၁၈။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖုံးကွယ်ပေးကြခြင်း (Sharr, NC)
ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့လိုက်ရသော ပိုင်ကျစ်မှာ မေ့လဲကျလုမတတ် ထိတ်လန့်တုန်လှုပ်သွားရသည်။
သူမ မျှော်လင့်ထားသည်နှင့်မတူဘဲ ခဏကြာတော့ လီဝေယန်းက လီမင်တျဲကို ရေထဲမှ ဆွဲခေါ်လျက် ပြန်ပေါ်လာသည်။ လီမင်တျဲက ငယ်သေးသော်ငြား သူက ကောင်လေးတစ်ယောက်ဖြစ်သည်မို့ သူ့ကို ဆွဲခေါ်ရသည်မှာ လီဝေယန်းအတွက် ခက်ခဲလှသည်။ သူမသာ နည်းနည်းလောက် ခပ်လျော့လျော့ ဆုပ်ကိုင်ထားလိုက်လျှင် လီမင်တျဲ ရေထဲသို့ ပြန်ကျသွားပေလိမ့်မည်။ ပိုင်ကျစ် အလျင်အမြန် ပြေးကူညီလိုက်ရသည်။ နှစ်ယောက်အတူတူ သူ့ကို ရေကန်စပ်သို့ ဆွဲခေါ်လာလိုက်ကြသည်။
လီဝေယန်း သူ့ရင်ဘတ်ကို ထိလိုက်၏။ "နွေးသေးတယ်" ထို့နောက် ရေနစ်သောလူကို ကယ်ဆယ်ရန် ရွာသားများ သုံးခဲ့ကြသော သူမ မြင်ဖူးသမျှ နည်လမ်းပေါင်းစုံကို စတင်အသုံးချတော့သည်။ ပထမဦးစွာ သူ့ရင်ဘတ်ကို နှစ်ကြိမ်လောက် ဖိလိုက်ပြီးနောက် သူ့ဗိုက်ပေါ်ကို သူမဒူးနှင့် ဖိချလိုက်သည်။ ခဏကြာပြီးနောက် သတိလစ်မေ့မျောနေသော လီမင်တျဲတစ်ယောက် အသက်ပြန်ရှူလာသည်။ နှစ်ကြိမ်မျှ ချောင်းဆိုးကာ သူ့ကိုယ်ထဲများ ရေများပြန်ထွက်လာပြီး သတိပြန်လည်လာသည်။
နောက်ဆုံးတော့ သူ အသက်ပြန်ရှူလာပြီ။ လီဝေယန်း စိတ်သက်သာရာရကာ သက်ပြင်းချမိလိုက်သည်။
လီမင်တျဲ ဘေးဘီဝေ့ကြည့်လိုက်၏။ သူ့မျက်လုံးများမှာ နက်မှောင်နေသော်လည်း ကောင်းကင်ရှိ ကြယ်များကဲ့သို့ ရှင်းလင်းပြတ်သားပြီး တလက်လက်တောက်ပနေသည်။
ရှည်လျားကော့ညွတ်နေသော မျက်တောင်ဖျားပေါ်မှ ရေများက တစက်စက်ကျနေသည်။ သူ့မျက်နှာသွင်ပြင်သည် နေရောင်ခြည်ထက် ပိုစူးရှတောက်ပနေတာကို သတိထားမိလိုက်၍ လီဝေယန်း နှလုံးခုန်မြန်ကာ လန့်ဖျပ်သွားမိသည်။ ဘုရားရေ! သူက မယုံနိုင်စရာကောင်းလောက်အောင် လှရက်လိုက်တာ။ သူ့မျက်ဝန်းများက မပြုံးဘဲနေလျှင်တောင် ညှို့ဓာတ်ပါပြီး ဆွဲဆောင်မှုရှိလှသည်။ သူ့အသားအရေက ချောမွတ်နေပြီး ကြွေထည်လေးလိုပင်။ သူသာ မိန်းကလေးဖြစ်လျှင် သေချာပေါက်ကို လီချန်းလဲ့အလှနှင့်တောင် ယှဥ်နိုင်လောက်သည်။ ဒါတောင် ယခု သူက ဆယ်နှစ်သာရှိသေးသည်။
သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော သူ့မျက်ဝန်းများက တလက်လက်တောက်ပနေ၏။ နောက်တော့ သူ တစ်ခုခုပြောတော့မည့်အချိန်တွင် လီဝေယန်းမှ တားဆီးလိုက်သည်။ သူမ သူ့ပါးစပ်ကို ကာလိုက်၏။
"မအော်နဲ့! အော်ရင် အခု ဒီမှာပဲ မင်းကို ထားခဲ့လိုက်မယ်"
ပိုင်ကျစ် တုန်လှုပ်သွား၏။ ရှောင့်ကျဲ၏အသံက တစ်ခြားသူပိုင်ဆိုင်တာကို ခိုးယူရန် လမ်းမှ စောင့်ဆိုင်းနေသည့် လူဆိုးဓားပြအလား။
လီမင်တျဲက သူမကို ငေးကြည့်ရင်း ကြက်သေသေနေသည်ကို လီဝေယန်း သတိထားမိလိုက်သည်။ သူမ သူ့မျက်နှာကို လက်လှမ်းကာ ထိလိုက်၏။ ရေစိမ်ထားသာ တို့ဟူးလို နူးညံ့ဖြူဖွေးနေသည်။
"တို့က မင်းရဲ့စန်းကျဲ လီဝေယန်းပဲ" သူမ ပြောနေရင်းက မင်တျဲအတွက် ပိုင်ကျစ်၏ ရေစိုမနေသော အပေါ်ဝတ်ရုံကို ဖယ်ပေးရန် ပိုင်ကျစ်အား အရိပ်ပြလိုက်သည်။ ထို့နောက် လီမင်တျဲ၏ ရေစိုအပေါ်ဝတ်ရုံကို ချွတ်ပေးရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ့လည်ပင်းတွင် ဝတ်ဆင်ထားသော ကြိုးနီလေးနှင့် လတစ်ခြမ်းကျောက်စိမ်းဆွဲသီးက ထွက်ကျလာသည်။ လည်ဆွဲကို မကြည့်ဘဲနှင့် လီဝေယန်း သူ့လည်ပင်းတွင် ပြန်ဆင်ပေးလိုက်သည်။ နောက်တော့ သူ့ရေစိုအဝတ်များကို အတူတူစုသိမ်းလိုက်တော့သည်။
လီမင်တျဲကား တလက်လက်တောက်ပနေသော မျက်ဝန်းတစ်စုံနှင့် လီဝေယန်းကို စိုက်ကြည့်လျက် ထိုင်နေဆဲ။
လီဝေယန်း သူ့ကို စိုက်ကြည့်လိုက်၏။ တကယ့်ကိုပင် သူမ အနှီမျက်နှာကို ကြည့်လေ ပိုပိုလှလာလေ။ သို့သော်လည်း သူမ သူ့အင်္ကျီကော်လာကို ဆွဲဆန့်ပေးရင်းက ပြောလိုက်၏။
"မင့်မေမေကို သွားပြောချေ၊ တာ့ဖူးရန်က မင်းကို သတ်ချင်နေလို့ မင့်စန်းကျဲ တို့က မင်းကို ကယ်ခဲ့ရတာလို့၊ နားလည်လား"
ကြည့်ရတာ ခြိမ်းခြောက်အကျပ်ကိုင်နေသော မြင်ကွင်းလိုပင်။ ပိုင်ကျစ် မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေရင်း သူမအသံက လည်ချောင်းဝမှာတင် ဆို့ကာ စကားမပြောနိုင်ဖြစ်သွားသည်။
လီဝေယန်းက လီမင်တျဲကို မမှိတ်မသုန် ကြည့်နေလိုက်သည်။ သူမ လီမင်တျဲကို ထားပစ်ခဲ့တော့မလို့ပင်။ သို့သော် သေလုဆဲဆဲဖြစ်ခဲ့သော လီမင်တျဲက သည်အခိုက်အတန့်တွင် ထားခဲ့ခံရမည်ကို အကြောက်ဆုံးဖြစ်နေသည်။ သူ့လက်ကလေးကို ဆန့်ကာ လီဝေယန်း၏ ဂါဝန်ထောင့်စွန်း ဆွဲလျက် သူ့လက်များနှင့် သူမကို အလျင်အမြန် ဖက်တွယ်ထားလိုက်တော့သည်။
