**ပြောင်ကော/ ပြောင်မေး/ ပြောင်ကျဲ =တစ်ဝမ်းကွဲ အစ်ကို/ညီမ/အစ်မ
**ယားထို = မိန်းကလေးအစေခံကိုခေါ်သော အခေါ် (တိုက်ရိုက်အဓိပ္ပာယ် - ကောင်မလေး)
**မားမား = အသက်ကြီးကြီး အမျိုးသမီး အစေခံ/ အထိန်းတော်
**ရှောင်စိ = ယောကျ်ားစေ
**နန်ယွမ် = တောင်ဘက်မှ ဥယျာဉ်
** မူချင်း = မိခင်
** ကျန်းကျုံး = ကိုယ်လုပ်တော်/ မယားငယ်မှ မွေးသော ကလေးကို နှိမ့်ချခေါ်ဝေါ်သော အခေါ်
___________
၃၀။ လူယုတ်မာကို နာနာရိုက် (Nc)
နန်ယွမ်ကို သွားရာ၌ လီဝေယန်းတစ်ယောက် လူပြတ်သော အနောက်ဥယျာဉ်မှ မဖြစ်မနေဖြတ်သွားရမည်ဖြစ်သည်။ သူမက သူမ၏ ယားထို(မိန်းမစေလေး)များ၊ မားမား(အထိန်းတော်)များအားလုံးကို ဥယျာဉ်၏အမှောင်ကွယ်သော ထောင့်များ၌ ကြိုတင်ပုန်းအောင်းနေစေသည်။ ထို့နောက် သူမက သူမကို ထီးမိုးပေးမည့် ပိုင်ကျစ်တစ်ယောက်ကိုသာ ခေါ်ပြီး ဥယျာဉ်ဘက်ဆီ လျှောက်လာလိုက်သည်။
မိုးသည်းသည်းထဲ၌ ပိုင်ကျစ်မှာ ထီးကို လုံအောင်မိုးနိုင်ရန် ကြိုးစားထားပါသောငြား လီဝေယန်း၏ ပခုံးတစ်ဖက်ကတော့ ရွှဲနစ်သွားသေးသည်။
ကောင်းကျင်းကတော့ သူ့ကို ထီးမိုးပေးမည့် ရှောင်စိ(ယောက်ျားစေ)နှင့်အတူ ငှက်ပျောရွက်များအောက်၌ ပုန်းနေလေသည်။
"ရှောင့်ယဲ၊ စန်းရှောင့်ကျဲ လာနေပြီ...!" သူ့ရှောင်စိက သူ့အား အသိပေးလိုက်သည်။
ကောင်းကျင်း၏ မျက်လုံးအစုံကတော့ လီဝေယန်းကို ထက်ကြပ်မခွာ စေ့စပ်စွာ လိုက်ကြည့်နေမိသည်။ သူမက ယွင်ကျင်းသားဖြင့် ချုပ်ထားသော အပေါ်ထပ်ခါးရုံအရှည်ကို ဝတ်ဆင်ထားသည်။ ခါးရုံရှည်ပေါ်၌ ဆီးပင်ပေါ်နားနေသော သပိတ်လွယ်ငှက်များပုံကို ပန်းထိုးချုပ်လုပ်ထားသည်။ အောက်တွင်တော့ အရောင်တူခါးစီးဝတ်ရုံကို ဟုန်ကျင်းသားဖြင့် ချုပ်ဝတ်ထားသည်။ သူမ လမ်းလျှောက်လာပုံက လွန်စွာ ပျော့ပျောင်းလှပပြီး ကျက်သရေရှိနေလေသည်။ ကောင်းကျင်း သူမကို ခေါင်းအစ ခြေအဆုံးကြည့်ရင်း ပို၍ စိတ်လှုပ်ရှားလာမိတော့သည်။
သူ ကျိတ်၍ ပျော်နေမိသည်။ ယနေ့လွန်လျင် သူမသည် သူ့အပိုင်ဖြစ်တော့မည်လေ...။
ပိုင်ကျစ်ကတော့ သူမတို့ကို တစ်စုံတစ်ယောက် စောင့်ကြည့်နေသကဲ့သို့ ခံစားရမိနေသည်။ သူမ စိတ်ထဲလေးနေမိသည်။ "ရှောင့်ကျဲ... နွီပိ ကြောက်တယ်"
လီဝေယန်း အသာ ပြုံးလိုက်သည်။ "ဘာ ကြောက်စရာမှ မရှိဘူး"
သူမ၏ အသံ၊ လေထန်ကြားမှ အေးစက်စက်ခေါင်းလောင်းခြူသံအလား အသံက ကောင်းကျင်းကို သူမအပေါ်ပို၍ တပ်မက်စေလာပြီး မိမိကိုယ်ကို ဆက်မထိန်းထားနိုင်တော့ပေ။ သူ သူမကို အမိအရဖမ်းချုပ်ထားနိုင်ရန် အပြင်ခုန်ထွက်လာလိုက်သည်။
