၁၁။ ပေါ့လျော့သော အပြစ်ဒဏ်ဖြင့် သတိပေးခြင်း (NC, SHARR)
လီရှောင်ရန်သည် သိပ်အသက်သိပ်မကြီးသေး။ သူ၏ ပိတုန်းရောင် ဆံပင်များကို ခပ်မြင့်မြင့် စည်းနှောင်ထားပြီး အဝါရောင် အရာရှိခေါင်းဆောင်းကို ဆောင်းထားသည်။ ဆံပင်များအောက်တွင်တော့ ကျယ်ပြန့်သောနဖူး၊ ထို့အောက်တွင် ထူထဲရှည်လျားသော မျက်ခုံး၊ ခက်ထန်လှသော မျက်လုံးတစ်စုံနှင့် နှုတ်ခမ်းတို့က တင်းတင်းစေ့ထား၍ တည်ကြည်လေးနက်နေဟန်ပေါ်သည်။ လီရှောင်ရန် ပေါ့ပေါ့ပါးပါး အမူအရာဖြင့်ရယ်မောနေဟန်ကို လီဝေယန်း မြင်ရခဲလှသည်။ ယုတ်စွဆုံး သူမနှင့် အတူရှိနေချိန်တွင် ရယ်မောခဲ့ခြင်းမျိုး တစ်ကြိမ်တစ်ခါမျှပင် မရှိခဲ့ချေ။
လီဝေယန်းသည် သူမ မျက်ဝန်းများထဲမှ ခံစားချက်များကို ဖုံးကွယ်ကာ ဖြည်းဖြည်းချင်း ဦးညွတ်လိုက်သည်။ လီရှောင်ရန်၏ အသံကို သူမ နောက်ဆုံးကြားခဲ့ရတာ ဘယ်နှနှစ်လောက်များ ကြာခဲ့ပြီလိမ့်။
ထိုအချိန်မှာပင် တာ့ဖူးရန်(သခင်မကြီး)ကျန်းရှီသည် စိုးရိမ်တကြီးဖြစ်နေသောအသံဖြင့် ပြောလာသည်။
"ချန်းလဲ့ ဘယ်လိုဖြစ်ရတာလဲ"
တစ်ချိန်တည်းမှာပင် လီချန်းလဲ့ကို သူမဘေးသို့ ဆွဲခေါ်လိုက်ရင်း သူမသမီးလေး တစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေသည့်အလား ခေါင်းအစ ခြေအဆုံး သေသေချာချာ စစ်ဆေးတော့သည်။ သူမမျက်ဝန်းများက စိုးရိမ်ပူပန်မှုတို့ကြောင့် ပြာယာခတ်နေသည်ကို ဖုံးကွယ်မထားနိုင်ပါချေ။
လီချန်းလဲ့၏ မျက်ဝန်းတို့သည် နီရဲနေပြီး သနားစရာကောင်းနေသော်လည်း သူမက တောင့်ခံထားဆဲပင်။ သူမသည် ကျန်းရှီ၏ ဝတ်ရုံစကို ဆွဲကာ ပြောလိုက်သည်။
"အမေ အရမ်းအေးတယ်"
ကျန်းရှီသည် သူမ၏ အပေါ်ဝတ်ရုံကို အလျင်အမြန် ချွတ်လိုက်ပြီး လီချန်းလဲ့၏ ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။ လီချန်းလဲ့၏ လက်ချောင်းများကို ဆုပ်ကိုင်ထားရင်း သူမပြောလိုက်သည်။
"အိုက်ယား သမီးရဲ့လက်တွေက အရမ်းအေးနေတာပဲ ဘယ်လိုဖြစ်ရတာလဲ"
သူမ ဘေးဘီကိုကြည့်လိုက်ရင်း သူမအကြည့်စူးစူးတို့က လီဝေယန်းအပေါ်တွင် ရပ်တန့်သွားသည်။
