偷鸡不成蚀把米 - ကြက် မခိုးလိုက်နိုင်ဘဲ ဆန်ပျောက် - အဓိပ္ပါယ် = တစ်စုံတစ်ရာ အကျိုးအမြတ်ရရန် အားထုတ်သော်လည်း မိမိမှာသာ ဆုံးရှုံးသွားရသည်။ (ဖွတ်မရ ဓားမ ဆုံး)
နွီအာ = သမီးဖြစ်သူက မိမိကိုယ်ကို ရည်ညွှန်းပြောသော အသုံး
အားဇီ = သားဖြစ်သူက မိမိကိုယ်ကို ရည်ညွှန်းပြောသော အသုံး
___
၄၇။ အကြံသမား လက်ဆောင်ပို့လာ (Nc)
လီရှောင်းရန် မတ်ရပ်ထရပ်ကာ ဆိုလိုက်သည်။ "အခုမှပဲ သဟဇာတမျှတဲ့ မိသားစုနဲ့ တူသွားတော့တယ်... မင်းတို့ သုံးယောက် ဘာတွေမှားသလဲ သိကြရဲ့လား... ပြောပါဦး"
လီချန်းလဲ့က ရှက်ရွှံ့ဟန်နှင့် ဆိုလိုက်သည်။ "နွီအာ သင်ယူလေ့လာမှု အသေးစိတ်စပ်နှံခြင်း မရှိသေးဘဲ အရမ်းကာရော အလောတကြီး ပြောဆိုမိတယ်"
လီမင်ဖုန်းကလည်း လေးစားသမှုဟန်နှင့်၊ "အားဇီက အမိုက်အကန်းပါ၊ ညီမကောင်းတစ်ယောက်ကို အထင်မှားမိတယ်..."
လောင်ဖူးရန်ကတော့ အသာပြုံးကာ ဆိုလိုက်သည်။ "လီဝေယန်းက ဘာအမှားလုပ်မိလို့တုန်း..."
လီရှောင်းရန် ငေးကြောင်သွားမိတော့သည်။
ထိုအချိန်ကလေး၌ အသံကလေးတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။ "စန်းကျဲမှာလည်း အပြစ်ရှိပါတယ်"
အားလုံး အံ့ဩသွားမိကြပြီး လီဝေယန်းနံဘေးရပ်နေသော ကလေးငယ်ကို ကြည့်လိုက်ကြသည်။ ထိုကလေးငယ်မှာ အနီရောင်ဝတ်ရုံကို လရောင်ကျောက်စိမ်းခါးစည်းနှင့် ထိန်းဝတ်ထားပြီး သူ့မျက်ခုံးများကတော့ ကြည်ရွှင်နေသည်။ သို့သော် ထိုကြည်ရွှင်မှုမှာ မျက်လုံးများသို့တိုင် မရောက်။ သူ ပြုံးသောအခါ လူတကာ အကြည့်မလွှဲနိုင်ရက်လောက်အောင် လှနေတတ်သည်။ စန်းဖူးရန်လည်း မင်သက်သွားတော့သည်။ "မင်တျဲ သား ဘာတွေ လျှောက်ပြောနေတာလဲ"
လီမင်တျဲက ကျယ်လောင်စွာ ပြောလိုက်သည်။ "စန်းကျဲမှာ အပြစ်တစ်ခုတော့ ရှိတယ်လေ...! စန်းကျဲအပြစ်က ဆင်းရဲလွန်းတာပဲ၊ ဒါ့ကြောင့်မို့ သူများတွေ သံသယဝင်တာခံရတာ...! စန်းကျဲမှာသာ ပိုက်ဆံရှိရင် လေင်ဖူးရန်ရဲ့ ဂျင်ဆင်းနီကို ရောင်းစားတယ်လို့ သူများတွေက သံသယဝင်ပါ့မလား၊ ဒါ့ကြောင့် စန်းကျဲ အရမ်းဆင်းရဲတယ်လို့ ပြောတာ...!"
