** biaojie/biaomei = ပြောက်ကျဲ/ ပြောင်မေး - ဝမ်းကွဲအစ်မ/ ညီမ
** qianjin = ချန်ကျင်း - ကြေးရတတ်/ သူကြွယ် သမီး
** dajie = တာ့ကျဲ - အစ်မကြီး
** sanjie = စန်းကျဲ - တတိယ အစ်မ
** fuqin = ဖူချင်း - ဖခင်
** changshan = ချန်ရှန်း - အမျိုးသားဝတ် ရိုးရာဝတ်စုံ
** yuguan = ယွီကွမ်း - အမျိုးသားတို့ သျှောင်ထုံး ထုံးရာ၌ ဆံပင်ကို ထိန်းထားပေးသော သရဖူကဲ့သို့သော အဆောင်အယောင်။
** gongzi = ကုန်းဇီ - သခင်လေး/ အမျိုးကောင်းသား
______
၃၅။ အသိအကျွမ်းဟောင်းများနှင့် ပြန်ဆုံတွေ့ခြင်း (Nc)
နောက်တစ်နေ့၌ လီဝေယန်းသည် ထုံးစံအတိုင်း လောင်ဖူးရန်ကို သွားရောက် ဂါရဝပြုဆလသည်။ သို့သော် လမ်းတစ်ဝက်တွင် နှောင့်ယှက်ဟန့်တားခံလိုက်ရ၏။
"စန်းပြောင့်မေးပါလား" နားနေဆောင် တစ်ခုထံမှ အသံတစ်သံ ထွက်ပေါ်လာသည်။
မိန်းကလေးငယ်တစ်စု လီဝေယန်း ရှိရာသို့ ချင်းကပ်လာကြသည်ကို တွေ့ရသောအခါ ပိုင်ကျစ် မျက်နှာထားက တောင့်တင်းသွားမိတော့လေသည်။
လီဝေယန်း ပိုင်ကျစ်အကြည့် လားရာသို့ လှမ်းကြည့်လိုက်မိတော့ သူမဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းလာကြသော မိန်းကလေးအုပ်စုကို တွေ့သွားလေသည်။ ဦးဆောင်လာသူမှာ သူမ မနေ့ကတွေ့ခဲ့သော ကောင်းမင်ဖြစ်သည်။ ကောင်းမင်၏ မျက်လုံးတို့ကို အသာမှေးစင်းမှုန်ကုပ်ထား၏။ "လီဝေယန်း...!"
ကောင်းမင်မှာ ဝေ့ကော်ဖူးရန်နှင့် ပေါ်ချန်းနယ်စားကြီးတို့၏ သမီးကြီးဖြစ်သည်။ ဂုဏ်သရေ ထင်ရှားကျော်ကြားသူဖြစ်ပြီး ဂီတစာဆိုအရာတွင် ကျွမ်းကျင်သောကြောင့် မြို့တော်တွင် လူသိများလေသည်။ မနေ့က လီဝေယန်း၏ လှည့်ကွက်တွင် ခံခဲ့ရသောကြောင့် မကျေနပ်၍ လက်စားချေရန် သူမ မစောင့်နိုင်တော့။
"လီဝေယန်း၊ မနေ့တုန်းက နင်တော်တော်ပျော်မှာပေါ့" ကောင်းမင်သည် အရပ်ရှည်သည်။ သူမသည် လီချန်းလဲ့ထက်လည်း တစ်လ ပိုကြီးလေသည်။ ယခုလောလောဆယ်တွင်လည်း သူမက ဝေယန်းကို ငုံ့ကြည့်ရင်း ပြောဆိုနေလေသည်။
"မင်ပြောင်ကျဲစကားနောက်ကွယ်က အဓိပ္ပာယ်ကို ဝေယန်း မသိပါဘူး" လီဝေယန်းသည် ကောင်းမင်၏ ဆူပူကြိမ်းမောင်းလိုသော စကားတို့ကို မသိကျိုးကျွံပြုကာ တည်ငြိမ်စွာပင် ပြန်ပြောလိုက်လေ၏။