လီရှောင်ရန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်ဝန်းနှင့် အသံတို့ကား အေးစက်မှုတို့ဖြင့်အပြည့်။ ထိုမျက်ဝန်းတို့က အခြေအနေအားလုံးကို သိနေသလိုမျိုး စူးရှထက်မြက်ပြီး တည်ကြည်ခိုင်မာလှသည်။
"မင်းက ဝေယန်းမလား၊ အိမ်တော်ကို ပြန်ရောက်ရာက်ချင်းမှာ ဘာလို့ပြဿနာရှာနေရတာလဲ"
လီဝေယန်းကို ကြည့်နေကြသော လူတိုင်း၏ အမူအရာများက ပြောင်းလဲသွားသည်။ သူမကို တတိယသခင်မလေးဟု မမြင်ကြတော့ဘဲ မကောင်းဆိုးဝါး မိစ္ဆာမကို ကြည့်သလို ကြည့်လာကြသည်။ သူမ အိမ်တော်ကိုပြန်ရောက်ရောက်ချင်းမှာပင် သခင်ကြီး၏ မျက်နှာသာမပေးခြင်းကိုခံနေရချေပြီ။ ယခုကစပြီး ရှေ့လျှောက်နေ့ရက်တွေကို သူမ ဘယ်လိုများ အေးအေးချမ်းချမ်းနေထိုင်နိုင်ပါတော့မလဲ။
အစပိုင်းတွင် လီချန်ရှီး၏ မျက်နှာသည် တစ္ဆေတစ်ကောင်ကဲ့သို့ ဖြူလျော်နေသော်လည်း တာ့ဖူးရန်(သခင်မကြီး)က လီဝေယန်းကိုသာ ပစ်မှတ်ထားနေကြောင်း နားလည်သွားချိန်တွင် သူမစိတ်သက်သာရာရသွားသည်။ အခြားတစ်ဖက်တွင် လီချန်ရှောင်းသည် နူးညံ့သိမ်မွေ့၍ ကြင်နာတတ်သော သဘောထားရှိ၍ စကားဝင်ပြောပေးရန် ပြင်ဆင်လိုက်သော်လည်း လီချန်ရှီးသည် သူမကို ချက်ချင်း ဆွဲဆိတ်လာသည်။ သူတစ်ပါး ကံဆိုးမိုးမှောင်ကျ၍ ဝမ်းမြောက်ဝမ်းသာဖြစ်နေသော မျက်ဝန်းများဖြင့် သူမ လီဝေယန်းရှိရာသို့ ကြည့်လိုက်သည်။ ထို့နောက် လီချန်းလဲ့၏ ညစ်ပတ်ပေကျံနေသော ဝတ်စုံကို ကြည့်ကာ လီချန်ရှီးသည် လီချန်ရှောင်းအား မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ တာ့ဖူးရန်က လီဝေ့ယန်ကို သေချာပေါက်အပြစ်ပေးမည်ဖြစ်သည့်အတွက် သူမ လုပ်ဖို့လိုသည်က စောင့်ကြည့်ရန်သာ။
လီဝေယန်း စိတ်ထဲတွင် ကျိတ်ရယ်လိုက်သည်။ အရင်တုန်းက တော့ ထိုကဲ့သို့မဟုတ်ပေ။ သူတို့၏ မျက်လုံးထဲတွင် သူမသည် သူတို့ခြေထောက်အောက်မှ ညစ်ပတ်ပေကျံနေသောအရာများနှင့်ပင် မယှဥ်နိုင်ပေ။ သူတို့ကို မိသားစုအဖြစ် သဘောထားပြီး သူတို့ဆီကို မျက်ကန်းသဖွယ်ပြေးလွှားသွားခဲ့သည်မှာ ဘယ်လောက်တောင် သနားစရာကောင်းခဲ့ပါလိမ့်။ တကယ့်ကို ရယ်စရာပင်။ သူမ ယခု ထိုလူများနှင့် မျက်နှာချင်းဆိုင်နေရသော်လည်း သူမထံတွင် နာကျင်ခံစားရတာတွေ မရှိတော့ပေ။ အနိုင်ယူလိုသော စိတ်သာကျန်ရှိတော့သည်။ သူမ ယခု ဘယ်သူ့ကိုမှ ကြောက်ရွံ့ခြင်း မရှိတော့။ သူတို့ကိုယ်သူတို့ ထူးခြားသည်ဟုထင်နေကြသော ထိုကြက်ဥလို လူတစ်သိုက်က သူမလို မာကျောလှသောကျောက်သားနှင့် တွေ့ချင်နေသည်ပေါ့။ ဘယ်သူက လဲကျပျက်စီးသွားမလဲ ကြည့်ကြသေးတာပေါ့။
