၄၃။ ငြင်းဆန်၍ မရသော သက်သေ (Nc)
လောင်ဖူးရန် မျက်မှောင်ကျုတ်လိုက်မိသည်။ "ငါ့ကို ကုနေကျ သမားတော်ကို ခေါ်ရင် ရပြီမဟုတ်လား---"
လီမင်ဖုန်းက ပြန်ပြောလိုက်သည်။ "သာမန် သမားတော်နဲ့ ဘယ်ဖြစ်ပါ့မလဲ၊ လင်သမားတော်ဟာ ဆေးဝါးတွေ ခွဲခြားရာမှာ သိပ်ကို ပါရမီရှိတယ်လို့ ကျတော်ကြားတယ်၊ သူ့ကိုပဲ ခေါ်လိုက်ကြတာပေါ့..."
လောင်ဖူးရန် တစ်ခဏတော့ နှုတ်ဆိတ်သွားမိသည်။ သမားတော်လင်မှာ အေးဆေးတည်ကြည်၍ ရိုးသားဖြောင့်မတ်သောကြောင့် လေးစားကြည်ညိုဖွယ် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထို့ကြောင့် တစ်ဖက်ဖက်ကိုမှ ဘက်လိုက်မည်မဟုတ်ပေ။ လီမင်ဖုန်းက သူ့အား ခေါ်ယူမည်ဟု အကြံပြုသည်မှာ လူတိုင်း ယုံကြည်လက်ခံနိုင်ရန် ဖြစ်ပေမည်။ လောင်ဖူးရန် မျက်လုံးများ မှိတ်ထားပြီး တွေဝေနေမိသည်။
ခန်းမတစ်ခုလုံး လုံးဝဥဿုံဆိတ်ငြိမ်နေသည်။
လီဝေယန်း၏ နူးညံ့လှပသော မျက်နှာလေးမှာ နေရောင်နုနု ခဆင်းသောကြောင့် ဝင်းပကြည်လင်နေသည်။ သူမ အေးစက်စွာ ပြုံးလိုက်သည်။ "တာ့ကောက လင်သမားတော်ကို ခေါ်မေးမယ်ဆိုတော့လည်း အကောင်းဆုံးပေါ့... ဒါပေမဲ့ လင်သမားတော်က ကျွန်မမှာ အပြစ်မဲ့ကြောင်း သက်သေပြပေးနိုင်မယ်ဆိုရင်ရော... တာ့ကော ဘယ်လို လုပ်ပေးမှာလဲ"
လီမင်ဖုန်းကတော့ ယုံကြည်ချက်အပြည့်နှင့် တောက်ပအားရစွာ ပြုံးလိုက်သည်။ "ဒါဆိုလဲ အစ်ကိုက ဒူးထောက်ပြီး စန်းမေးကို လက်ဖက်ရည်ဆက်ကာ တောင်းပန်မယ်...!"
"ကောင်းပြီလေ...! ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့...!" လီဝေယန်း အသာပြုံးလိုက်သည်။
လီချန်းလဲ့ နားထောင်နေရင်း သူမ၏ မရေမရာသော မျက်ဝန်းများက လီဝေယန်းထံ အကြည့်ရောက်သွားမိတော့သည်။
သိပ်မကြာလိုက်၊ လီရှောင်းရန်လည်း ရောက်လာတော့သည်။ သူ ဝင်လာသည်နှင့်၊ လီဝေယန်း ခန်းမအလယ်၌ တစ်ဦးတည်း မတ်တပ်ရပ်နေပြီး ကျန်သူများကတော့ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ငြင်းခုန်အချင်းပွားသည့် အငွေ့အသက်တချို့ကို ရတော့ သူ ခေါင်းခဲစပြုလာတော့သည်။ 'ဘာတွေ ဖြစ်ရပြန်တာလဲ...!' သူက ရှင်းပြရန် မေးမြန်းတော့မည့်ဆဲဆဲ လောင်ဖူးရန်က ပြောလာလေသည်။ "သားရောက်လာတာ ကောင်းတယ်၊ ထိုင်ပါဦး၊ သမားတော်ရောက်တာနဲ့ ငါတို့ အဆုံးအဖြတ် စတင်မယ်...!"