'ဒီယားထို အတင့်ရဲလွန်းတယ်' ကောင်းမင်မျက်နှာပေါ်၌ ဒေါသတို့ စွန်းထင်းလာတော့သည်။
"ငါက နင့်ပြောင်ကျဲဆိုတာ သိရင် ဘာလို့ ငါ့ကို မနှုတ်ဆက်သေးတာလဲ" ကောင်းမင် သူမ၏ မိုးမခက်နှယ် မျက်ခုံးနှစ်သွယ်ကို ပင့်တင်လိုက်ပြီး အသံခပ်ကျယ်ကျယ်ဖြင့် မေးခွန်းထုတ်လိုက်လေသည်။
လီဝေယန်း အသာပြုံးလိုက်သည်။ "ဝေယန်းက ကျေးလက်ဇနပုဒ်မှာ နေလာခဲ့တဲ့သူဆိုတော့ ဒီလို ထုံးတမ်းယဉ်ကျေးမှုတွေကို သိပ်နားမလည်လို့ပါ၊ ပြောင်ကျဲ ဗွေမယူလိုက်ပါနဲ့" ပြောပြီးသည်နှင့် လီဝေယန်းသည် ကောင်းမင်၏ နံဘေးတွင် ရပ်နေသော လီချန်းလဲ့ကို ကြည့်လိုက်လေသည်။ သူမ၏ အလွန်တည်ငြိမ်နေသော ပုံစံကို ကြည့်ခြင်းအားဖြင့် လီဝေယန်းအား ပြဿနာရှာရန် ကောင်းမင်ကို သွေးထိုးလှုံ့ဆော်ခဲ့သူမှာ လီချန်းလဲ့ပင်ဖြစ်ကြောင်း သူမ သေချာသွားတော့သည်။
ကောင်းမင် အေးစက်စွာ ရယ်လိုက်သည်။ "ဒူးထောက်ပြီး အပြစ်ဝန်ခံစမ်း"
သူမ၏ ဟန်ပန်အမူအရာမှာ အထက်စီးဆန်လွန်းပြီး မောက်မာထောင်လွှားလွန်းသောကြောင့် ပိုင်ကျစ်တစ်ယောက် မျက်လုံးများ နီလာသည့်အထိ ဒေါသထွက်ခံပြင်းသွားမိတော့သည်။
လီဝေယန်းက ကောင်းမင်ကို ကြည့်လိုက်သည်။ သူမ မျက်နှာတွင်လည်း အေးစက် ရက်စက်သော ရန်လိုသည့် အပြုံးတစ်ခု ပေါ်လာတော့သည်။ ကောင်းမင်မှာ သူမကိုယ်သူမ သူတကာထက် သာလွန်သည်ဟု သွေးနားထင်ရောက်နေသူဖြစ်ပြီး အခြားသူများအားလုံးကို ပုရွက်ဆိတ်များသဖွယ် သဘောထားကာ နင်းချေတတ်သူဖြစ်လေသည်။ ထိုကဲ့သို့သော လူမျိုးမှာ အလွန်တရာ မုန်းတီးဖွယ်ကောင်းလှ၏။ "ဝေယန်း ဝန်ခံစရာ ဘာအပြစ်များ ရှိလို့လဲ မသိဘူး"
"အနည်းဆုံးတော့ နင်ဟာ အမတ်ချုပ်ကြီးရဲ့ သမီး၊ လူယဉ်ကျေး မိသားစုရဲ့ ရွှေပေါ်မြတင် သခင်မလေးပဲ၊ နင့်အပြုအမူတွေကို ကျင့်ဝတ်နဲ့ အညီစောင့်ထိန်းသင့်တယ်၊ ဖြောင့်ဖြောင့်မတ်မတ်ရှိသင့်တယ်၊ ဒါပေမဲ့ နင်ကတော့ ကိုယ့်အစေခံတွေရဲ့အပြစ်ကို ဖုံးကွယ်တယ်၊ ဆင်ခြေတွေ အမျိုးမျိုးပေးတယ်... နင့်ရဲ့ ယုတ်မာတဲ့ အပြုအမူတွေကို လူတကာ သိသွားအောင် ငါ သာ သတင်းဖြန့်လိုက်ရင် နောင်တစ်ချိန်မှာ နင် အိမ်ထောင်ပြုဖို့ စိတ်တောင် မကူးနဲ့တော့"