သူ ခုန်ထွက်လိုက်သည်နှင့် ကောင်းကျင်း၏ လက်နှစ်ဖက်လုံး ထုံကာ မခံမရပ်နိုင်နာကျင်သွားရတော့သည်။
လီဝေယန်းက မျက်ခုံးများ ပင့်လိုက်ပြီး သူ့ကို ခန္ဓာကိုအောက်ပိုင်း၏ အရေးကြီးသော အစိတ်အပိုင်းနေရာ၌ အားမနာတမ်းကန်လိုက်လေသည်။
သူ့ခန္ဓာကိုယ်အောက်ပိုင်းကို သူမ ခြေဖြင့် ဖိထားစဉ် ကောင်းကျင်း၏ လက်များကိုလည်း နင်းထားသည်။ ကောင်းကျင်းမှာ လက်ကျိုးတော့မည်ဟုပင် ထင်မိလေသည်။ သူ နာနာကျင်ကျင်အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံး ပျော့ခွေသွားတော့လေသည်။
ပိုင်ကျစ်က အဝတ်အိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီး သူ့ခေါင်းကို စွတ်ကာ အော်လိုက်တော့သည်။ "လာကြပါဦး၊ ဒီဥယျာဉ်ထဲမှာ သူခိုးကပ်နေတယ်၊ မြန်မြန်လာကြပါဦး...!"
စက္ကန့်ပိုင်းအတွင်း ကြိုရောက်ကာ ပုန်းနှင့်နေသော အစေခံများပြေးထွက်လာလေသည်။ လီဝေယန်းက ကောင်းကျင်းကို လက်ညိုးထိုးကာ အေးစက်စွာ ဆိုလိုက်သည်။ "သူ့ကို နာနာရိုက်စမ်း၊ သေအောင် ရိုက်...!"
"ဘယ်သူ ငါ့ကို ရိုက်ရဲလဲ...!" အဝတ်အိတ်ထဲမှ လူက ပြန်အော်လေသည်။ "ငါက ပြောင်ရှောင့်ယဲပဲ...!"
(ပြောင်ရှောင်ယဲ - သခင်မလေး/သခင်လေးတို့၏ ဝမ်းကွဲ)
'ဘာတွေဖြစ်နေတာလဲ...' အားလုံး ကြောင်အမ်းသွားတော့သည်။
လီဝေယန်းက အေးစက်စွာ ပြုံးလိုက်သည်။ "ပြောင်ရှောင့်ယဲက အနောက်ဥယျာဉ်ထဲ ရောက်နေစရာလား၊ ဒါ ဒီသူခိုးက ပါးနပ်ဟန်ဆောင်ပြီး လွတ်လမ်းကြံနေတာပဲ...! ရိုက်သာရိုက်...!"
ဟွားမေကို စန်းရှောင့်ကျဲ အပျောက်ရှင်းလိုက်ပုံကို တွေ့ကြုံပြီးသကာလ ကျန်သောအစေခံများလည်း သူမကို ကြောက်စပြုလာသည်။ မည်သူက သူမအမိန့်ကို မနာခံဘဲ နေဝံ့ပါ့မလဲ။
ကောင်းကျင်းလည်း အော်ဟစ်ငိုယိုကာ အသက်ချမ်းသာပေးရန် တောင်းပန်သည်။ အစေခံများကိုလည်း ကျိန်ဆဲသည်။ သို့သော် သူ့ကို ယားထိုများ မားမားများက အတင်းအကျပ်ချုပ်ထားကာ အားကုန်ရိုက်ကြလေသည်။ ထိုသို့မရိုက်ပါက စန်းရှောင့်ကျဲက သူတို့ကို အားလျော့ထားသည်ဟု ငြူစူမည်စိုးသောကြောင့်ဖြစ်လေသည်။
လီဝေယန်းက မနီးမဝေးရှိ ငှက်ပျောပင်ကို လှမ်းကြည့်လိုက်ရာ သူမ အံ့အားသင့်ဖွယ်ပင် ထိုအပင်အောက်မှ လူရိပ်ပျောက်သွားသည်ကို တွေ့လိုက်ရသည်။
လူတိုင်း ဆက်ရိုက်ရန် အားအင်မရှိတော့သည်အထိ နာရီဝက်ခန့် ကောင်းကျင်းအရိုက်ခံလိုက်ရသည်။ လီဝေယန်းကို စော်ကားလိုသော အဝတ်အိတ်ထဲက လူယုတ်မာမှာ သေလုမြောပါး အရိုက်ခံလိုက်ရလေသည်။
လီဝေယန်းက သူ့ကို တစ်ချက်မျှ ကြည့်ကာ အမိန့်ပေးလိုက်သည်။ "ဒီသူခိုးကို အပြင်သွားပစ်လိုက်...!"