လီရှောင်းရန် မျက်လုံးများက လူတိုင်းမျက်နှာကို အကဲဖြတ်ကြည့်ပြီးနောက် မားမားမတ်မတ် ရပ်နေသော လီဝေယန်းထံရောက်သွားတော့သည်။ လီရှောင်းရန် မျက်မှောင်ကျုတ်လိုက်မိတော့သည်။
တစ်နာရီခန့်မျှကြာတော့ သမားတော်လင် ဆေးသေတ္တာဆွဲကာ အခန်းတွင်း ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။ အားလုံး အံ့ဩသွားရစေသည်က သူ တစ်ဦးတည်းလာခဲ့သည်မဟုတ်ဘဲ၊ သူနှင့်အတူ အမျိုးကောင်းသားလူငယ်တစ်ဦး ပါလာသောကြောင့်ဖြစ်သည်။ ထိုလူငယ်က ခရမ်းဖျော့ရောင် ပျန်ဖူဝတ်ရုံ၊ လင်းနို့ပုံ ပန်းထိုးချုပ်ထားသော ဝတ်စုံကို ဆင်မြန်းထားပြီး ဦးခေါင်းထက်တွင်တော့ ကျောက်စိမ်းကလစ်နှင့် သျှောင်ကို ထိန်းထားသည်။ သူက ခါးမတ် မားမတ်စွာ ရပ်နေပြီး သူ့မျက်နှာ သွင်ပြင်တို့မှာ ခန့်ညားတည်ကြည်လှသည်။ သူကတော့ မှားစရာမရှိ။ စန်းဟွမ်းဇီ (တတိယသားတော်) ထော့ပါကျန်းပင်တည်း။
သူ့ကိုတွေ့လိုက်ရတော့ အားလုံး တစ်စက္ကန့်မျှတော့ မင်သက်သွားမိသည်။ လီရှောင်းရန် အသိဝင်လာတော့မှ မတ်တပ်ရပ်လိုက်ကာ အားလုံးကို ဦးဆောင်၍ မင်းသားကို နှုတ်ဆက်ဂါရဝပြုလိုက်သည်။ ထော့ပါကျန်းက သူ့ကို ပြန်ထူပေးလိုက်ကာ မျက်နှာမှာတော့ အပြုံးဆောင်ထားလျက်၊ "အစ်ကို မင်ဖုန်းနဲ့ ကျွန်ုပ် စစ်တုရင်ကစားဖို့ အချိန်းအချက်ပြုထားပေမယ့် သူ ရောက်မလာခဲ့ဘူး... ကျွန်ုပ်လဲ စိုးရိမ်မိတာနဲ့ အမတ်မင်းအိမ်တော်ကို ဝင်ကျူးမိတယ်၊ အမတ်မင်းလီ ဗွေမယူပါနဲ့လို့ မျှော်လင့်မိပါတယ်"
"စန်းတျန်းရှား... ဘာတွေ ပြောပါလိမ့်၊ ကျွန်ုပ်တို့ကသာ မင်းသားကို ကိုယ်တိုင် ခရီးဦးကြို ပြုခဲ့သင့်တာပါ"
စကားစမြည် လောကဝတ်ချော်ပြောဆိုပြီးနောက် လီရှောင်းရန်လည်း ထော့ပါကျန်းနှင့်အတူ နေရာယူ ထိုင်ချလိုက်သည်။
စန်းဟွမ်းဇီကို တွေ့တော့ လီချနလဲ့လည်း သူမအစ်ကို လီမင်ဖုန်းပြောခဲ့သည်များကို ပြန်အမှတ်ရသွားမိကာ မျက်နှာပြင်က တဖြည်းဖြည်း အနီရောင်တက်လာတော့သည်။
ထော့ပါကျန်း အကြည့်များကလည်း လီချန်းလဲ့ထံရောက်နေသည်။ လီမိသားစု၏ တာ့ရှောင့်ကျဲမှာ မျိုးရိုးမြင့်မြတ်ရုံသာမက ယဉ်ကျေးသိမ်မွေ့၍ အလွန်လှပသည်။ သူ့မှာ သူမကို မကြည့်မငေးဘဲ မနေနိုင်ခဲ့။
ထို့နောက်တော့ သူ လီဝေယန်းထံ အလိုလို အကြည့်ရောက်သွားမိသည်။ သူမ၏ ဝတ်ရုံမှာ တောက်ပစိုရွှန်းလှသော ချယ်ရီရောင် တောင်ဝှေးပန်းပွင့်ချပ်များက မီးလျံသဖွယ် ရဲရဲတောက်နေပြီး ကျောက်စိမ်းရောင်သစ်ရွက်သစ်ခက်တို့နှင့် ရံထားဟန်ကို ဂါဝန်မှာ ပန်းထိုးချုပ်ထားသည်။ သူမ၏ အေးစက်စက် အမူအကျင့်နှင့် လွန်စွာ ဆန့်ကျင်နေသော ဝတ်စုံဖြစ်လေသည်။ ဘာကြောင့်ရယ်တော့ သူ မသိ၊ သို့သော် ဤမိန်းမငယ်ထံမှ ထူးခြားဆန်းကြယ်သော အငွေ့အသက်တစ်မျိုး သူ ရသည်။ ပြီးတော့ သူမ ထံမှ အလွန်တရာပြင်းထန်သော မုန်းတီးနာကျည်းမှုကိုလည်း သူ ခံစားသိမိသည်။ သို့သော် ဘာကြောင့် မုန်းရတာလဲ သူ မသိ။