ကောင်းမင်၏ စကားတို့မှာ ရက်စက် ပြင်းထန်လှသည်။ သို့သော် ဘေး၌ ရပ်နေသော လီချန်းလဲ့ကမူ တစ်လုံးတစ်ပါဒမျှ မကြားလိုက်ရသည့်အလား တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် နေလေသည်။ လီချန်ရှီးကတော့ နှုတ်ခမ်းထောင့်လေးများ ကော့တက်သွားကာ ပြုံးနေမိလေ၏။ တာ့ကျဲ လီချန်းလဲ့ဖြစ်စေ၊ စန်းကျဲ လီဝေယန်းဖြစ်စေ မည်သူ သိက္ခာကျကျ သူမအတွက် ဝမ်းသာစရာပင်။ လီချန်ရှောင်းတစ်ယောက်သာ မည်သည့်စကားမျှ ဝင်မပြောပေးနိုင်သော်လည်း စိုးရိမ်ပေးသောအမူအရာက မျက်နှာတွင် ထင်ဟပ်နေသည်။
"ဆိုတော့ကာ ဝေယန်းက အစတည်းက မှားနေခဲ့တာပေါ့. . ." လီဝေယန်းမှာ ကောင်းမင်ကို ကြည့်နေသော်လည်း မိမိကိုယ်ကို ရေရွတ်စကားပြောနေဟန်ရှိလေသည်။
"ဒါပေါ့၊ နင် မှားတယ်...! နင် အရမ်းမှားတယ်" ကောင်းမင်သည် မေးကို ရှေ့ထိုးကာ လီဝေယန့်အား အပေါ်စီးမှ ငုံ့ကြည့်နေလေသည်။ "နင် အခု ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ရင်တော့ ငါ နင့်ကို အလွတ်ပေးရင်ကောင်းမလား စဉ်းစားပေးမယ်၊ အဲ့သလိုမှ မဟုတ်ရင်တော့ မနေ့က အဖြစ်အပျက်ကို လူသိရှင်ကြားဖြစ်အောင် လုပ်ပြီး နင့်ရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးပစ်မယ်"
အံ့သြစရာမှာ လီဝေယန်းသည် မတုန်လှုပ်သွားဘဲ အေးစက်သော အပြုံးတစ်ခုကိုသာ ပြုံးပြလာလေသည်။
"ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ရမယ်တဲ့လား" လီဝေယန်း ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးသွားလိုက်ကာ ကောင်းမင်၏ မျက်ဝန်းထဲ တည့်တည့်တေ့ဆိုင် စိုက်ကြည့်လိုက်လေသည်။
"မနေ့က အဖြစ်အပျက်ကို လူသိရှင်ကြား လုပ်ချင်တယ် ဟုတ်လား၊ ဒါဖြင့် ပြောင်ကျဲရဲ့ အာ့ကော(ဒုတိယအစ်ကို)က နှာဘူးထပြီး မိန်းကလေးတစ်ယောက်ကို စော်ကားဖို့ ကြံစည်တာ... မအောင်မြင်ဘဲ အရိုက်ခံလိုက်ရတဲ့အကြောင်း လူတိုင်းကို သိစေလိုက်ရမလား"
"ဒါမှမဟုတ် ပြောင့်ကောနဲ့ ချိန်းတွေ့တာဟာ တို့ရဲ့ တာ့ကျဲ လီချန်းလဲ့ဖြစ်ပြီး အဲ့ဒီအဖြစ်မှန်ကို သနားစရာကောင်းတဲ့ တို့ရဲ့ စန်းတိက တွေ့သွားတာမို့၊ နှစ်ယောက်ပေါင်းပြီး စန်းတိကို အသေရိုက်... နှုတ်ပိတ်ဖို့ ကြိုးစားတဲ့ အကြောင်း လူတကာကို ပြောပြလိုက်ရမလား"