"စန်းကျဲကျဲ"
နွေးထွေးလာသောခံစားချက်က သူမကို လွှမ်းခြုံလာပြီး အားနည်းသောအသံလေးပါ ထပ်ပေါင်းလိုက်တော့ သူမ ရုတ်တရက် ကိုးယိုးကားယားနိုင်သလို ခံစားလိုက်ရသည်။ အချိန်အတော်ကြာပြီး နောက်ဆုံးမှာ သူမ လီမင်တျဲကို ပြန်ဖက်လိုက်တော့သည်။
သူက တကယ်လိမ္မာသော ကလေးပင်။ ရုတ်တရက် အရင်ဘဝက သူမသား ယုလီလေးကို သွားသတိရမိသည်။ ယုလီက သူမရှေ့မှာဆို အမြဲတမ်း သည်လိုလုပ်တတ်သည်။ သူမကို မြင်တိုင်း တစ်ဟုန်ထိုးပြေးလာကာ သူမရင်ခွင်ထဲ ပစ်ဝင်တတ်သည်။ သူမရင်ဘတ်ထဲမှ နာကျင်လာသည်။ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ သတိမထားမိခင်မှာပဲ လီမင်တျဲ၏မျက်နှာကို ဖျစ်ညှစ်မိလိုက်သည်။ လီမင်တျဲက ငယ်သေးသော်လည်း အရမ်းသိတတ်လိမ္မာသည်။ သူ ငြိမ်ငြိမ်လေး ထိုင်နေပြီး သူ့မျက်နှာ ရွဲ့စောင်းလာသည်အထိ ဒီထူးဆန်းလှသောမမအား ထိခွင့်ပေးထားလေသည်။
ပိုင်ကျစ် မျက်ခုံးတို့ တွန့်ချိုးသွား၏။ ရှောင့်ကျဲက ဒီကလေးက ဆယ်နှစ်ရှိပြီဆိုတာ မေ့များနေသလားဟု တွေးလိုက်မိသည်။ ဆိုလိုတာကတော့ သူက ရှောင့်ကျဲထက် သုံးနှစ်ပဲ ငယ်သည်။ ဒီအကြောင်းကို ေတွးမိလိုက်၍ ပိုင်ကျစ် ချောင်းခပ်ကျယ်ကျယ်ဆိုးလိုက်တော့သည်။ လီဝေယန်း တွေဝေနေရာမှ သတိကပ်လာပြီး လီမင်တျဲကို လွှတ်လိုက်သည်။
သူမ လီမင်တျဲကို သတိပေးလိုက်၏။ " ဘာမှထပ်စိုးရိမ်စရာမလိုတော့ဘူး၊ မှတ်ထားနော် နောက်တစ်နာရီအတွင်း တစ်ခြားသူတွေရှေ့မှာ ပေါ်မလာနဲ့၊ မင်း သေသွားပြီလို့ သူတို့တွေ ထင်ပါစေ၊ ဒီနေ့ဖြစ်ခဲ့တာတွေကို မင်းမေမေကလွဲပြီး ဘယ်သူ့ကိုမှ မပြောပြရဘူး"
သူမလက်သည်းတို့က သူ့လက်မောင်းထဲ စိုက်ဝင်နေပြီး သူမမျက်ဝန်းတို့က မီးတောက်ကဲ့သို့ တောက်လောက်နေကာ တစ်ခြားသူများကို ခြိမ်းခြောက်နေသကဲ့သို့ပင်။ အကြည့်စူးစူးများအောက်တွင် လီမင်တျဲ အေးစိမ့်သွားပြီး ကြက်သေသေသွားသည်။ သူ့ကိုယ်သူတောင် မသိလိုက်ဘဲ ခေါင်းညိတ်မိလိုက်လေသည်။