သူ ပြောပုံမှာ ကလေးငယ်တစ်ယောက် မသိနားမလည်ဘဲ ပြောနေဟန်နှင့် တူသည်။ သို့သော် လီဝေယန်းကို ခေါင်းမာလွန်း၍ အလျှော့မပေးဟု အပြစ်တင်ကာ ဆူပြောတော့မည့် လီရှောင်းရန်အပါအဝင် လူတိုင်း မင်သက်အံ့ဩသွားရလေသည်။
လီမင်တျဲ၏ ဤအပြုအမူမှာ လီဝေယန်းကို ကူညီလို၍ဆိုသည်ကို သံသယဝင်စရာ မလို။ လီရှောင်းရန် သူမကို အပြစ်တင်မည့်ရန်မှ ရှောင်လွှဲနိုင်သလို သူမကိုယ်တိုင်အတွက်လည်း အကျိုး အမြတ်ရလိုက်သည်။
သိပ်မကြာလိုက်၊ လောင်ဖူးရန်က ပြောလာတော့သည်။ "ဒီနေ့က စပြီး စန်းရှောင့်ကျဲရဲ့ လစဉ်အသုံးစားရိတ်ကို နှစ်ဆ တိုးပေးလိုက်ပါ"
လီချန်ရှီး ရုတ်တရက် ထရပ်လိုက်တော့သည်။ "လောင်ဖူးရန်...!" ဒီလိုဆိုလျှင် သူမ၏ အသုံးစားရိတ်မှာ လီဝေ့ယန်ထက်ပင် ပိုနည်းသွားတော့မည်မဟုတ်ပါလား။
လောင်ဖူးရန်ကတော့ ပေါ့ပါးစွာပင် ဆိုလိုက်သည်။ "ဒီကိစ္စကို ဒီမှာပဲ ထားလိုက်တော့... ဒီနေ့ကိစ္စကို ဘယ်သူမှ ဆက်မပြောရဘူး"
လီဝေယန်းလည်း နောက်နှစ်လှမ်းဆုတ်ကာ မြေးမိန်းကလေးတစ်ယောက် ရှိသင့်ရှိထိုက်သည့် အပြုံးမျက်နှာကလေးနှင့် ဖြစ်ပျက်သမျှ သူမနှင့် ဘာမျှ မသက်ဆိုင်သကဲ့သို့သာ နေနေလေသည်။
တတိယမင်းသားကတော့ ဆွေးနွေးစကားပြောရဦးမည့် လူများနှင့် ပြောဆိုရဦးမည်ဖြစ်သဖြင့် နေခဲ့ပြီး လီဝေယန်းကတော့ ပင်ပန်းနေပြီဟု အကြောင်းပြကာ အဆောင်ပြန်တော့မည်ဟု ပြောလိုက်သည်။
ထိုအချိန်ကလေးမှာပဲ ဇီယန် ရုတ်တရက်ပြေးထွက်လာကာ ရှိုက်ကြီးတငင်ငို၍ ပြောလေသည်။ "စန်းရှောင့်ကျဲ... နူပိကို ပြန်ခေါ်သွားပါလား...! နူပိမှာ အပြစ်ရှိပါတယ်၊ နူပိကို ခွင့်လွှတ်ပေးပါ...!"
အမှုအမှန်အရှုပ်အရှင်းက ဘူးပေါ်သလို ပေါ်သွားပြီဆိုတော့ တာ့ဖူးရန်တစ်ယောက် ဇီယန်ကို သက်ညှာပေးတော့မည်မဟုတ်ချေ။ ဇီယန်ကလည်း ဒါကို သိသေးသည်ဆိုတော့ သိပ်တော့ မနုံချာလှဟု ဆိုနိုင်သေးသည်။ သို့သော် သူမ လီဝေယန်းကို မေတ္တာရှင်ကြီးများ ထင်နေရော့သလား။ သူမက သစ္စာဖောက်ဝံ့မှတော့ ပြန်ပေးဆပ်ဝံ့ရဲရပေတော့မည်။ လီဝေယန်း ညင်သာပျော့ပျောင်းစွာ ပြုံးလျက် ပြန်ပြောလိုက်သည်။ "မင်းက တာ့ကောလူဖြစ်သွားပြီပဲ၊ ဒီတော့ မင်း တို့နဲ့ ပြန်လိုက်လို့ ဘယ်ရတော့မလဲ...! အခုကစပြီး တာ့ကောကို ကောင်းကောင်းပြုစုလိုက်နော်...!"