"မင်ပြောင့်ကျဲ၊ ကျွန်မက ကိုယ်လုပ်တော်သမီး အဆင့်ပဲရှိတာပါ၊ မြို့တော်က လူတွေက ကျွန်မရဲ့ ရိုင်းစိုင်းပြီး တစွတ်ထိုးရမ်းကားတဲ့ အပြုအမူကို ပိုစိတ်ဝင်စားမလား၊ အမတ်ချုပ်ကြီးရဲ့ ပဏာမသမီး ထင်ရှားကျော်ကြားတဲ့ လီချန်းလဲ့ရဲ့ အချစ်ရေးကို ပိုစိတ်ဝင်စားကြမလား...! ပြောင့်ကျဲ မနေ့ကကိစ္စကို လူသိရှင်ကြားဖြစ်အောင်လုပ်ရင် ကျွန်မ နာမည်ပျက်မယ်၊ ဒါပေမဲ့... ရှင့်ရဲ့ ချစ်လှစွာသော တစ်ဝမ်းကွဲလေးလဲ နာမည်ပျက်ရမယ်"
ထိုစကားများက သူမ မျက်နှာတည့်တည့်ဆီကို ရိုက်ခတ်လာသည်။ မူလက မောက်မာပြီး အထက်စီးကနေသော ကောင်းမင်လည်း မျက်နှာထား ပြောင်းလဲသွားတော့သည်။ သူမကိုယ် သူမပင် မသိလိုက်ဘဲ ခြေတစ်လှမ်း အလိုလို နောက်ဆုတ်မိသွားလေသည်။
လီချန်းလဲ့၏ မျက်နှာတစ်ခုလုံးလည်း ဖြူရော်သွားတော့သည်။ ကျန်နှစ်ယောက်ကတော့ အင်မတန် အံ့သြမင်သက်သွားပုံရ၏။ လီဝေယန်းထံမှ ဤမျှ ခက်ထန်သော အမူအရာအပြောအဆိုကို တစ်ခါမျှ မကြုံဖူးကြသောကြောင့်ပင်။
ကောင်းမင်သည် မိမိ၏ ဒေါသကို ထုတ်ဖော်ပြသတော့၏။ "နင် အဲ့လိုလုပ်ရဲတယ်ပေါ့၊ နင် တကယ်လုပ်ရဲလို့လား"
လီဝေယန်းသည် ထီမထင်သော မျက်နှာဖြင့် ရပ်လျက် သူမတို့ကို စိုက်ကြည့်နေလိုက်သည်။ "မလုပ်ရဲစရာ ဘာအကြောင်းရှိမလဲ" လီဝေယန်းသည် မိမိ၏ အင်္ကျီ အနားစကို သပ်ရင်း စကားတစ်လုံးချင်းစီကို ပီပီသသ ပြောထုတ်လိုက်လေသည်။ "မင်ပြောင့်ကျဲက ကျွန်မကို ကြည့်မရဘူး၊ ကျွန်မကလဲ ရှင့်ကို မမြင်ချင်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် မရှုနိုင် မစိမ့်နိုင် ဖြစ်နေမှတော့ အခုချိန်ကစပြီး မင်ပြောင့်ကျဲ ကျွန်မကို မြင်ရင် အနည်းဆုံး သုံးတောင်လောက်အကွာမှာ ခပ်ခွာခွာနေပေးပါ" ထိုစကားများကို ပြောပြီးသည်နှင့် လီဝေယန်းသည် လှည့်ထွက်သွားရန် ခြေပြင်လိုက်တော့၏။
"လီဝေယန်း...!" ကောင်းမင် ဒေါသတကြီး အော်တော့သည်။ "အဆုံးအမ မရှိ၊ အဆင့်မရှိတဲ့ ဟာမ၊ ကြည့်နေစမ်းပါ ငါ နင့်ကို တိုင်ပြောမယ်၊ နင့်..."