လီဝေယန်းသည် လီရှောင်ရန်ကို ကြည့်လိုက်သည်။ သူမမျက်နှာထက်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုကို ဆင်ရင်း ဖြည်းဖြည်းချင်း ဦးညွတ်လိုက်သည်။
"အဖေ ဝေယန်းပြန်ရောက်တဲ့ ပထမဆုံးနေ့မှာတင် တာ့ကျဲ(မမကြီး)ကို ဒုက္ခရောက်စေမိတယ်၊ သမီးတကယ်ကို တောင်းပန်ပါတယ်၊ ဒီနေ့ တာ့ကျဲက သမီးကို ကူတောင်ကူညီခဲ့သေးတာ" သူမမျက်ဝန်းတို့က ကျေးဇူးတင်သောအကြည့်တို့ဖြင့် လီချန်းလဲ့ကို ကြည့်နေသည်။
"တာ့ကျဲ(မမကြီး)က နတ်သမီးလေးလိုပဲလို့ လူတိုင်းက ပြောကြတယ်၊ သမီးက အခုလေးတင်မှ ပြန်ရောက်ပေမယ့် တာ့ကျဲရဲ့ အကြင်နာနဲ့ ဂရုစိုက်တာကို ခံရ ပြီးပြီ၊ သူများတွေပြောတာထက်တောင် ပိုပြီး တာ့ကျဲက အဆတစ်ရာလောက် ကြင်နာတတ်သေးတယ်၊ ဒါပေမယ့်..."
သူမသည် ရုတ်တရက် စကားအသွားအလာကို ပြောင်းလိုက်ပြီး အပြစ်ကင်းစင်သော မျက်လုံးများဖြင့် လီချန်းရှီကို ကြည့်လိုက်သည်။
"ဝူမေးမေး(ညီမ ၅) မင်းက တကယ်ကို မဆင်မခြင်လုပ်လိုက်တာပဲ၊ မင်းသာ မမကို ဝင်မတိုးဘူးဆိုရင် တာ့ကျဲက မမကို ကူညီဖို့ကြိုးစားရင်း ရေကန်ထဲပြုတ်ကျသွားမှာ မဟုတ်ဘူး၊ မင်း လမ်းသွားတာ ဘာလို့သေချာကြည့်ပြီး မသွားတာလဲ"
လီချန်ရှီး ထိတ်လန့်သွားတော့သည်။ အဖေနှင့် တာ့ဖူးရန်ရှေ့တွင် မည်သူမျှ စကားဝင်ပြောရဲမည်မဟုတ်ဟု တွေးထားခဲ့သည်။ သူမအံ့အားသင့်ရသည်က လီဝေယန်းက သွက်သွက်လက်လက်နှင့် လျှာစောင်းထက်လွန်းပြီး ကိုယ့်ကိုယ်ကို ကာကွယ်ရန် အရှက်မရှိ မျက်နှာပြောင်တိုက်နိုင်သည်။ ရုတ်တရက်ဆိုသလိုပင် လီချန်ရှီး၏ မျက်နှာသည် နီရဲလာပြီး ကိုယ့်ကိုယ်ကို ကာကွယ်ပြောဆိုတော့သည်။
"အဖေ အမေ၊ ချန်ရှီး အဲ့လိုမျိုးမလုပ်ရဲပါဘူး၊ လီဝေယန်းလုပ်တာ သေချာတယ်၊ မဟုတ်ဘူး စန်းကျဲကျဲ(မမ ၃)က သူ့ဘာသာသူချော်လဲသွားတာ၊ သူက တာ့ကျဲကိုပါ သူနဲ့အတူကျသွားအောင် ဆွဲချသွားတာ၊ အားလုံး သေချာမြင်လိုက်ကြတယ်"
