "အမေက... အခွင့်ကောင်းကို စောင့်နေတာများလား"
တာ့ဖူးရန် ရယ်လိုက်သည်။ "မင်းက ကလောက်ကြီး မတုံးသေးဘူးပဲ... ရန်သူကို ရင်ဆိုင်တာမှာ ချက်ကောင်းကို မထိနိုင်လောက်ဘူးဆိုရင် အခွင့်ကောင်းကို စောင့်ရတယ်၊ မင်းအဘွားက အဲ့ကလေးမကို သိပ်ချစ်နေတာ... အမေတို့အတွက် ကံနည်းနည်းဆိုးသွားတာပဲ၊ ဒီဖြစ်ရပ်မှာ မင်းတော့ သတိမထားမိဘူးပေါ့... မင်းအဖေက မင်းကို အပြစ်မတင်ပေမယ့် စိတ်တော့ ပျက်သွားခဲ့တယ်...!"
လီချန်းလဲ့ အံ့ဩသွားရသည်။ သူမ တီးတိုးရေရွတ်လိုက်မိသည်။ "စိတ်ပျက်သွားတာတဲ့လား"
တာ့ဖူးရန် သက်ပြင်းချလိုက်ကာ ဆိုသည်။ "လီအိမ်တော်မှာ အထင်ရှားဆုံး မိန်းကလေးက သမီးပဲ၊ ဒါပေမဲ့ သမီးမိန်းကလေးဆိုလို့ မင်းတစ်ယောက်တည်းရှိတာတော့ မဟုတ်ဘူး၊ မင်းအဖေ မင်းကို ဆက်ပြီး ဆက်ပြီး စိတ်ပျက်နေရရင် မင်းကို တဖြည်းဖြည်းနဲ့ လက်လျှော့သွားလိမ့်မယ်" သူမ ရုတ်တရက် တွေးမိလိုက်သည်။ "ဧကန္တ လီဝေယန်းက မင်းအဖေကို တဖြည်းဖြည်းချင်း အမြင်ပြောင်းလာအောင်များ. . ."
လီချန်းလဲ့ အံကြိတ်ထားလိုက်မိသည်။ "သမီးတော့ မယုံပါဘူး၊ အဖေက သမီးကို နှစ်ပေါင်းများစွာ ကိုယ်တိုင် ပျိုးထောင်ထားတာ... သူ သမီးကို လက်လျှော့သွားမှာ မဟုတ်ဘူး"