"ကျွန်မ ဖူချင်း(ဖခင်)နဲ့ တိုင်ပြောမလို့လား" လီဝေယန်း ချာကနဲ ပြန်လှည့်လိုက်သည်။ သူမမျက်တန်းများမှလည်း အေးစက်သော အငွေ့အသက်အရောင်အဝါတို့ လျှံထွက်လာလေသည်။ သူမ သွင်ပြင်မှာ နုနယ်ထိခိုက်ခံစားလွယ်သော တစ်ဆယ့်သုံးနှစ်အရွက် မိန်းမငယ်နှင့် လုံးဝမတူတော့။ "တိုင်ကြည့်လိုက်လေ၊ သူ့သမီးကို ဆုံးမတဲ့နေရာမှာ မင်ပြောင့်ကျဲ ဝင်ပြီး လိုအပ်တာလေးတွေ ထောက်ပြပေးတဲ့အတွက် ဖခင် သေချာပေါက် ရှင့်ကို ကျေးဇူးတင်သွားပါလိမ့်မယ်၊ အရင်တစ်ခေါက်က မင်ပြောင်ကျဲ ပြောထားတာတွေကိုလဲ ဖခင် မမေ့လောက်သေးဘူးလို့ ကျွန်မ ထင်တယ်"
ကောင်းမင်မှာ ဒေါသကြောင့် တဆတ်ဆတ်တုန်ရင်နေချေပြီ။ သူမ မျက်နှာလည်း ဖြူဖျော့နေပြီး စကားတစ်လုံးမှ ပြန်မတုံ့နိုင်တော့။ သူမ လီဝေယန်းကို စိုက်သာကြည့်နေတော့သည်။
မူလက လီချန်းလဲ့သည် မောက်မာထောင်လွှားသော ကောင်းမင်မှတဆင့် လီဝေယန်းကို ပညာပေးချင်သော်လည်း အခြေအနေမဟန်တော့သည်ကို တွေ့၍ တည်ငြိမ်ဟန်ဆောင်ကာ လေပြည်လေးနှင့် ဖြန်ဖြေစကား ဝင်ပြောတော့လေသည်။ "မင်ပြောင့်ကျဲ၊ ကျွန်မတို့ရဲ့ စန်းမေးက ကျေးလက်မှာ ကြီးပြင်းလာခဲ့တာ... ငယ်ကလဲ ငယ်သေးတော့ တချို့ကိစ္စတွေမှာ မသိ နားမလည်သေးဘူး၊ ဝေယန်းရဲ့ အပြုအမူတွေက ပြောင့်ကျဲစိတ်ကို ထိခိုက်စေခဲ့ရင် ဗွေမယူပါနဲ့နော်"
ထိုစကားကို ကြားသောအခါ လီချန်ရှီးက ပြုံး၍ ဝင်ပြောလိုက်လေသည်။ "စန်းကျဲက တံငှါနားနီး တံငှါ မုဆိုးနားနီး မုဆိုးလေ၊ တောကလူတွေနဲ့ အနေကြာခဲ့တော့ အထူအပါးနားမလည်၊ ယဉ်ကျေးမှု မရှိဖြစ်နေတာ... လာခဲ့တဲ့ နေရာကို ပြန်ပြီး ယဉ်ကျေးမှုရှိအောင် သွားပြန်သင်လိုက်ပါလား၊ အဲ့သလိုသာဆို စန်းကျဲ ဒီမှာ လူလုံးပြလို့ မကောင်းတာတွေ... ညီမတို့လဲ ရောပြီး အရှက်ကွဲရတာတွေ ကြုံရတော့မှာ မဟုတ်ဘူး"
လီချန်ရှောင်း နှုတ်ခမ်းကိုသာ အသာဖိကိုက်ထားမိတော့သည်။ သူမ လီဝေယန်းဘက်က ရပ်တည်ကာ ပြောပေးချင်မိသော်လည်း တကယ်တမ်းမှာတော့ ပြောမထွက်။ သူမ ငြိမ်နေခဲ့လိုက်သည်။
