၁၉။ ကျိန်စာသင့် ကံကြမ္မာ (Sharr, NC)
နို့ထိန်းမိခင်ကျန်းရှီသည် ဒူးထောက်လိုက်ကာ၊ "တာ့ဖူးရန်၊ နေ့လည်ခင်းတုန်းက လေကောင်းလေသန့်ရဖို့ ဥယျာဉ်ထဲကို စန်းရှောင့်ယဲ(တတိယသခင်လေး)ကို ခေါ်လာခဲ့ပေမဲ့ ရှောင်ယဲ(သခင်လေး)ကို ရှာမတွေ့တော့ဘူး၊ နေရာအတော်များများကို အကြိမ်ကြိမ်ရှာပြီးပြီ၊ ဒီတစ်နေရာကိုပဲ ရှာဖို့ကျန်တော့တာပါ"
လီရှောင်းရန်၏ မျက်ခုံးများက ပိုတွန့်ကြုတ်သွားတော့သည်။ တတိယအိမ်တော်ခွဲတွင် ရင်သွေးမျိုးဆက်မရှိ။ မွေးစားထားသော သားတစ်ယောက်သာ ရှိသည်။ တစ်ခုခုသာဖြစ်ခဲ့လျှင် ကျောက်ရှီက သည်းခံလိမ့်မည်မဟုတ်ပေ။ သူ သေချာစဉ်းစားပြီး မေးခွန်းထုတ်လိုက်သည်။ "စန်းဖူးရန်(တတိယသခင်မ) ဒီအကြောင်းကို သိလား"
နို့ထိန်းမိခင်၏ မျက်နှာမှာ ဖြူဖျော့သွားလေတော့၏။ "သခင်မ မသိသေးပါဘူး၊ သခင်မ တစ်ခုခုဖြစ်မှာ နွီပိ စိုးရိမ်တာမို့ လောင်ဖူးရန်က စန်းရှောင့်ယဲကို ခေါ်ထားတယ်လို့ပဲ ပြောထားပါတယ်"
ထိုကလေးသည် ကျောက်ရှီအတွက် မည်မျှအရေးပါသည်ကို လီရှောင်းရန် သိသည်။ ထို့ကြောင့် ချက်ချင်းပင် လူလွှတ်ကာ ရှာခိုင်းရသည်။
လီချန်ရှီး နှုတ်ခမ်းတို့ တွန့်ကွေးသွားသည်။ "မှန်တာပေါ့... သေသေချာချာရှာရမှာပေါ့၊ ဒီလောက်မှောင်တဲ့ညကြီးမှာ တစ်ယောက်ယောက်က ခြေချော်ပြီး ရေကန်ထဲကျမသွားဘူးလို့ ဘယ်သူပြောနိုင်မလဲ"
"ကိုယ့် စန်းတိ(တတိယမောင်လေး)ကို ကျိန်စာတိုက်သလိုမျိုးပြောဆိုနေတာ ဘယ်လိုအစ်မမျိုးလဲ၊ အဓိပ္ပါယ်မရှိလိုက်တာ"
"သမီး စန်းတိအကြောင်းတွေးမိပြီး စိုးရိမ်သွားလို့ ဒီလိုအဓိပ္ပါယ်မရှိတာတွေ ပြောမိတာပါ" ဟူ၍ လီချန်ရှီး မြန်မြန်ပြန်ပြောလိုက်ရသည်။
လီရှောင်းရန်ကမူ အေးစက်စွာသာ နှာခေါင်းရှုံ့မိလေသည်။
တာ့ဖူးရန်သည် ရေကန်ထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်သောအသံဖြင့် ပြောလာသည်။ "သခင်ကြီး... ရှောင်ဝူ(ပဉ္စမလေး)ပြောတာ မမှားပါဘူး၊ သူ ပြောတာလဲ ဖြစ်နိုင်တယ်၊ မနှစ်တုန်းက ကျိုးယွိရှီရဲ့ အငယ်ဆုံးသားလေးတောင် ကစားနေရင်းနဲ့ ရေထဲကျသွားတယ် မဟုတ်လား၊ ဒီမှာ လူတွေ အများကြီးရှိနေတာပဲ၊ သခင်ကြီးနဲ့ ကျွန်မ နန်ယွမ်ကို အရင်သွားနှင့်ပြီး ရလဒ်ကိုစောင့်ရင်းနဲ့ အနားယူကြတာပေါ့"