လီချန်ရှီးကို လီဝေယန်း မကြောက်လန့်ချေ။ မွန်းလွဲပိုင်း၏ တောက်ပစူးရှသော နေရောင်ခြည်က အံ့အားသင့်မှုတို့ဖြင့် ပြည့်နေသော သူမမျက်ဝန်းတို့ကို ရောင်ပြန်ဟပ်နေသည်။
"ဝူမေး(ညီမ ၅) ဘယ်လိုလုပ် ဒီလိုမျိုးပြောနိုင်ရတာလဲ၊ အဖေ ဝေယန်းစကားတွေကို မယုံရင် တာ့ကျဲကို မေးကြည့်ပါ၊ တာ့ကျဲက ဒီနေရာမှာ သမာသမတ်အကျဆုံးသူပဲ၊ ဝူမေးနဲ့ ပိုရင်းနှီးတာနဲ့ပဲ မမကြီးက ဝူမေးဘက်လိုက်မှာ မဟုတ်ဘူး၊ ပြီးတော့ သမီးက ဒီအိမ်တော်မှာ လူသစ်လေ ဟုတ်တယ်မလား"
လီချန်းလဲ့ လန့်ဖျပ်သွားသည်။
လီဝေယန်းက သူမကို များစွာချီးမွမ်းမြှောက်ပင့်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမသာ လီချန်ရှီးကို မျက်နှာသာပေးလိုက်ပါက သူမက ဝူမေး(ညီမ ၅)ဘက်လိုက်ကာ တရားမျှတမှုမရှိသည့်ပုံပေါ်သွားချေတော့မည်။ အဖေက ယုံလျှင်တောင် သံသယဖြစ်ဖွယ်များက ကျန်ရှိနေဆဲပင်။
သေသေချာချာ ချိန်ဆစဥ်းစားကြည့်ပြီးနောက် သူမမျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုတို့က တစ်စွန်းတစ်စ ပေါ်လာပြီး လီချန်ရှီးကို ပြောလိုက်တော့သည်။
"ဟုတ်တယ် ဝူမေး မင်းက မဆင်မခြင်သိပ်လုပ်တာပဲ၊ ဘယ်လိုလုပ် ဝေယန်းကို လဲကျအောင်လုပ်ရတာလဲ၊ မမသာ စန်းမေး(ညီမ ၃)ကို လှမ်းမဆွဲထားလိုက်ရင် ဝေယန်းရဲ့နဖူးက ကျောက်ခဲနဲ့ ဆောင့်မိတော့မှာပဲ၊ စန်းမေး အလှပျက်တော့မလို့"
ဤကဲ့သို့ ဖြစ်သွားရခြင်းအပေါ် အံ့သြဖွယ်ရာ မရှိပေ။ လီဝေယန်းသည် သူမ မျက်ဝန်းထောင့်စွန်းတို့မှ လှစ်ဟလုနီးနီး အေးစက်စက်အပြုံးတို့ကို ကွယ်ဝှက်ထားလိုက်လေသည်။ သူမ လီချန်းလဲ့၏ အကျင့်စရိုက်ကို ကောင်းစွာ နားလည်သည်။ မည်သည့် အခြေအနေမျိုးတွင်ဖြစ်စေ လီချန်းလဲ့သည် ကြင်နာတတ်၍ စိတ်မနောကောင်းသည်ဟူသော ဂုဏ်ပုဒ်နှင့်အညီ ဖြစ်နေစေရန် သူမ၏ ပုံရိပ်ကို ကာကွယ်မည်သာဖြစ်လေသည်။ အကယ်၍ လီဝေယန်းက သူမကို ဆွဲချသွားပါသည်ဟုပြောလိုက်မိလျှင်မူ သူမသာ မိုက်မဲသောသူ ဖြစ်သွားပေလိမ့်မည်။ အကယ်၍ သူမကသာ လီဝေယန်းကို ကူညီကယ်ဆယ်လိုက်သည်ဟု ပြောဆိုလျှင်ကား အကြောင်းအရာသည် ခြားနားသွားပေလိမ့်မည်။ လီချန်းလဲ့နှင့် အတူတကွ ကြီးပြင်းခဲ့ရသော်လည်း စက္ကန့်ပိုင်းမျှသော အချိန်ကာလအတွင်း၌ လီချန်ရှီးသည် လီချန်းလဲ့၏ ဂုဏ်သတင်းကျော်စောမှုအတွက် ခြေနင်းခုစရာ ကျောက်တုံးတစ်တုံးထက်မပိုသော အဖြစ်သို့ ရောက်သွားရလေ၏။