လီမင်တျဲသည် သူနှင့်ဆိုလျှင် ကြီးနေသော ပိုင်ကျီ၏အင်္ကျီကို တရွတ်ဆွဲလျက် ဂရုတစိုက် လမ်းလျှောက်သွားတော့သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေသောလမ်းကို ရွေးသွားသည်မှာ ဉာဏ်ရည်ထက်မြက်လွန်းလှသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း လီဝေယန်း ကျေနပ်စွာဖြင့် ခေါင်းညိတ်မိလိုက်သည်။ စောစောတုန်းက အဓိကကျသောအချိန်တွင် သူ မေ့လဲချင်ယောင်ဆောင်ခဲ့သောကြောင့် မာမားနှစ်ယောက်က သူသေပြီဟု တွေးထင်ခဲ့ခြင်းပင်။ သူက တကယ်ဉာဏ်ကောင်းသောကလေးဖြစ်သည်။
ပိုင်ကျစ် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ အော်ဟစ်မိလိုက်၏။
လီဝေယန်းလည်း သတိပြုမိသွား၏။ မြက်ခင်းထဲတွင် ကြိုးကြာဖြူအသေတစ်ကောင် ရှိနေလေသည်။ တာ့လီတွင် ကြိုးကြာဖြူများသည် ကံကောင်းစေသည့် အတိတ်နိမိတ်ဟု ယူဆနိုင်သည်။ ကြိုးကြာဖြူများမှာ ထူးထူးခြားခြား အဖိုးတန်ပြီး ရှားပါးလှသည်။ အမတ်ချုပ်ကြီးအိမ်တော်တွင်တောင် တစ်ကောင်မှ မရှိခဲ့သော်ငြား ယခု ဒီမှာ တစ်ကောင်ရှိနေသည်။ ဒါ့အပြင် သေပြီးသားဖြစ်နေသည်။ အေးစက်စက်နိုင်သော အပြုံးတစ်ပွင့်က လီဝေယန်းမျက်နှာပေါ်တွင် ပေါ်လာသည်။ ထို့နောက် သူမ ကျင်းတူးကာ ကြိုးကြာဖြူကို နက်သထက်နက်အောင် မြှုပ်ချေတော့သည်။
အားလုံးလုပ်ပြီးသွားတော့ တိုက်ခတ်လာသော လေပြင်းတစ်ချက်က ပိုင်ကျစ်အား တုန်ရီသွားစေသည်။
"ရှောင့်ကျဲ ကျွန်မတို့ အခုဘယ်လိုလုပ်ကြမလဲ"
လီဝေယန်း ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်တော့သည်။
"ပြန်သွားပြီး တို့ နေ့တိုင်း ဝတ်နေကျ အဝတ်အစားတစ်စုံ ယူလာခဲ့၊ ဂရုတစိုက်နဲ့ တစ်ခြားသူတွေ သတိမထားမိအောင် အသံမထွက်မိစေဖို့ သတိရနော်"
ပိုင်ကျစ် ခေါင်းညိတ်လိုက်၏။
ပိုင်ကျစ် တဖြည်းဖြည်း ထွက်ခွာပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လီဝေယန်းသည် ကျောက်ဆောင်တု တစ်ခုနောက်တွင် ဝင်ရောက် ပုန်းနေလိုက်လေသည်။
ငါးစာ ချထားခဲ့ပြီဖြစ်၍ မြုံးကို ဖော်ကြည့်ရမည့် အချိန်ရောက်လေပြီ။ ထိုသူများ သိပ်မကြာခင် ရောက်လာကြတော့မည်ကို သူမသိသည်။
ထိုစဉ်မှာပဲ တာ့ဖူးရန်၊ လီရှောင်းရန်တို့အပြင် ဝူရှောင့်ကျဲ လီချန်ရှီးတို့ နန်ယွမ်ကို လျှောက်လာကြလေသည်။
"လောင်ယဲ၊ ကြိုးကြာဖြူတစ်ကောင် နန်ယွမ်အနောက်က ပီပေါ်ရေကန်ကို ဦးတည်ပြီး ပျံဆင်းသွားတာ တွေ့လိုက်တယ်တဲ့၊ လောင်ယဲ သွားကြည့် ကြည့်ရအောင်" တာ့ဖူးရန်က ရယ်ရွှင်မြူးလျက် ပြောလိုက်လေသည်။