သူ အတွေးတို့မှာ နစ်မွန်းသွားမိသည်ကို ရိပ်မိသွားတော့ ထော့ပါကျန်း မျက်မှောင်ကျုတ်လိုက်မိသည်။ သည်ယားထို မည်သို့ပင် တွေးတောပြုမူပါစေ၊ သူနှင့် မသက်ဆိုင်။ အကြောင်းက လီချန်းလဲ့၏ ရုပ်ရည်နှင့် အဆင့်တန်းသည်သာလျှင် သူနှင့် လိုက်ဖက်တင့်တယ်သောကြောင့်ဟု တွေးယူလိုက်တော့သည်။
လီဝေယန်းကတော့ ထော့ပါကျန်းကို နှစ်ခါပင် လှည့်မကြည့်။ သူမအတွက်တော့၊ သည်လူသည် လီချန်းလဲ့ထက်ပင် ရွံရှာဖွယ်ကောင်သေးသည်။ သို့သော် ဤသို့ ဥပေက္ခာပြုနေခြင်းကပင် ထော့ပါကျန်းလို မိမိကိုယ်ကို အလေးထားသော သူအပေါ် စိတ်လှုပ်ရှားသွားစေခြင်းဖြစ်လေသည်။
သူမကတော့ သူများကို အန္တရာယ်မပြုလို၊ သို့သော် ထိုသူတစ်ပါးတွေက သူမကို ရန်ပြုလာသည်။ သူမ ပြိုင်ဘက်များက သူမကို သေစေလိုနေမှတော့၊ သူမကို ရက်စက်အသည်းနှလုံးမရှိသူဟူ၍ အပြစ်မတင်သင့်တော့ပေ။ လီဝေယန်း လီမင်ဖုန်းကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "တာ့ကော အချိန်တွေ ဖြုန်းမနေပါနဲ့တော့... စကြရအောင်"
လီမင်ဖုန်း အေးစက်စွာ ရယ်ပြုံးလိုက်သည်။ ထို့နောက် သူက နောက်ပြန်လှည့်ကြည့်ကာ ထော့ပါကျန်းအား တလေးတစားပြောလိုက်သည်။ "စန်းဟွမ်းဇီ... ကျွန်တော်တို့အတွက် မျက်မြင်သက်သေပြုပေးပါလို့ တောင်းဆိုပါရစေ"
ထော့ပါကျန်းက ခေါင်းအသာ ညိတ်လိုက်သည်။
လီမင်ဖုန်းလည်း သမားတော်လင်ဆီလျှောက်သွားကာ ဆိုလိုက်သည်။ "ဆရာ တစ်ချက်ကြည့်ပါ... ဒီလက်ဖက်ရည်ထဲက ဘာပါလဲ"
"ကောင်းပါပြီ၊ ကြည့်ပါရစေဦး..." ဟု လင်သမားတော်က ဆိုလေသည်။
လီမင်ဖုန်းက ကြမ်းပြင်ပေါ်ပြန့်ကြဲကျနေသော ဂျင်ဆင်းနီတစ်စကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။ "ဒီပစ္စည်းတွေကို မဖယ်ရှား မရှင်းလင်းရသေးဘူး၊ ကျွန်တော်တို့ ဒီဘက်ကို လာပြီး သေချာကြည့်ရမယ်၊ ဘယ်သူမှလဲ မထိမကိုင်ရသေးပါဘူး"
လင်သမားတော်လည်း ခေါင်းညိတ်လိုက်ပြီး အနားတိုးလာလိုက်သည်။ သူ ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး ဆေးကို ခွဲခြားဖို့ ပြင်တော့သည်။ ဤအချင်းအရာကို လူတိုင်းကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
စစ်ဆေးနေစဉ်အတွင်းမှာပဲ လီမင်ဖုန်း စပြောလာတော့သည်။ "စန်းမေး... သိပ်ပြီးနောက်မကျသွားခင် အပြစ်ရှိကြောင်း ဝန်ချတောင်းပန်မယ်ဆို နောက်မကျသေးဘူးနော်၊ လင်သမားတော်ဆီက ရလဒ်ထွက်လာတော့မှဆို ညီမအတွက် ပိုဆိုးသွားမယ်"