"သြော... တို့က ရှင်တို့ အားလုံးကို မျက်နှာပျက် အရှက်ရအောင် လုပ်လို့ ဝူမေးက မကျေနပ်ဘူး... ဟုတ်လား" လီဝေယန်း၏ မျက်ဝန်းများမှာ မီးလျံပမာ တောက်လောင်နေ၍ ရေခဲပမာ အေးစက်နေသည်။ "တာ့ကျဲ၊ ဝူမေး... နှစ်တိုင်းနှစ်တိုင်း ရှင်တို့ မွေးနေ့ရောက်ရင် ဖူချင်းက ရှင်တို့အတွက် ကောင်းပေ့ဆိုတဲ့ လက်ဆောင်တွေ ပြင်ဆင်ပြီးပေးတယ်၊ သူ ပေးတဲ့ လှပတဲ့ ပိုးထည်တွေဆိုတာ ကျေးလက်နယ်စွန်အဖျားက တောသူလေးတွေ နေ့ည မပြတ်ကြိုးစားရက်လုပ်ထားတာတွေ၊ မျက်လုံးကန်းမတတ် ရက်လုပ်ထားတာတွေ၊ အင်မတန်လှပ ခန်းနားပါတဲ့ ဝက်ဝံသားရေဆိုတာက တောမုဆိုးတွေ နှင်းတောထဲမှာ ရက်ပေါင်းများစွာ လင့်စင်ထိုး ခြုံတိုးစောင့်ပြီး ပင်ပင်ပန်းပန်း ဖမ်းခဲ့ရတာ၊ အဖိုးအနဂ္ဂထိုက်တန်ပါတဲ့ ရေသူ့မျက်ရည်(ပုလဲရတနာ) ဆိုတာကလဲ နိမ့်ကျတဲ့ ရေလုပ်သားတွေက သမုဒ္ဓရာအောက်မှာ သက်စွန့် ဆံဖျား ရှာခဲ့ရတာ... ရှင်တို့ စားနေ သောက်နေ ဝတ်နေ၊ စီးနေတာတွေ အားလုံးက ရှင်တို့ အထင်သေးလှပါချည်ရဲ့ဆိုတဲ့ ပညာမတတ် ယဉ်ကျေးမှုမရှိတဲ့ တောသူတောင်သားတွေဆီက ရလာတာပဲ၊ တောသူ တောင်သား ပြည်သူအရပ်သားဆီက ပစ္စည်းတွေယူ၊ အခွန်အခနဲ့စားပြီး အချိန်နဲ့ အမျှ စော်ကား ပြစ်တင်နေကြတာ... တကယ့်တကယ်မှာ အဆင့်မရှိ ယဉ်ကျေးမှုမရှိ ပညာရည် မပြည့်ဝတာ ဘယ်သူတွေလဲ"
သူမ၏ စကားကို ကြားသောအခါ အားလုံးကြောင်အသွားကြရတော့သည်။ လီဝေယန်း၏ နုနယ်သိမ်မွေ့သော မျက်နှာလေးမှာတော့ အေးစိမ့်စိမ့်အပြုံးတစ်ခု ပေါ်လွင်လာလေသည်။ သူမတို့ သုံးယောက် မည်သို့ တုံ့ပြန်ရမည်မသိ၊ ရင်ထိတ်သွားကြရတော့သည်။
လီချန်ရှီးသည် လီချန်းလဲ့ ရှက်ရွံ့သွားသည်ကို တွေ့ရသောအခါ ကပျာကသီ အမြန်ပြောလိုက်တော့သည်။ "တာ့ကျဲ သူ့ကို ဂရုစိုက်မနေနဲ့၊ သွားကြရအောင်"