လီရှောင်းရန် ခေါင်းညိတ်လိုက်တော့သည်။ ကြိုးကြာဖြူဆိုသည်မှာ ကံကောင်းခြင်းသင်္ကေတတစ်ခု ဖြစ်လေသည်။
လီချန်ရှီးမှာလည်း ပျော်ရွှင်မြူးတူးကာ ရယ်ပြုံးနေတော့သည်။ လီဝေယန်း ကံဆိုးတော့မည်ကို တွေးမိရုံမျှဖြင့် သူမ ကြည်နူးနေမိလေပြီ။
သူတို့ နန်ယွမ်မရောက်မီ လမ်းတစ်ဝက်၌ ဟွားမေတစ်ယောက် လမ်းသွယ်လေးတစ်ခုမှ ထိတ်ထိတ်ပျာပျာ ထွက်ပြေးလာသည်ကို တွေ့လိုက်ကြလေ၏။
"နင်က စန်းကျဲရဲ့ အစေခံမဟုတ်လား၊ ဒီမှာ ဘာလာလုပ်နေတာလဲ" လီချန်ရှီး အော်မေးလိုက်လေသည်။
ဟွားမေ၏ မျက်နှာတွင် စိတ်မသက်မသာဖြစ်ခြင်းနှင့် အလျင်စလိုဖြစ်နေခြင်းတို့ တစ်စွန်းတစ်စပေါ်နေသည်။ သူမ စန်းရှောင့်ကျဲကို ဘယ်နေရာမှာမှ ရှာမတွေ့ကြောင်း တာ့ဖူးရန်ကို ပြောပြလိုက်ချင်နေသည်။ စန်းရှောင့်ကျဲက သူမထက် အလျင် နန်ယွမ်သို့ သွားခဲ့ခြင်းဖြစ်နိုင်သည်ကို ပြောပြလိုသော်လည်း လောင်ယဲ ရှိနေသောကြောင့် ဟွားမေ မပြောဝံ့တော့ပေ။
လီချန်ရှီးလည်း စိတ်မရှည်တော့ဘဲ လောလိုက်တော့သည်။ "စန်းကျဲ ဘယ်မှာလဲ၊ နင် သူ့ကို ခစားပြုစုနေရမှာလေ"
စောစောက ဟွားမေတစ်ယောက် တာ့ဖူးရန်၏ ဝန်းဆောင်သို့ အပြေးသွား၍ လီဝေယန်း နန်ယွမ်သို့သွားရန် သဘောတူသည့်အကြောင်း သတင်းပို့ခဲ့သော်လည်း သူမ ပြန်ရောက်သောအခါ၌ လီဝေယန်းကို ရှာမတွေ့တော့ချေ။ သူမ အထိတ်တလန့်ဖြစ်ကာ ပြောထွက်လိုက်တော့သည်။ "စန်းရှောင့်ကျဲက ချီယိညန် နေမကောင်းတဲ့ သတင်းကို ကြားပြီး သွားတွေ့ချင်တာတဲ့၊ နွီပိ... နွီပိ..."
လီရှောင်းရန် မျက်နှာ ညိုမည်းသွားတော့သည်။ တာ့ဖူးရန်ကိုလည်း ပြောလိုက်တော့၏။ "ဒီကလေးက စည်းကမ်းတွေ ဘာတွေ ရှိတယ်ဆိုတာကို မသိတာလား၊ သွားချင်တယ်ဆိုရင်တောင် ဖူးရန်ကို အရင်ပြောသင့်တယ်လေ"
တာ့ဖူးရန်ကတော့ ကွမ်ရင်မယ်တော်အလား မေတ္တာပြည့်ဝနေသော အပြုံးဖြင့် ဆိုလိုက်လေသည်။ "ဟင်း၊ ဒီကလေးမလေးက အဝေးမှာ အကြာကြီး နေလာခဲ့တော့ စည်းကမ်းနည်းလမ်းတွေ မသိနားမလည်တာနေမယ်၊ ကျွန်မ နားလည်ပေးနိုင်ပါတယ်လေ"
လီရှောင်းရန် အသံကျယ်ကျယ်ထွက်အောင် နှာခေါင်းရှုံ့လိုက်တော့သည်။ သူ လီဝေယန်း၏ လုပ်ရပ်အပေါ် မနှစ်မြို့။ သူမက ခိုက်တတ်သော နှစ်လပိုင်းတွင် မွေးလာရုံသာမက၊ အပြုအမူနှင့် လုပ်ရပ်တို့ကိုလည်း မစောင့်ထိန်းတတ်ပေ။ သူမမိခင်ထံ သွားရောက်တွေ့ဆုံလိုလျှင်တောင်မှ တာ့ဖူးရန်ထံမှ ခွင့်တောင်းခံသင့်လေသည်။ ဘယ်လောက်တောင် မသိတတ်လိုက်သလဲ။