ကံမကောင်းသည့် ဖြစ်ရပ်များက ဆက်တိုက်ဖြစ်တတ်သည်ကို လီရှောင်းရန် မယုံကြည်သော်လည်း သူ့စိတ်အခြေအနေက သိပ်မကောင်းတော့ပေ။ သူ ခေါင်းညိတ်လိုက်ပြီး နန်ယွမ်ဘက်ကိုသာ ဦးတည်၍ ထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် "ရေကန်နားတစ်ဝိုက်ကို သေသေချာချာရှာကြ" ဟု တာ့ဖူးရန်က အမိန့်ပေးခဲ့လိုက်သည်။ ထို့နောက် သူမ လီချန်ရှီးဘက်ကို တစ်ချက်ကြည့်လိုက်သည်။
လီချန်ရှီး ချက်ချင်းပဲ နားလည်လိုက်ကာ၊ "အမေ... မစိုးရိမ်ပါနဲ့၊ သမီး နောက်မှာနေခဲ့ပြီး စန်းတိကို သေချာရှာလိုက်ပါ့မယ်" ဟု အာမခံလိုက်လေသည်။
တာ့ဖူးရန် ကျေနပ်သွားကာ သူမ လူတွေကို ခေါ်ပြီး နန်ယွမ်ဘက်သို့ ထွက်သွားတော့သည်။
လီချန်ရှီး တည်ငြိမ်အေးဆေးသောအမူအရာပြန်ဖြစ်သွားပြီး သူမ ခေါင်းကိုမော့လျက် မောက်မာထောင်လွှားစွာ အော်ဟစ်ပြောဆိုလေသည်။ "မင်းတို့အားလုံး... ဒီနားတစ်ဝိုက်ကို မြန်မြန်ရှာကြ"
လူအားလုံး မြက်ပင်ရိုင်းများနှင့် ရေကန်နားကို ချက်ချင်းစရှာကြတော့သည်။ လက်ဆွဲမီးအိမ်များကို သုံးပြီး အနားတစ်ဝိုက် လမ်းလျှောက်ရှာကြရင်း၊ "စန်းရှောင်ယဲ..." ဟုလည်း ထပ်ကာထပ်ကာ အော်ခေါ်ကြသော်လည်း အချိန်အတော်ကြာသည်အထိ မည်သည့် ပြန်ထူးသံမျှ မကြားရ။
ထိုအချိန်မှာပင် တစ်ယောက်က အထိတ်တလန့် အော်ဟစ်လာသည်။ "စန်းရှောင်ယဲရဲ့ ဖိနပ်တွေ..." ထိုလူသည် ရေပေါ် ပေါလောပေါ်နေသော ဖိနပ်တို့ကို ကောက်ယူလိုက်ပြီး အဖိုးတန်ရတနာလို ကိုင်လာကာ လီချန်ရှီးလက်ထဲ ထည့်ပေးလိုက်တော့သည်။
လီချန်ရှီး ခေါင်းငြိမ့်လိုက်ပြီး "အို... မဖြစ်သေးပါဘူး၊ စန်းတိက တကယ်ပဲ ရေထဲပြုတ်ကျသွားတာထင်တယ်၊ မြန်မြန်လေး ထပ်ရှာကြစမ်း" သူမခေါင်းထဲတွင်တော့ ခန္ဓာကိုယ်ကို ရေကန်ထဲပစ်ချလိုက်သည် ဟု အထိန်းတော်နှစ်ယောက်ပြောစကားကို စစ်ဆေးရန်သာ အာရုံရှိသည်။ ဒီနေရာမှာ ရှိကို ရှိရမည်။ ရုပ်အလောင်းက အချိန်မရွေး ရေပေါ် ပေါ်လာနိုင်သည်။ သေချာဂရုစိုက် ရှာဖွေကြရန် လီချန်ရှီး အမိန့်ပေးလိုက်တော့ ချက်ချင်း နာခံကြကုန်သည်။