ဒီလိုပြောပြီးသည်နှင့်၊ သူမ နောက်ပြန်လှည့်မကြည့်တော့ဘဲ ထွက်သွားတော့သည်။ ဇီယန်ကတော့ ကြမ်းပြင်ပေါ်မှာ မှိုင်တွေ လဲကျလျက်၊ သူမမျက်နှာပေါ်မှာတော့ ဝမ်းနည်းနောင်တတို့၏ အရောင်သာလွှမ်းလျက်။
ထော့ပါကျန်း သူမ ထွက်သွားပုံကို ကြည့်ရင်း သူ့မျက်ဝန်းတွင်း အပြုံးစတချို့ ပေါ်လာလေသည်။ 'လီဝေ့ယန်တဲ့လား... ငါ မှတ်ထားမယ်'
လီဝေယန်း ဟယ်ရှန်းယွမ်မှ ထွက်လာပြီးနောက် လီမင်တျဲလက်ကို ပြန်လွှတ်ပေးလိုက်သည်။ "မင်း ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ"
လီမင်တျဲကတော့ မျက်တောင် ပုတ်ခတ်ပုတ်ခတ်သာ လုပ်နေသည်။ သူ့မျက်တောင် ကော့ကော့တို့ တဖြတ်ဖြတ်လူးလျက်။ "စန်းကျဲ... ကျဲ ဒုက္ခရောက်နေတာ၊ ကျွန်တော် ကာကွယ်ပေးရမှာပေါ့...!"
လီဝေယန်း မရယ်ဘဲ မနေနိုင်တော့။ တို့ဟူးသဖွယ် အိစက်ညက်ညောနေသော ဖြူနုနု သူ့ပါးပြင်လေးကို ဆွဲညစ်ပစ်လိုက်မိသည်။
လီမင်တျဲ၏ ပါးနှစ်ဖက်မှာ ဆွဲအညှစ်ခံရလွန်း၍ ရဲတွတ်သွားတော့လေသည်။ မင်တျဲ မျက်နှာလေးမော့ကာ သူမကို စေ့စေ့သေချာကြည့်လိုက်သည်။ "စန်းကျဲ ဘာလို့ အမြဲ ဒုက္ခရောက်နေရတာလဲ...!"
လီဝေယန်း သူ့မျက်ဝန်းနက်နက်များထဲ စိုက်ကြည့်လိုက်မိသည်။ သူမ သူ့ကို ကယ်လိုက်တုန်းက တစ်အချက်အနေနှင့် အခါအခွင့်ကြုံလို့၊ နှစ်အချက်က သူမအတွက် အသုံးချဖို့လိုလို့၊ သုံးအချက်က သူဟာ ယုလီလေးနှင့် ဆင်နေလို့ဖြစ်သည်။ သို့သော် ယခုတော့ သူ့သွင်ပြင်မှာ ယုလီနှင့် နည်းနည်းလေးမှ မဆင်တူဘဲ နှစ်လိုဖွယ်အလွန်ကောင်းလှသည်။ မင်တျဲမှာ မင်တျဲသာဖြစ်လေသည်။
လီမင်တျဲ လီဝေယန်းလက်ကို ပြန်ဆွဲထားလိုက်သည်။ "စန်းကျဲ... အဆောင်တော်မှာ နှင်းဆီရည် ပြင်ထားတယ်၊ ကျွန်တော်နဲ့ လိုက်သောက်ပါလား"
အဆောင်တော်ဘက်ရောက်တော့ နို့ထိန်းတော်က အပြေးရောက်လာတော့သည်။ "အိုက်ယား... စန်းရှောင့်ယဲ... ပြန်လာလို့တော်သေးတယ်၊ ပြန်သာမလာရင် နူပိတော့ လိုက်ရှာရပြန်ဦးမှာပဲ...!"