လီဝေယန်းကတော့ သူမ၏ အစ်ကိုချောကို တစ်ချက်ကြည့်ပြီး ရင်တွင်းမှာတော့ အေးတိအေးစက် လှောင်ရယ်နေလိုက်မိသည်။ သူသည် အသက်ငယ်ရွယ်သေးသောကြောင့်၊ ညီလာခံမတက်ဖူးသေး။ ထို့ကြောင့်လည်း နန်းတော်တွင်းက မောင်းမဆောင်မှ လှည့်ကွက်ထောင်ချောက်များကိုလည်း သူ မရင်းနီးသေး။ သူသာ ဆယ်နှစ်မျှ ပို၍ အတွေ့အကြုံရှိထားလျင် သူ့အစီအစဉ်မှာ ဟာကွက်မရှိအောင် ပြင်ဆင်ထားတတ်မည်ဖြစ်သည်။ "တာ့ကော၊ ညီမ မလုပ်ပါဘူးနော်...!"
လီမင်ဖုန်းက လီဝေယန်းကို ကြည့်၍ ပြုံးလိုက်သည်။ သူ့မျက်ဝန်းတွင်တော့ ငယ်ရွယ်သော အသက်နှင့် မလိုက်ဖက်လှသော ရက်စက်ခက်ထန်မှုများပြည့်နှက်နေသည်။ ထို့နောက် သူက ဇီယန်ကို လှမ်းကြည့်လိုက်သည်။ "မင်းမှာ တခြား ဘာသက်သေတွေ ရှိသေးလဲ...!"
ဇီယန်က လီဝေယန်းကို တစ်ချက်ချောင်းကြည့်လိုက်သည်။ ရိပ်ဖမ်းရခက်သည့် ဝမ်းနည်းနောင်တတချို့ သူမ မျက်ဝန်းများအတွင်း မသိမသာ ဖြတ်သန်းသွားခဲ့သည်။ နောက်ဆုံးမတော့လည်း စည်းစိမ်အပြည့်နှင့် ဘဝကို သူမ မလဲနိုင်တော့၊ သူမ အညာအတာကင်းမဲ့စွာ ဆိုလိုက်တော့သည်။ "ရှောင့်ကျဲ စက္ကူထုပ်တစ်ခုကို လျို့ဝှက်သိမ်းထားပြီး ပြန်ပြန်ထုတ်လေ့ရှိတာကို နူပိ ကိုယ်တိုင် တွေ့ခဲ့ရပါတယ်"
လီမင်ဖုန်းက ခေါင်းညိတ်လိုက်သည်။ "အဲ့ဒီ စက္ကူထုပ်က ဘယ်မလဲ"
ဇီယန်က စက္ကူထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ "ဒီဟာလေး..." သူမ လူတကာရှေ့ ဖွင့်ပြလိုက်တော့ အာ့ဖူးရန် ထအော်လိုက်သည်။ "ဂျင်ဆင်းနီလား"
ဇီယန် ခေါင်းကို ငုံ့ထားလိုက်ပြီး ဆိုသည်။ "မဟုတ်ဘူး... ဒါက စန်းရှောင့်ကျဲ ဂျင်ဆင်းနီနဲ့ လဲတဲ့အခါ သုံးတဲ့ ဆုဇီပါ၊ သခင်တို့အားလုံး ယူကြည့်ကြပါ... ဒီဆုဇီနဲ့ ဂျင်ဆင်းနီက ဆင်မတူကြဘူးလား"
လောင်ဖူးရန် ခေါင်းညိတ်လိုက်ပြီး ယားထိုတစ်ယောက်ကို စက္ကူထုပ်အနီးယူလာစေပြီး ကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံမျှနှင့် ဤဆေးနှစ်ခုအကြား ခွဲရခက်မှန်း သိသာနိုင်သည်။ သူမ မျက်နှာထားက ပို၍ ဆိုးသွားတော့သည်။
ထော့ပါကျန်းကတော့ ဤအမှုအခင်းကြီးတစ်ခုလုံးကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်၊ အမတ်ချုပ်ကြီးအိမ်မှ စန်းရှောင့်ကျဲတစ်ယောက်အနေနှင့်၊ သူမ ဤသို့ ပြုလုပ်ကျူးလွန်ဝံ့သည်။ သနားစရာလည်း ကောင်းသည်။ ရယ်စရာလည်း ကောင်းလှသည်။ အမှန်ပင်၊ ကိုယ်လုပ်တော်ဖွား သားသမီးများဟာ ကောင်းကျိုး မပေးတတ်ကြ။
လီမင်ဖုန်း အေးစက်စက်ပြုံးလိုက်သည်။ "စန်းမေး၊ မင်း သူများတွေ မသိစေချင်ရင် စကတည်းက ဒီလို မလုပ်ခဲ့သင့်ဘူး... အခု အများရှေ့မှာ ပေါ်ပေါက်လာရပြီ၊ မင်း ဘာပြောချင်သေးလဲ...!"