စိတ်မရှည်ဖြစ်ရလောက်သည်အထိ အချိန်အကြာကြီး လီချန်ရှီး စောင့်နေခဲ့သည်။ သူမ ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရှုစဉ်မှာပင် ခြေချော်ကာ ရေထဲပြုတ်ကျသွားတော့၏။ သူမ ကျယ်လောင်စွာ အော်ဟစ်နေပါသော်လည်း၊ အနီးအနားကကျောက်တုံးများကို ဆွဲကိုင်ထားလိုက်သော်လည်း မလုံလောက်ဘဲ သူမ တစ်ကိုယ်လုံး နစ်မြုပ်သွားတော့လေသည်။
မြို့တော်တွင်ကြီးပြင်းလာရသော လီချန်ရှီးမှာ သခင်မလေးတစ်ယောက်ပမာ လွယ်ကူရိုးရှင်းပြီး ဇိမ်ကျသောဘဝမျိုးဖြင့် နေလာခဲ့သူဖြစ်သည်။ မည်သို့ ရေကူးရမည်ကို သူမ မသိ။ သူမ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဘေးပတ်လည်မှ ရေများကို လက်ဖြင့် ပုတ်ခတ်ရင်း ရေပေါ်ပေါ်နေစေရန် ယက်ကန်ယက်ကန်လုပ်နေရုံသာ တတ်နိုင်လေသည်။ လက်တစ်စုံက သူမ ခြေချင်းဝတ်ကို လှမ်းဆွဲထားပြီး အောက်ကို ဆွဲချနေသည့်ပမာ သူမ ခံစားနေရသည်။ သူမ စိတ်ထဲတွင်လည်း ဟာကနဲဖြစ်သွားတော့သည်။ သူမ အလန့်တကြားအော်ဟစ်မိသောအခါ အဆုတ်ထဲ ရေတွေသာဝင်လာလေသည်။ သူမ ထိတ်လန့်လာမိသည်။ ရေကန်ထဲမှ ပေါင်းပင်များကလည်း သူမကို လာငြိနေ၍ သူမ အကြောက်အကန် ပိုရုန်းကန်မိတော့သည်။ နောက်ဆုံးတွင်တော့ အသက်ရှူ မရတော့သည်အထိ ပေါင်းနွယ်ပင်တို့က သူမကို ပိုမို ရစ်ပတ်လာကြသည်။
ရေထဲတွင် ဖျော့တော့ဖြူဖွေးနေသောမျက်နှာတစ်ခုကို မြင်လိုက်သည်ဟု သူမ ထင်မိသည်။ သူမ အသေအချာ ကြည့်ရှုစစ်ဆေးဖို့ အချိန်မရခင်မှာပင် ထိုအရာက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူမ မြင်ချင်ရာတွေ မြင်နေမိတာဖြစ်မည်။ ထိုစဉ် သူမတစ်ကိုယ်လုံးမှာ အောက်သို့ ဆွဲချခံရပြန်သည်။
"မြန်မြန်ဟေ့... မြန်မြန်... ဝူရှောင်ကျဲ(ပဉ္စမသခင်မလေး)ကို အမြန်လာကယ်ကြ" ရေကန်အစပ်နားတွင် လူတိုင်းက တညီတညွတ်တည်း အော်နေကြသည်။ ခဏအတွင်းမှာပင် ကိုယ်ရံတော်တို့ရောက်လာသော်လည်း ရေထဲကို ဆင်းရန် တုံ့ဆိုင်းနေကြသည်။ အကြောင်းရင်းကတော့ ဝူရှောင်ကျဲ၏ ခန္ဓာကိုယ်မှာ မည်မျှအဖိုးတန်ကြောင်း လူတိုင်းသိနေ၍ဖြစ်သည်။ သူမအဆင့်အတန်းနှင့် မထိုက်တန်သော ယောက်ျားတစ်ယောက်က သူမကို ထိမိခဲ့လျှင် ထိုယောက်ျားသည် သေလမ်းသို့ မြန်းရမည်သာ။