လီဝေယန်း စိတ်ထဲထူးဆန်းသွားမိသည်။ လီမင်တျဲ သူမ အကြပ်အတည်းရောက်နေမှန်း ဘယ်လိုသိသွားသည်လဲ။ သူဟာ သူမကို စောင့်ကြည့်ဖို့ လူလွှတ်ထားဟန်ရှိသည်။
သို့သော် အဆောင်တော်တွင်းမှာတော့ လီမင်တျဲ နေရာယူထိုင်ချပြီးနှင့်နေပြီ။ နှင်းဆီရည်ကို သုံးဆောင်ဖို့ရာသာ စိတ်အားထက်သန်နေလေသည်။ သူ့နှင်းဆီရောင် နှုတ်ခမ်းလွှာလေးများမှာ ကပ်ပေနေသော ပန်းရောင်အရည်တို့က သူ့အား အလွန်ချောမောလှပနေစေလေသည်။
လီဝေယန်း သူ့အား ကြည့်ရင်း သူမမျက်ဝန်းတွင်းမှ ရေခဲအိုင်တို့ တဖြည်းဖြည်း ပျော်ဝင်သွားတော့သည်။ သူမ သူ့ခေါင်းလေးအား မပွတ် မကစားဘဲ မနေနိုင်။ လီမင်တျဲ ရယ်မောကာ လီဝေယန်းအား မော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းများလည်း ပို၍ တောက်ပရယ်ရွှင်လာသည်။ သို့သော် သူ တစ်စုံတစ်ရာ အတွေးပေါက်သွားသည့်အလား ခေါင်းကို ဖယ်ခါယမ်းလိုက်တော့သည်။ လီဝေယန်းလည်း အံ့ဩသွားမိသည်။
"ကျွန်တော် ကလေးမဟုတ်တော့ဘူး" သူ ရုတ်တရက် ခေါင်းမာစွာ ပြောလာလေသည်။
လီမင်တျဲ သူမကို မျှော်လင့်တကြီး ဆက်ကြည့်နေသည်။ "ကျွန်တော် အရွယ်ရောက်လာပြီ၊ ကျွန်တော့်ကို ကလေးလေးလို သဘောမထားပါနဲ့လား...!"
ထိုအချိန်၌ သူ့အသားရည် ဖြူနုနုမှာ ပန်းသွေးရောင်ထနေသည်။ သူ့အသံ ကလေးဆန်ဆန်ကလေးနှင့်၊ မျက်နှာထားကလေးကသာ တည်ကြည်တင်းမာနေလေသည်။
ကလေးဆန်လှသော သူ့စကားများကြောင့် လီဝေယန်း ရုတ်တရက် ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်။ ကလေးများသာလျှင် သူတို့ကိုယ် သူတို့ အရွယ်ရောက်နေပြီဟု ပြောလေ့ရှိကြသည်။
လီဝေယန်း သူ့ကို မယုံတာ လီမင်တျဲ မြင်တော့ လီဝေယန်းလက်ကို ကိုင်ဆွဲကာ တည်တည်တံ့တံ့ပြောလိုက်တော့သည်။ "ကျွန်တော် အင်အားကြီးလာအောင် လုပ်မယ်၊ အဲ့သလိုမှ မမကို ဘယ်သူမှ အနိုင်မကျင့်ရဲတော့မှာ"
လီဝေယန်းနှင့် အဖြူအနက်ရော မျက်ဝန်းများက မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားမိသည်။ နောက်ဆုံး သူမ မအောင့်အည်းနိုင်တော့ဘဲ အော်ရယ်မိတော့သည်။
လီမင်တျဲလည်း ဆူပုတ်သွားမိတော့သည်။ သူ့ မမမှာ လောကမှာ အလှဆုံးသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသူ။ မင်ရည်လို နက်၍ လရောင်လို ကြည်လင်အေးမြသည်။ ဆောင်းညယံ၏ ကြယ်များလိုလည်း အထီးတည်း တောက်ပနေသည်။ ပြီးတော့ သူ ပြောသမျှဟာလည်း ရင်ထဲ နှလုံးသားထဲမှလာသည့် စကားအမှန်များသာ။
သူ စိတ်ဆိုးဒေါသထွက်မိသည်။ သူမ၏ မယုံကြည်မှုကြောင့်. . . ။ သူမ၏ လျစ်လျူရှု အလေးမထားမှုကြောင့်. . . ။
ပိုင်ကျစ်ကတော့ စန်းရှောင့်ယဲကို ငေးကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သိပ်ချောသိပ်လှသော ကလေးငယ်လေးက မမျှော်လင့်ပါဘဲ သူမ၏ သခင်မလေးအပေါ် သံယောဇဉ်ရှိ တွယ်တာနေလေသည်။
ခပ်လှမ်းလှမ်းတွင်တော့ စင်္ကြံလျှောက်လမ်းမှ ထွက်လာသော ထော့ပါကျန်း သွားနေရာမှ ရုတ်တရက် ရပ်လိုက်မိသည်။
ပန်းပွင့်လေးတစ်ပွင့်လို လှပစွာ ပြုံးရယ်နေသည့် နားနေဆောင်အတွင်းမှ မိန်းကလေးငယ်ကို သူ ကြည့်နေမိသည်။ ခုနက ခန်းမကျယ်အတွင်းမှ လက်သည်းအစွယ်များနှင့် သွေးအေးသော နှလုံးသားပိုင်ရှင် မိန်းကလေးနှင့် ယခု ဤမိန်းကလေးတို့ တစ်ယောက်တည်းဆိုသည်မှာ ယုံရအခက် ဖြစ်နေသည်။
အရွယ်ပင်မရောက်သေးသော မိန်းမငယ်လေးတစ်ဦး အရွယ်ရောက်ပြီးသူတစ်ဦးကဲ့သို့ မရေရာမှု၊ ရှုပ်ထွေးမှုများကို ကြုံတွေ့ခံစားပြီး ကျော်လွှားတောင့်ခံနေနိုင်သည်။ စိတ်ဝင်စားစရာကောင်းနေတော့သည်။
သူ့နောက်တွင်တော့ များမကြာမီ ဘိုးဘေးကန်တော့ခန်း၌ ဒူးထောက်နေရတော့မည့် လီမင်ဖုန်းက အမုန်းသည်းကာ ဆိုတော့သည်။ "ကောင်မစုတ်လေး...!"