မားမားလေးယောက်က သေလုမြောပါးအရိုက်ခံထားရသော ကောင်းကျင်းကို နံရံမှ မြောက်၍ ခြံအပြင်ကို ပစ်ထုတ်လိုက်သည်။
သူနှင့်အတူ လိုက်လာခဲ့သော ရှောင်စိလည်း ယခုမှ ထွက်လာရဲတော့သည်။ တုန်ရင်ကာ သူ အဝတ်အိတ်ကို ဖယ်လိုက်သောအခါ သူ့ကုန်းဇီ(သခင်လေး)၏ နဖူးမှာ သွေးတွေစီးကျနေပြီး၊ နှာခေါင်းကလည်း တစ်ဖက်စောင်းကာ မျက်ခွံများမှာလည်း ပွန်းနေသည်ကိုတွေ့ရလေသည်။ မျက်လုံးများမှာ ဖူးယောင်ညိုမည်းကာ သူ ပြောသည့် စကားများကလည်း မပီမသသာ ထွက်လာတော့သည်။ သို့သော် သည်တစ်ခါတွင်တော့ သူတို့ ဒုက္ခအကြီးအကျယ်ရောက်ပြီဟု သူ သိလိုက်ရသည်...။
____
မိုးရွာထားသောကြောင့် ပြတင်းပြင်မှ ဖက်ဖူးစိမ်း ငှက်ပျောရွက်များ အောက်သို့ ငိုက်စိုက်ကျကာ ရေစက်ရေပေါက်ကလေးများ မြေသို့ စီတန်းလျက် လျှောကာကျသွားလေသည်။ တာ့ဖူးရန်ကတော့ သူမ စိတ်ထဲ အဘယ်ကြောင့် စနိုးစနှောင့်ဖြစ်နေရမှန်းမသိ။ သူမလက်ထဲ၌ ပုတီးစေ့များက အတန်ကြာအောင် ယိမ်းနွဲ့နေသည်။ နောက်ဆုံးတော့ သူမ ပုတီးကုံးကို ပြန်ချလိုက်သည်။ သူမ နံဘေးတွင်ရှိနေသော လီချန်းလဲ့ကို ပြောလိုက်သည်။ "ဒီနေ့ အမေ စိတ်မအေးနိုင်ဖြစ်နေတယ်၊ တစ်ခုခုများ ဖြစ်တော့မလို. . ."
လီချန်းလဲ့ မျက်လွှာချကာ သူမမျက်ဝန်းထဲမှ အအေးဓာတ်ကို ဖုံးကွယ်ထားလိုက်သည်။ တစ်ခုခုတော့ ဖြစ်သွားလိမ့်မည်။ သို့သော် သူမတို့အတွက်တော့ ကောင်းခြင်းတစ်ခုခုပေါ့ . . .။
တာ့ဖူးရန် ပြောလိုသည့်စကားကို ဆုံးအောင်ပင် မပြောရသေး။ တံခါးဝမှ လိုက်ကာချပ်တို့ ပွင့်သွားပြီး တစ်စုံတစ်ဦးအလျင်စလို ဝင်လာတော့သည်။ သူ လမ်းတစ်လျှောက်လုံး ပြေးလာခဲ့သည်လားတော့မသိ၊ အရှိန်ပင်မသတ်နိုင်ဘဲ မြေပေါ်လဲကျသွားလေသည်။ ကြမ်းပြင်ပေါ်မှာ အတန်ကြာလူးလိမ့်နေပြီးတော့မှ သူ ပြန်ထနိုင်ပြီး အမောဖြေနိုင်တော့သည်။ သူ မျက်နှာပေါ်မှ ရွှံ့တို့ကိုပင် မသုတ်တော့ဘဲ တာ့ဖူးရန်ကို ပြောတော့သည်။ "တာ့ဖူးရန်၊ မကောင်းတော့ဘူး...! ပြဿနာကြီးတက်ပြီ...!"