ခဏအကြာတွင်တော့ ရေကူးတတ်သော နို့ထိန်းမိခင်တစ်ယောက် ရေထဲသို့ ခုန်ချသွားတော့သည်။ လီချန်ရှီးကို ရှာဖွေရင်း အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာသည်။ နောက်ဆုံးမှ ပေါင်းပင်တို့နှင့် ငြိနေသော လီချန်ရှီးကို ရှာတွေ့တော့သည်။ သူမ မြန်မြန်ရေကူးသွားလိုက်ကာ လီချန်ရှီးကို ရေကန်စပ်နားရောက်အောင် ဆွဲခေါ်လာရသည်။ လီချန်ရှီးနားကို လူတွေဝိုင်းအုံလာတော့သည်။ သူမမျက်စိသူငယ်အိမ်မှာ ကျယ်လာပြီး အဖြူရောင်ဘက်သို့ပြောင်းနေသည်။ အားလုံး ထိတ်လန့်ကုန်ကြကာ လက်ဝါးဖြင့်ဖိကာ သူမကို လှုပ်ယမ်းရတော့သည်။ မကြာမီ လီချန်ရှီး အသက်ပြန်ရှုလာသည်။
နို့ထိန်းမိခင်တစ်ယောက်က ရုတ်တရက် ထအော်လေသည်။ လီချန်ရှီး၏ မျက်နှာဘယ်ဘက်ခြမ်းတွင် ဒဏ်ရာဒဏ်ချက်နှစ်ခုကို အာရုံစိုက် သတိထားမိလိုက်၍ ဖြစ်လေသည်။ ထိုဒဏ်ရာမှာ ကျောက်တုံးအချွန်နှင့် ထိုးမိရာမှ ဖြစ်လာပုံရသည်။ ဒဏ်ရာမှာ နက်လွန်း၍ အရိုးများကိုပင် မြင်နေရပြီး သွေးများကလည်း အဆက်မပြတ် စီးကျနေသည်။
ပြဿနာအကြီးကြီးတော့ တတ်ပြီဟု လူတိုင်း နားလည်လိုက်ပြီး ခပ်ကျယ်ကျယ်အော်ပြောတော့သည်။ "မြန်မြန်... ဝူရှောင်ကျဲကို နန်ယွမ်ကို အမြန်ခေါ်သွားကြ"
လီချန်ရှီးကို နန်ယွမ်သို့ အလျင်အမြန် သယ်သွားကြသည်။ နန်ယွမ်ကို လူတိုင်း ရောက်သွားချိန်တွင်တော့ လီရှောင်းရန်က ခြံဝင်းထဲတွင် ထိုင်နေပြီး တာ့ဖူးရန် မျက်နှာတွင်မူ မူပျက်နေချေပြီကို တွေ့လိုက်ရတော့၏။ နေမကောင်းဖြစ်နေသော ချီယိညန်လည်း ရှိနေပြီး သူမက သတိကြီးစွာဖြင့် လက်ဖက်ရည်ကြမ်းတည်ခင်းဧည့်ခံနေလေသည်။
လီရှောင်းရန် နန်ယွမ်ကို ဝင်လာစဉ်က လီဝေယန်းကို ဆိုဆုံးမရန် လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း လီဝေယန်းကို နန်ယွမ်၏ မည်သည့်ချောင်မှာမှ ရှာမတွေ့။ လီချန်ရှီးကို လူအုပ်ကြီးက သယ်လာသည်ကို မြင်ရသောအခါ သူ ပိုပြီး စိတ်ပျက်သွားမိသည်။ "အခုက... ဘာဖြစ်လာကြတာလဲ"
နို့ထိန်းမိခင်က ချက်ချင်းပင် ပြန်ဖြေလာသည်။ "လောင်ယဲ(သခင်ကြီး)... ရေကန်နားမှာ ဝူရှောင်ကျဲ မတ်တပ်ရပ်နေရင်းနဲ့ ရုတ်တရက် ရေထဲကျသွားတာပါ၊ အရမ်းထူးဆန်းနေတယ်လို့ ကျွန်မတော့ ထင်တယ်"
လီရှောင်းရန် ရုတ်ခြည်း မတ်တပ်ထရပ်မိသည်။
တာ့ဖူးရန် စိုးရိမ်မှုတို့အပြည့်ဖြင့် လီချန်ရှီးအနား ရောက်သွားသည်။ သူမ လီချန်ရှီးမျက်နှာကို မြင်သောအခါတွင်မူ ထိတ်လန့်တုန်လှုပ်ကာ နောက်သို့ပင် ဆုတ်မိသည်။ "အိုင့်ယား... သနားစရာကလေးရယ်၊ သမီးမျက်နှာလှလှလေးက ဘယ်လိုဖြစ်ရတာလဲကွယ်"