"အင်းပေါ့၊ ရှင်တို့က အဆင့်အတန်းရှိတဲ့ အထက်တန်းစားတွေဆိုတော့ ကျွန်မလို ပညာမတတ်တဲ့ အရိုင်းအစိုင်း တောသူမ ပြောတဲ့ စကားတွေကို နားထောင်စရာ ဘယ်လိုမလဲ၊ ဒါပေမဲ့နော်... ရာဘာနဲ့ ကြွေထည်တို့ ထိခိုက်မိရင် ဘယ်ဟာက ကွဲသွားမလဲဆိုတာ ဘယ်သူ သိနိုင်မလဲ" လီဝေယန်း မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။ တဖန် ပြန်လည်ရှင်သန်လာပြီးနောက် သူမအပေါ် အနိုင်ကျင့်သူမှန်သမျှကို ခေါင်းငုံ့သည်းခံရန် အစီအစဉ် မရှိပေ။ လေးစားရမည်ဟူသော အကြောင်းကြောင့်နှင့် မျိုသိပ်ထားတော့မည် မဟုတ်။ သူမကို ရန်လာ စမှတော့ သူမကလည်း အသာတကြည် ခွင့်လွှတ်ပေးလိုက်စရာအကြောင်း မရှိပေ။
"ဟား ဟား ဟား ဟား ဟား" ရုတ်တရက် သူတို့၏ အနောက်ဘက်ရှိ ကျောက်ဆောင်တုလေးများနောက်ကွယ်မှ ယောက်ျားတစ်ယောက်၏ ရယ်သံ ပဲ့တင်ရိုက်ကာ ထွက်လာလေသည်။
အားလုံး အံ့အားသင့်သွားစဉ် ကုန်းဇီနှစ်ယောက် သူတို့ရှိရာသို့ တင့်တယ် ခံ့ညားစွာ လျှောက်လှမ်းလာကြသည်ကို တွေ့လိုက်ရ၏။ ရှေ့မှ လျှောက်လာသော မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိဟန်၊ ခံချောချော လူငယ်မှာ ဝါးပင်စိမ်းရောင် ချန်ရှန်းကို ဝတ်ဆင်ထားပြီး ဝတ်စုံပေါ်တွင် ရွှေရောင် ချည်မျှင်ဖြင့် အလှဆင်ထားသော ကြာပန်းပုံများပါလေသည်။ အပေါ်မှ ငွေရောင် မြေခွေးသားမွှေးခြုံထည်ကို ဝတ်ဆင်ထားပြီး မည်းနက်သော ဆံပင်တို့ကိုလည်း ထုံးတင်ကာ ယွီကွမ်းဖြင့် ထိန်းထားလေသည်။ ထိုသခင်လေး၏ ရုပ်ရည်ရူပကာ အလှမှာ မိန်းကလေးတစ်ယောက်နှင့်ပင် ယှဉ်ပြိုင်၍ ရလောက်ပေသည်။ လီချန်ရှီး သူ့ကို တွေ့သည်နှင့် ဝမ်းသာအားရ ပြုံးလိုက်တော့သည်။ "တာ့ကော...! ပြန်ရောက်လာပြီလား"
လီမင်ဖုန်း ပြုံးပြလိုက်သည်။ "ပြန်ရောက်တဲ့ ကိစ္စ နောက်ထားဦး၊ မင်းတို့ အားလုံး စန်းတျန်းရှား (တတိယ အရှင့်သား)ကို ဂါရဝပြု နှုတ်ဆက်ကြဦး" သူ့စကားမဆုံးခင်မှာပင် သူ့နောက်မှ အရပ်ရှည်ရှည်၊ ချောမောခံ့ညားသော လူငယ်တစ်ဦးက မြွေပါသားမွှေးဝတ်ရုံကို ခြုံလျက် ရင့်ကျက် တည်ငြိမ် အေးဆေးစွာ ထွက်လာလေသည်။
အားလုံး အံ့သြမင်သက်လျက် မလှုပ်မယှက် ရပ်ကြည့်နေမိကြလေ၏. . .