သည်ပုဂ္ဂိုလ်မှာ ကောင်းကျင်းကို ပြုစုရသော ရှောင်စိ ချိုးဇီဖြစ်လေသည်။ တာ့ဖူးရန် မျက်နှာ ဖြူဖျော့သွားတော့သည်။ "ဒါ ဘယ်နေရာလဲ မင်း မသိဘူးလား၊ ဘယ်နှယ့်လုပ် စွတ်တိုးဝင်လာရသတုန်း...! ခုချက်ချင်း ထွက်သွားစမ်း...!"
ချိုးဇီမျက်နှာ ဖြူရော်သွားတော့သည်။ "မဟုတ်ဘူး၊ သတင်းဆိုးပါတယ်၊ သတင်းဆိုး... ပြဿနာတက်နေပြီ...!" သူ တစ္ဆေသဘက်တွေ့ရသကဲ့သို့ သွေးရူးသွေးတန်းအော်နေလေသည်။ တစ်ကိုယ်လုံးလည်း တုန်ယင်နေသည်။ "ရှောင်ယဲက ခုနလေးတင် ဥယျာဉ်ထဲမှာ... သူ... သူ..."
တာ့ဖူးရန် ထိတ်လန့်သွားတော့သည်။ "သူ... ဒီတစ်ခါ ဘာလုပ်လိုက်ပြန်ပြီလဲ"
သူ သည်တစ်ခါ ဘာပြဿနာရှာလာရပြန်သလဲဟု သူမ မေးလိုသော်လည်း မကောင်းတတ်ဟု တွေးမိကာ စကားလုံးပြင်ပြောလိုက်ခြင်းဖြစ်သည်။ လီချန်းလဲ့ နှုတ်ခမ်းများ မသိမသာကော့သွားတော့သည်။ ဤသည်မှာလည်း သူတို့၏ အစီအစဉ်များထဲတွင် ပါဝင်သည်။ ပြောင့်ကော အောင်မြင်ပြီးသောအခါ သူက သတင်းဖြန့်ရန် ရှောင်စိကို လွှတ်ပြီး ရှောင့်ယဲဟာ စန်းရှောင့်ကျဲကို အစေခံမိန်းကလေးထင်သဖြင့် သိမ်းပိုက်လိုက်သည်ဟု ဆိုစေမည်။ ထိုအခါ၌ မူချင်း(မိခင်)သိသောအခါတွင် သူမ ဒေါသထွက်မည်ဖြစ်သော်လည်း သူမတူအတွက် ဖုံးဖိကာကွယ်ပေးမည်ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့ မျက်စိစပါးမွေးစူးစေနေသော လီဝေယန်းကို ဖယ်ရှားပြီးသား ဖြစ်သွားပေလိမ့်မည်။
"ရှောင့်ယဲ နဂိုကတည်းက ဥယျာဉ်ထဲ ရောက်နေတာ... ဘယ်သူက ထင်မှာလဲ၊ ဘယ်သူက ကြိုသိနိုင်မှာလဲ" ချိုးဇီမှာ စိတ်ဖိစီးလွန်းလှသဖြင့် ချွေးများပင် ရွှဲနစ်နေတော့သည်။ "စန်းရှောင့်ကျဲက လူအုပ်လိုက်ကြီးခေါ်ချလာပြီး ရှောင့်ယဲကို အသေရိုက်တော့တာပဲ"
တာ့ဖူးရန် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူမ အကြည့်များကလည်း အေးခဲသွားသည်။ သူမက ဆိုသည်။ "လီဝေယန်းလား... ဘာတွေ ဖြစ်သွားလို့လဲ ပြောစမ်း...!"