လီချန်ရှီးမျက်နှာကို လီရှောင်းရန် တစ်ချက်ကြည့်လိုက်ရာ သူ့နှလုံးသားတစ်ခုလုံး အောက်ပြုတ်ကျသွားသလို ခံစားရလေသည်။ ဒဏ်ရာက မျက်နှာအလှကို ဖျက်စီးနေသည်။
"နွီပိ စန်းရှောင်ယဲ ဖိနပ်ကို ရှာတွေ့ပေမဲ့လဲ လူကိုတော့ ရှာမတွေ့ဘူး၊ နွီပိ စိုးရိမ်တာက စန်းရှောင်ယဲများ ရေထဲကျပြီး မကောင်းတာ တစ်ခုခုဖြစ်. . ."
ချီယိညန် အသက်ရှင်နေသေးသည်ကိုမြင်ရသောအခါ တာ့ဖူးရန် အံ့ဩသွားခဲ့ရသည်။ ထို့နောက်တွင်တော့ လီချန်ရှီး မျက်နှာအလှတို့ ပျက်စီးသွားသည်ကို သူမ မြင်တွေ့ရသည်။ သူမ ထိတ်လန့်တုန်လှုပ်မှုကို ဖယ်ရှားပစ်ပြီး ဝမ်းနည်းပူဆွေးသောအမူအရာတို့ဖြင့် ပြောလာသည်။ "တို့ မိသားစုလေးက အမြဲတမ်း အေးချမ်းနေခဲ့တာ"
လင်းမာမားကလည်း ဘေးမှ ထပ်ဖြည့်ဝင်ပြောလာသည်။ "စန်းရှောင်ကျဲ(တတိယမမလေး) ပြန်လာကတည်းက မကောင်းတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်လာတာ၊ မမလေးရဲ့ ကျိန်စာသင့်နေတဲ့ ကံကြမ္မာက စန်းရှောင်ယဲကို သေစေတာဖြစ်မယ်၊ အခုတော့... စန်းဖူရန်ကို ဘယ်လိုရှင်းပြရပါ့၊ စန်းရှောင်ယဲက တတိယအိမ်တော်ခွဲရဲ့ တစ်ဦးတည်းသော အမွေခံသားပါဆို"
ချီယိညန်မျက်နှာမှာ ဖြူဖျော့သွားရှာသည်။ ဤအချင်းအရာများအားလုံးက တာ့ဖူးရန်၏ ထောင်ချောက်ဖြစ်သည်ကို နောက်ဆုံးတော့ သူမနားလည်သွားချေပြီ။ တာ့ဖူးရန်၏ ထောင်ချောက်သည် ဝေယန်း၏ ကျိန်စာသင့်ကံကြမ္မာသည် မိမိ၏ သေဆုံးခြင်းနှင့် ဆက်နွယ်နေသည်ဟု ထင်ရအောင်လုပ်ခြင်းဖြစ်သည်။ ဝေယန်းက နန်ယွမ်ကို လာလည်သဖြင့် သူမကြောင့် ချီယိညန်သေရသည်ဟု ဉာဏ်ဆင်ခြင်း။ ထိုမျှမက သူမ၏ ကံကြမ္မာက တတိယအိမ်တော်ခွဲ၏ တစ်ဦးတည်းသော အမွေခံသားကိုလည်း သေစေသည်။ ဝေယန်းမှာ အပြစ်မရှိဆိုသည့်တိုင်အောင် တတိယအိမ်တော်ခွဲအတွက် တရားမျှတမှုပြန်ယူပေးရန် သခင်ကြီးက ဝေယန်းကို သေချာပေါက် အပြစ်ပေးရပေလိမ့်မည်။
'တာ့ဖူးရန်က... တကယ့်ကို ကြောက်စရာကောင်းတာပဲ'
ချီယိညန် မြေပြင်ပေါ်သို့ အမြန်ဒူးထောက်ချလိုက်ပြီး၊ "သခင်ကြီး... ဝေယန်းက ကလေးပဲ ရှိသေးတာပါ၊ ဒီကိစ္စက ဝေယန်းနဲ့ ဘာမှမဆိုင်ပါဘူး၊ ဝေယန်း..."