ရှင်းပြသည်ကို နားထောင်ပြီးသောအခါ လီရှောင်ရန်သည် လီချန်းလဲ့အား စူးစူးစိုက်စိုက်ကြည့်နေလိုက်တော့သည်။ "ဒါ အမှန်ပဲလား"
လီချန်းလဲ့ တစ်ခဏမျှ တွန့်ဆုတ်နေမိသော်လည်း ခေါင်းကို ခပ်သွက်သွက် ညိတ်လိုက်လေသည်။ ထို့နောက် လီဝေယန်းဘက်သို့ လှည့်ကာပြောလိုက်တော့သည်။ "စန်းမေးက အခုမှ ပြန်ရောက်လာတာကို ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရတယ်လို့... အစ်မကြီးတစ်ယောက်အနေနဲ့ စန်းမေးက ဒုက္ခရောက်နေတာကို ဒီအတိုင်း ရပ်ကြည့်နေလို့ ဘယ်ဖြစ်ပါ့မလဲ"
သူမ စကားစရန် နှုတ်ဟ ဖွင့်ပြောလိုက်သည်နှင့် လီရှောင်ရန်သည် သူမကို ချက်ချင်း ယုံကြည်လိုက်တော့လေသည်။ ဤကလေးနှင့် ပတ်သက်၍ မည်သို့ပင် ဖြစ်နေစေကာမူ သူ လွန်စွာ အလိုလိုက် ယုယနေမည်ဖြစ်လေသည်။
လီရှောင်ရန်မျက်နှာပေါ်၌ တောက်ပသော အပြုံးကို မြင်ရသောအခါ လီဝေယန်း ခေါင်းငုံ့သွားပြီး မိမိမျက်ဝန်းထဲမှ အကြည့်နှင့် နှုတ်ခမ်းထောင့်မှ အေးတိအေးစက် အပြုံးတို့ကို ဖုံးကွယ်ထားလိုက်တော့သည်။ 'အဖေ... အဖေ့ရဲ့ နတ်သမီးအသွင်နဲ့ သမီးအလိမ္မာလေး လုပ်မယ့် မကောင်းမှု၊ လွဲချော်မှုတွေကို သိပ်မကြာခင် မြင်တွေ့ရတော့မှာပါ၊ စိတ်ရင်းကတစ်မျိုး အပြုအမူက တစ်မျိုး ကြောင်သူတော်ဆန်နေတဲ့ ဒီဟာမ ပြန်ပြီး ပေးဆပ်ရလိမ့်မယ်'
တာ့ဖူးရန်ကတော့ လီချန်ရှီးကို အေးစက်စွာ ကြည့်နေလိုက်သည်။
"ချန်ရှီး... တို့ မင်းကို ဘယ်လိုသင်ထားသလဲ၊ မင်းရဲ့ ကိုယ်နှုတ်အမူအရာ စောင့်ထိန်းမှုတွေက ဘာဖြစ်သွားပြီလဲ၊ မင်းရဲ့ စန်းကျဲကို ထိခိုက်ဒဏ်ရာ ရလုနီးပါးဖြစ်အောင် လုပ်ရုံမကဘူး၊ မင်းရဲ့အစ်မကြီးကိုလဲ ခြေဆုံးခေါင်းဆုံး ရေစိုနေအောင်လုပ်ပစ်တယ်၊ အခုချိန်ကစပြီး မင်း ဘိုးဘေးကန်တော့ခန်းမဆောင်မှာ သုံးရက် ဆက်တိုက်ဒူးထောက်ရမယ်၊ တို့အမိန့်မရမချင်း ပြန်ထလာဖို့ လုံးဝစိတ်မကူးနဲ့...!"