ချိုးဇီ နှုတ်ဆိတ်နေသည်။ စကားတစ်လုံးမျှ ပွင့်အံကျမလာတော့။
တာ့ဖူးရန် အေးစက်စွာ ပြောလိုက်သည်။ "သူ လီဝေယန်းကို ကြိုက်ပြန်တာလား၊ ရူးမိုက်လိုက်တာ၊ မိုက်မဲလွန်းတယ်...!" ထိုစဉ် သူမ နံဘေးမှ တစ်စုံတစ်ရာ ကျကွဲသွားသံကို ကြားလိုက်ရသည်။ လီချန်းလဲ့ လက်ဖက်ရည်ကြမ်းခွက်ကို လွှတ်ချလိုက်မိခြင်းဖြစ်လေသည်။ ကြမ်းပြင်ပေါ်မှာ လက်ဖက်ရည်ကြမ်းတို့ စိုကုန်လေပြီ။
သည်အခါတွင်တော့ တာ့ဖူးရန် ရုတ်တရက်နားလည်သွားတော့သည်။ သူမ ဒေါသတကြီး ဆိုတော့သည်။ "တာ့ရှောင့်ကျဲက လွဲလို့ အကုန်ထွက်သွားစမ်း...!"
ချိုးဇီ ဆက်ပြောလိုသေးသည်။ သို့သော် နှင်လွှတ်ခံလိုက်ရလေသည်။ လီချန်းလဲ့၏ မျက်နှာလှလှကလေးမှာ သူမ ဝမ်းကွဲအစ်ကို၏ မအောင်မြင်မှုကြောင့် အံ့ဩရကာ ဖြူဖျော့သွားလေတော့သည်။ ပို၍ ဆိုးသည်က သူမ မူချင်း၏ စစ်မေးမှုကို မည်သို့ရင်ဆိုင်ရမည်လဲ မသိ။
"မင်း သိပ်မိုက်မဲတာပဲ...!" တာ့ဖူးရန် အေးဆေးမတည်ငြိမ်နေနိုင်တော့ပေ။ သူမ မျက်ခုံးများ ပင့်ထားသည်။ သူမ၏ ငြိမ်းအေးသော အသွင်အပြင်က ယခုတော့ ဒေါသမီးကြောင့် ပူလောင်နေဟန်ရှိသည်။
"မူချင်း...!" လီချန်းလဲ့ကတော့ တစ်စက္ကန့်မျှ ထိတ်လန့်သွားပြီးနောက် ပြန်တည်ငြိမ်သွားသည်။ သူမ၏ နီစွေးစွေးနှုတ်ခမ်းသားတွင်းမှ သွားတို့ကိုစေ့ကာ ဒေါသတို့ဖြင့် ပြန်ပြောလေသည်။ "သမီး... အဲ့ဒီယားထို(ကောင်မလေး)ကို အပြစ်ပေးချင် -- "
"မင်း အလျင်လိုလွန်းအားကြီးတယ်...!" တာ့ဖူးရန် အခန်းတွင်း ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း ဆိုလိုက်သည်။ လီချန်းလဲ့ကတော့ သူမကို အံ့ဩတကြီး ငေးကြည့်နေမိသည်။ သူမ မှတ်မိရသလောက် သူမ မူချင်း ယခုကဲ့သို့ ဗျာများနေသည်ကို တစ်ခါမျှ မတွေ့ဖူးပေ။ "မူချင်း..."
"ငါ မင်းကို ဘယ်နှခါပြောရမှာလဲ၊ မင်းရဲ့ အနာဂတ်က တောက်ပနေတယ်၊ ဒီလိုလူမျိုးတွေနဲ့ ပတ်သက်နေစရာ လိုလို့လား...!" တာ့ဖူးရန် ခြေလှမ်းတို့ကို ရုတ်တရက်ရပ်လိုက်သည်။ သူမ ပြန်လှည့်ကြည့်တော့ သူမ မျက်နှာထားမှာ တင်းမာနေသည်။ ရုတ်တရက် ညအမှောင်မှာ သွေးရောင်နီလွှမ်းလာသကဲ့သို့ သူမ ဟန်ပန်သွင်ပြင်က ရက်စက်ကြမ်းကြုတ်လာသည်။ "ငါ အစကတော့ သူ့ကို ထားထားပြီး အနာဂတ်အသုံးချစရာရှိရင် အသုံးချမလို့ပဲ၊ အခု ဒီလိုမျိုးတွေ ဖြစ်လာပြီဆိုတော့ ငါတို့ အမှားကနေ အမှန်ဖြစ်အောင် အကောင်းဆုံးကြိုးစားရတော့မှာပဲ...! ဒီကျန်းကျုံး(ကိုယ်လုပ်တော်ဖွား)ကို ဖယ်ရှားရတော့မယ်...!"