လင်းမာမား ချီယိညန်ကို စိုက်ကြည့်လိုက်သည်။ "ချီယိညန် ပြောတာတွေ မှားနေတယ်၊ စန်းရှောင်ကျဲက သခင်ကြီး ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ပြီး နန်ယွမ်ကို လာခဲ့တယ်၊ စန်းရှောင်ကျဲ ရောက်လာတဲ့အချိန်မှာ စန်းရှောင်ယဲ ပျောက်သွားတယ်၊ အခုလဲ ဝူရှောင်ကျဲ ဒဏ်ရာရသွားပြန်ပြီ၊ ဒါတွေအားလုံးက စန်းရှောင်ကျဲနဲ့ မဆိုင်ဘူးလို့ ချီယိညန်ဘယ်လိုပြောနိုင်ရတာလဲ"
"အဖေ... ဒီမှာ ဘာတွေဖြစ်နေကြတာလဲ" ခြံဝင်းအပြင်ဘက်မှ အသံက ထွက်ပေါ်လာသည်။ ထို့နောက် လီဝေယန်း ဖြည်းညင်းစွာ ဝင်လာလေသည်။ သူမအနောက်မှာတော့ ပိုင်ကျစ်က လိုက်ပါလာ၏။ သူမသည် အဝါရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားပြီး နွေဦးတွင် ဦးဦးဖျားဖျားပွင့်သော ပန်းနှင့် တူလှသည်။ နုပျိုလန်းဆန်းပြီး ငယ်ရွယ်လှသည်။ သူမမျက်ဝန်းကျယ်တို့က ကြည်လင်မှုတို့ဖြင့် တလက်လက်တောက်ပနေသည်။ သူမအကြည့်ထဲတွင် သိချင်စိတ်၊ စူးစမ်းစိတ်တို့အပြည့်ဖြင့် လျှောက်လှမ်းလာသည်။
လီရှောင်းရန် သတိလက်လွတ်ဖြစ်ကာ ဒေါသထွက်ရမည်ကိုပင် မေ့လျော့သွားတော့သည်။
တာ့ဖူးရန် မခံချိမခံသာဖြစ်လာသည်။ ချက်ချင်းဆိုသလို သဘောထားပြည့်ဝသော မိခင်တစ်ယောက်ပုံစံ ဟန်ဆောင်လေသည်။ "ဝေယန်း... သမီးကြောင့် စန်းဖူးရန် အလွန်ချစ်ရတဲ့သားလေး ပျောက်သွားပြီ၊ ကြည့်ရတာ သမီးကို အမေတို့ အိမ်တော်မှာ ဆက်ထားလို့မဖြစ်တော့ဘူးထင်တယ်"
လီဝေယန်း မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားကာ အလွန်အပြစ်ကင်းစင်သောပုံစံဖြင့် ကြည့်လာတော့သည်။ "အမေ... စန်းတိအကြောင်း ဘာပြောလိုက်တာလဲ၊ စန်းတိ ပန်းဥယျာဉ်ထဲမှာ ကစားနေတာကို သမီး ခုလေးတင် မြင်ခဲ့တယ်နော်"
တာ့ဖူးရန်၏ အမူအရာမှာ ရုတ်ချည်းပင် ပြောင်းလဲသွားလေတော့၏။