လီဝေယန်းက ဇီယန်ကိုသာ တည်ငြိမ်စွာ ကြည့်နေလိုက်သည်။ "သူက ကျွန်မကို စွပ်စွဲပြီး သက်သေထွက်တဲ့သူပဲ၊ ဒါပေါ့ သူ အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားမှာပေါ့... အခု သူက သက်သေလို့ခေါ်တဲ့အရာကို ယူထုတ်ပြလာတယ်ဆိုတာ... အံ့အားသင့်စရာပါလား၊ ဆန်းကြယ်လို့လား...!"
လီမင်ဖုန်းက ရယ်မောကာ ဆိုသည်။ "အစ်ကိုတော့ မယုံနိုင်ဘူး၊ စန်းမေးဘာလို့ ခုထိ အပြစ်ကို ဝန်မခံသေးတာလဲ...! ပြီးတာပဲ မင်းက ဝန်မခံမှာတော့ မင့်ယွမ်ဇီကို ဝင်ရှာခွင့်ပြုနိုင်မလား...!"
လီချန်ရှီးကလည်း ခေါင်းညိတ်ထောက်ခံသည်။ "ဟုတ်တယ်၊ စန်းကျဲက အပြစ်မလုပ်ထားဘူးလို့ ယုံကြည်တယ်ဆိုလဲ ကျွန်မတို့ကို ရှာခွင့်ပေးသင့်တယ်...!"
လီချန်းလဲ့ကလည်း ဝင်ပြောလာသည်။ "စန်းမေး... စန်းမေး ဒါမျိုးလုပ်မယ်လို့ တို့တော့ မထင်ပါဘူး၊ ဒါပေမဲ့ ဒီလိုတွေတောင် ဖြစ်နေပြီဆိုတော့ ညီမရဲ့ ဖြူစင်မှုကိုသက်သေပြဖို့ ညီမရဲ့ ယွမ်ဇီကို လူလွှတ်ပြီး ရှာခိုင်းမှ ဖြစ်မယ်၊ ဒီလိုတော့မှ အဖြစ်မှန်က ပေါ်ပေါက်လာမှာလေ"
စန်းဖူးရန် မျက်မှောင်ကျုတ်မိသည်။ ဇီယန်မှာ လီဝေယန်း၏ အပါးတော်မြဲဖြစ်သည်။ သူမက ဝေယန်းကို ချောက်ချစွပ်စွဲလာမှတော့ ယွမ်ဇီ(အိမ်ဆောင်)တွင်းမှာလည်း သက်သေပစ္စည်းတုကို ဝှက်ထားနိုင်လေသည်။ အရာအားလုံးစီစဉ်ထားသည်က စေ့စပ်သေချာလှသည်ဖြစ်ရာ သူတို့ တစ်စုံတစ်ရာသာ ရှာတွေ့သွားပါက မည်သို့ပင်ဖြစ်နေပါစေ၊ လီဝေယန်းဘက်က အပြစ်မရှိပါဟု ငြင်းချက် ပြုနိုင်တော့မည် မဟုတ်ပေ။
သည်လို တင်းမာနေသော အခြေအနေ၌ လီဝေယန်း စ၍ ပြုံးလာတော့သည်။ သူမ၏ အပြုံးမှာ လွန်စွာ တည်ငြိမ်အေးဆေး၍ ပေါ့ပါးနေသောကြောင့် လီမင်ဖုန်း စက္ကန့်ပိုင်းမျှတော့ ကြက်သီးမွေးညင်းများပင် ထသွားမိတော့သည်။