လီချန်းလဲ့၏ မျက်နှာပေါ်မှ အပြုံးမှာတော့ နွေဦးလေပြည်တမျှ နွေးထွေးလျက်ရှိနေသည်။ "အမေရယ် မေးမေးက ခေါင်းမာတယ်ဆိုတာ ငယ်သေးလို့ပါ... ပြစ်ဒဏ်က အရမ်းကြီးလေးနေရင် စန်းမေးလဲ စိတ်မကောင်းဖြစ်နေပါဦးမယ်လေ" ထို့နောက် သူမက လီဝေယန်းဘက်သို့ ပြုံးစစနှင့် လှည့်ကြည့်လိုက်လေ၏။ နေရောင်သည် သူမ၏ မျက်နှာပေါ်သို့ ခစားဖြာကျနေသောကြောင့် သူမ၏ လူဘုံလွန်မြောက်သော အလှတရားကို မီးမောင်းထိုးပြသကဲ့သို့ ရှိလေသည်။ "ဟုတ်တယ်မဟုတ်လား စန်းမေး"
လီဝေယန်း၏ အပြုံးတို့ မှိန်သွားသော်လည်း မျက်လုံးများကတော့ အလျှံတငြီးငြီး တောက်ပလျက်ရှိနေသည်။ "တာ့ကျဲ ပြောတာမှန်ပါတယ်၊ ဒီနေ့ ဖြစ်ရတာ အားလုံး ဝေယန်းအပြစ်တွေပါ၊ ကျွန်မသာ ပြန်မလာဖြစ်ခဲ့ရင် ဝူမေးမေး သိပ်စိတ်ဆိုးသွားရမှာ မဟုတ်ဘူး၊ အဲ့သလိုဆိုရင် တာ့ကျဲ အဝတ်အစားတွေလဲ ရေစိုသွားမှာ မဟုတ်တော့ဘူး၊ ဝူမေးမေး မမကို စိတ်မဆိုးပါနဲ့တော့နော်" ပြောပြောဆိုဆိုနှင့် သူမသည် ငြိမ်းချမ်းရေးယူလိုသည့် သဘောဖြင့် လီချန်ရှီး၏ လက်တို့ကို သွားရောက် ဆုပ်ကိုင်လိုက်လေသည်။
လီချန်ရှီးမှာ ဒေါသထွက်သွားပြီး လီဝေယန်း လက်တို့ကို ပုတ်ထုတ်လိုက်လေသည်။ လီဝေယန်းလည်း ကြောက်လန့်တကြား ဖြစ်သွားဟန်နှင့် နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားလိုက်မိလေသည်။
လီချန်းလဲ့၏ လှပသောမျက်လုံးကလေးများ ချက်ချင်း ညိုမှုန်ကုတ်သွားတော့လေသည်။ ရိုးရိုးသံကို သံမဏိအဖြစ် မပြောင်းလဲနိုင်၍ အားမရ။ လီချန်ရှီးသည် သူမ ဖြစ်စေချင်သော ပုံစံအတိုင်းမတုံ့ပြန်ပေ။ သူမ မိခင်သည် သူမ၏ ဖြန်ဖြေချက်ကို နားထောင်ပြီး အပြစ်ဒဏ်ကို ကျေပေးလိုက်မည့်ဆဲဆဲဖြစ်သည်။ သို့သော် ယခု အခြေအနေအရ မဖြစ်နိုင်တော့ပေ. . .
လီချန်ရှီးသည် ဒေါသအလျောက်သာ ထိုသို့ပြုမူလိုက်သည်ဖြစ်သော်လည်း ချက်ချင်းပင် သူမ အမှားကြီး မှားမိသည်ဖြစ်ကြောင်း နားလည်သွားကာ သွေးပျက်ကြောက်လန့်နေမိတော့လေသည်။
ထင်ထားသည့်အတိုင်း လီရှောင်ရန် များစွာ စိတ်ဆိုး ဒေါသထွက်သွားတော့လေသည်။ "မင်းဟာ လုံးဝကို ယဉ်ကျေးမှုမရှိဘူး...! ကိုယ့်ကိုယ်ကိုယ်လဲ ပြန်ကြည့်ဦး...! သုံးရက်တည်းလား၊ မင်းတစ်လတိတိ အပိတ်ခံထားရမယ်၊ ပြီးရင် အပြင်မထွက်ရသေးတဲ့ အချိန်အတွင်း အမျိုးသမီးကျင့်ဝတ် ကျမ်းစာအုပ်ကို အကြိမ်တစ်ရာတိတိ ကူးရေးရမယ်...!" ထို့နောက် လီရှောင်ရန်သည် နောက်ကို တစ်ချက်ကလေးမျှ ပြန်လှည့်မကြည့်ဘဲ ထွက်သွားတော့လေ၏။
တာ့ဖူးရန်သည်လည်း အလွန်အမင်း ထိတ်လန့်စွာဖြင့် လီရှောင်ရန်နောက်သို့ ပြေးလိုက်သွားခဲ့သည်။ "လောင်ရဲ (သခင်ကြီး) လောင်ရဲ... စိတ်မဆိုးပါနဲ့..."