လမင်းပင် ထွက်ပြူလာချေပြီ။ လမ်းပေါ်ရှိနေသော လူစုအပေါ် လရောင် ဖြာဆင်းပေးလျက်ရှိ၏။
ကြားဖြတ် နှောင့်ယှက်ခံလိုက်ရတော့ လီရှောင်းရန် စိတ်မကြည်သာတော့ပေ။ ကြိုးကြာဖြူကြည့်လိုသောစိတ်မှာလည်း စိတ်အားထက်သန်မှုမရှိတော့။ သူ ပီပေါ်ရေကန်သို့ ဖြည်းညှင်းစွာလျှောက်သွားလိုက်ပြီး လရိပ်ထင်နေသော ရေပြင်ကြည်ကို ငေးကြည့်နေလိုက်တော့သည်။ ရေကန်စပ်၌ မြက်ရိုင်းတို့ ထူထဲ ရှည်လျားစွာ ပေါက်ရောက်နေသည်သာ တွေ့ရသည်။ ကြိုးကြာဖြူ၏ အရိပ်အယောင်မျှပင်မတွေ့ရ။ သူ့မျက်နှာထားလည်း ပို၍ပင် ပျက်ယွင်းသွားရတော့၏။
"ကြိုးကြာဖြူတွေ့တယ်လို့ မင်း ပြောခဲ့တယ်မဟုတ်လား"
တာ့ဖူးရန်ပင် ဤအခြေအနေအပေါ် အံ့သြနေမိလေသည်။ သူမသည် ကြိုးကြာသေကို ဤကန်စပ်၌ ပစ်ထားပေးရန် ခိုင်းစေညွှန်ကြားထားခဲ့ပြီးဖြစ်၏။ သို့သော် ကန်စပ် မည်သည့်နေရာမှာမှ ကြိုးကြာသေကို မတွေ။ မည်သို့ပင်ဖြစ်စေကာမူ၊ သူမကတော့ စိတ်အာရုံစုစည်းလိုက်ပြီး ဟန်ကိုယ့်လိုက်လေသည်။
"ဒီနေရာက အရမ်းမှောင်နေလို့ဖြစ်ပါလိမ့်မယ်၊ ကြိုးကြာဖြူက မြက်ရိုင်းတွေကြား တစ်နေရာရာမှာ ပုန်းနေတာ ဖြစ်လောက်ပါရဲ့"
လီရှောင်းရန် အလွန် စိတ်ပျက်သွားကာ မျက်မှောင်ကြုတ်လိုက်တော့သည်။ သူ ဆက်မရှာတော့ဘဲ လှည့်ထွက်သွားရန် ဟန် ပြင်လိုက်စဉ် ရုတ်တရက်၌ စိုးရိမ်ထိတ်လန့်နေကြသော အထိန်းတော်တစ်ယောက် သူတို့ရှိရာသို့ ပြေးလာလေသည်။ သူမ နောက်တွင်တော့ လူသုံးလေးယောက်ပါလာသေးသည်။ မီးအိမ်ကိုယ်စီကို ကိုင်ဆောင်လာကြ၏။
"စန်းရှောင့်ယဲ(တတိယ သခင်လေး)၊ စန်းရှောင့်ယဲ...! ဘယ်ရောက်နေတာပါလဲ"
တာ့ဖူးရန်၏ တင်းမာတောင့်ခဲနေသော ဟန်လုပ် မျက်နှာထားလည်း ထိုသူတို့ကို မြင်လိုက်သောအခါ ပြေလျော့သွားရတော့လေသည်။ အတွင်းစိတ်မှ ကျေနပ်ဝမ်းသာမှုတို့ကို ချိုးနှိမ်ထားလိုက်ကာ မေးလိုက်တော့၏။ "မားမားက မင်တျဲရဲ့ နို့ထိန်းအမေ မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်လို့ မင်တျဲကို လိုက်ရှာနေရတာလဲ"
ကြိုးကြာဖြူ အသေကောင်ကို မမြင်မတွေ့ရတော့လည်း ဘာဖြစ်သလဲ။ အရေးကြီးသည့် ကိစ္စက မင်တျဲ ဖြစ်လေသည်။