ထော့ပါကျန်းကတော့ နောက်ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။ "အစ်ကို မင်ဖုန်း၊ ဒီတစ်ခေါက်တော့ ဉာဏ်နည်းရာရောက်သွားခဲ့တယ်...!"
နဂိုကတည်းက လီမင်ဖုန်းမှာ သူတစ်ပါးအား လှည့်စားဖို့သာ ကြံဆောင်ထားခဲ့သည်။ တစ်ချက်ပစ်ရုံနှင့်၊ လီဝေယန်းကို မသေမရှင် ထိခိုက်သွားစေနိုင်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ကြက်ခိုးလိုက်သွားရာ မိမိဆန် ခိုးပါသွားလိမ့်မည်ဟုတော့ သူ ထင်မထားခဲ့။ ယခုတော့ တစ်မိသားစုလုံးရှေ့ သူ မျက်နှာပျက်ခဲ့ရသည်။ သူ့အဖိုးတန်ညီမလေးက ဒူးထောက်တောင်းပန်လိုက်ရသည်။ ဤအဖြစ်က လက်မခံချင်စရာ စိတ်မကြည်သာစရာ အနေအထား၊ သူ မချုပ်တည်းထားနိုင်တော့ဘဲ ခါးခါးသီးသီး ပြောလိုက်တော့သည်။ "သင်း နာနာကျင်ကျင် ငိုယိုနေရမယ့်အချိန် ရောက်လာစေရမယ်...!"
ထော့ပါကျန်းက ပေါ့ပေါ့ပါးပါးသာ ဆိုလိုက်သည်။ "ယောကျ်ားဆိုတာ ညီလာခံအရေးကိုပဲ အာရုံစိုက်သင့်တယ်၊ အိမ်တွင်းရေးလိုမျိုး အရေးမပါတာတွေမှာ မင်း မပါဝင်သင့်ဘူး"
လီမင်ဖုန်း အံ့ဩသွားပြီး တစ်ခဏတော့ နှုတ်ဆိတ်နေမိတော့သည်။ တဖြည်းဖြည်းနှင့် သူ့အမူအရာ ပြောင်းသွားပြီး ပြောလိုက်တော့သည်။ "ဟုတ်ပါပြီ"
ထော့ပါကျန်း အဝေးတစ်နေရာမှ လီဝေယန်းအား ထပ်မံတစ်ဖန် လှမ်းကြည့်လိုက်ပြီး အသာပြုံးသွားမိသည်။
ထိုည၊ ညစာစတည်ခင်းသည်နှင့် မော့ကျူ အိမ်ဆောင်အတွင်း ဝင်လာကာ ပြောလာသည်။ "ရှောင့်ကျဲ... တတိယမင်းသားက သခင်မတွေ သခင်မလေးတွေအားလုံးဖို့ လူလွှတ်ပြီး လက်ဆောင် အပို့ခိုင်းလိုက်တယ်"
လီဝေယန်း စိတ်အနှောင့်အယှက်ဖြစ်သွားပြီး မျက်လုံးဝင့်ကြည့်လိုက်သည်။ မော့ကျူလည်း သတိထား၍ ဆက်ပြောရန် ကြိုးစားလိုက်သည်။ "ရှောင့်ကျဲ... ကြည့်ပါဦး"
"ဘာတဲ့လဲ..." လီဝေယန်း မျက်နှာထားကို အကဲခတ်ရင်း ပိုင်ကျစ် ခပ်တိုးတိုး ဖြတ်မေးလိုက်သည်။
"ကြွေပန်း တစ်အိုးပါ"