သူတို့နှစ်ဦး ထွက်ခွာသွားပြီးသည်နှင့် လီချန်ရှီးမျက်နှာမှာ ဒေါသကြောင့် နီရဲလာတော့လေသည်။ "လီဝေယန်း... နင် တော်တော် ရွံစရာကောင်းနေတာပဲ...!"
'ရွံစရာတဲ့လား၊ မင်းဘက်ကသာ ငါ့ကို အရင် ရန်မစခဲ့ရင် ဒီလိုကိစ္စမျိုးဖြစ်လာစရာ အကြောင်းကိုမရှိတာ' လီဝေယန်း နေရာတွင်သာ ဆက်ရပ်နေလိုက်သည်။
လီချန်ရှီးကိုတော့ လီချန်ရှောင်းက ဆွဲထားရလေသည်။ "တော်လောက်ပြီလေ၊ မင်း ငါတို့ကို ထိတ်လန့်အောင်လုပ်တာ မလုံလောက်သေးဘူးလား"
လီဝေယန်း ပြုံးလိုက်ပါ၏။ သူမ၏ မျက်ဝန်းများတွင်တော့ အမှောင်ထုက ဖုံးလွှမ်းထားသယောင်ဖြစ်နေရာ လီချန်ရှီး နောက်ကျောထဲသို့ အေးစက် ချွန်ထက်သော ဓါးတစ်လက်ဖြင့် ထိုးစိုက်ခံလိုက်ရသည့်အလား ခံစားမိလိုက်ရလေသည်။ သို့သော်လည်း ထိုခံစားချက်က စက္ကန့်ပိုင်းမျှသာ ခံသည်။ လျှပ်တစ်ပြတ်စာ အချိန်အတွင်းမှာပင် လီဝေယန်း၏ မျက်ဝန်းများက ပြန်လည်ကြည်လင် ရိုးသားဖြူစင်သွားပြန်သည်။ အခြားမည်သည့်ခံစားချက်ကိုမှ ရှာမတွေ့နိုင်တော့။
"ဝူမေးမေး၊ တော်လောက်ပြီ၊ သောင်းကြမ်းမနေနဲ့တော့..." လီချန်းလဲ့က စိတ်ဆိုးမာန်ဆိုးဖြင့် ဆူပြောလိုက်ရင်း ဖြည်းညှင်းစွာ ရှေ့ဆက်သွားလိုက်တော့သည်။
လီချန်ရှီးမှာ ဝေယန်းကိုသာ မကျေမနပ် မကြည်မသာ စိုက်ကြည့်နေရုံ တတ်နိုင်တော့သည်။ မည်သို့ပင်ဖြစ်စေ၊ သူမ ထပ်မံ၍ အသံမထွက်ဝံ့တော့ပေ။
"အခုက စလို့ တို့ ညီအစ်မတတွေ တစ်ယောက်နဲ့ တစ်ယောက် အငြင်းအခုန် မလုပ်ကြနဲ့တော့၊ ရန်ဖြစ်နေကြမဲ့ အစား အချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်း သင့်သင့်မြတ်မြတ်နေကြရမယ်နော်" လီချန်းလဲ့၏ မျက်နှာမှာ ကျက်သရေရှိ၊ ကြော့ရှင်းနေသည်။ ကြည်လင်သော ကျောက်သလင်းအလား တောက်ပကြည်စင်လျက်လည်း ရှိနေ၏။
"ဟုတ်ကဲ့ တာ့ကျဲ" လီဝေယန်းသည် လေသံလေးဖြင့် တီးတိုးဆိုဘိသည့်အလား နူးညံ့စွာ နာခံလိုက်လေသည်။
လီဝေယန်း၏ တည်ကြည် ရှင်းသန့်နေသော အပြုံးကို မြင်လိုက်ရသောအခါ၊ ဘာကြောင့်ရယ်မသိ၊ လီချန်းလဲ့ စိတ်ထဲ တိမ်မည်းများ ဖုံးအုပ်သွားသည်အလား ခံစားလိုက်ရတော့လေ၏။