၉။ ပန်းများဝေလျက် (Nc)
လော့မားမားက ဟယ်ရှန်းယွမ်သို့ ခြုံထည်အား ပြန်ယူလာခဲ့သည်။ ထို့နောက် အစေခံများအားလုံးအား ဆုတ်ခွာစေလိုက်၏။ ထို့နောက်တွင် သူမက မုန်းရှီအား ပြောလိုက်လေသည်။ "လောင်ဖူးရန်... ကျွန်မ သခင်မကို ပြောစရာရှိတယ်"
မုန်းရှီသည် လော့မားမားမျက်နှာထက်မှ တင်းမာနေသော မျက်နှာထားအား သတိထားမိလေသည်။ "ဘာတဲ့လဲ"
လော့မားမားက ဖြစ်ပျက်ခဲ့သမျှအား ပြန်ပြောပြလိုက်သည်။ "ဒါတွေဟာ ကျွန်မနဲ့ မဆိုင်တဲ့ ကိစ္စတွေဆိုပေမဲ့ တတိယသခင်မလေးက သိပ်သနားဖို့ကောင်းတယ်၊ သူ ဘာမှမသိဘဲ ခြုံထည်ကို ရတနာလို့တောင် သဘောထားနေရှာတာ၊ အင်းပေါ့လေ... သူက ကလေးပဲရှိသေးတာ သူများကို ဘယ်လို သတိထားရမလဲဆိုတာ ဘယ်သိဦးမှာလဲ"
လော့မားမားပြောသည်ကို နားထောင်ရင်း မုန်းရှီလည်း သံသယဝင်လာကာ ခြုံထည်အား ယူလိုက်သည်။ ခြုံထည်အား နှစ်ခါမျှ ပွတ်သပ်ကြည့်ပြီးသောအခါ ထူးခြားသည်ကို စမ်းမိလေသည်။ သူမ ချက်ချင်း ငုံ့ကာ ဖွေရှာတော့သည်။ "ဟင်... ဒါက ဘာလဲ"
နူးညံ့နွေးအိသော သတိုးမြွေပါသားမွှေးအောက်၌ အရေပြားထဲသို့ စူးဝင်နစ်စေသော နေရာကလေးများရှိနေလေသည်။ အနီးကပ်ကြည့်လိုက်တော့မှ သားမွှေးများအကြား မြောက်မြားစွာသော အပ်သေးကလေးများအား တွေ့လိုက်တော့သည်။ အပ်များမှာ လွန်စွာသေးမျှင်လှသည်။ သေချာသတိထားပြီး မကြည့်မိပါက သားမွှေးများနှင့် မခွဲခြားနိုင်လောက်ပေ။ "ခြုံထည်ထဲမှာ ဒါတွေ ဘယ်လိုပါနေရတာလဲ" မုန်းရှီ မျက်မှောင်ကျုတ်မိတော့သည်။
"တတိယသခင်မလေးက တကယ်တမ်း... မိန်းမငယ်လေးတစ်ယောက်ဆိုတော့ သူ ဒီအကြောင်းတွေကို သိနားလည်မှာ မဟုတ်ဘူး၊ အပ်တွေကလဲ သေးလွန်းတော့ အလွယ်တကူ မမြင်နိုင်ဘူးလေ... သားမွှေးတွေကလဲ ဖုံးထားသေးတယ်၊ ဝတ်တဲ့လူက ဘယ်သတိထားမိမလဲ၊ ဒါပေမဲ့... လှုပ်ရှားလိုက်တာနဲ့ အပ်တွေက အသားကို ထိုးမိတော့မှာပဲလေ"
"ကျွန်တွေ ယုတ်မာလိုက်တာ... ဒါမျိုးကို ဘယ်လို အတင့်ရဲပြီး လုပ်ရဲရတာလဲ" မုန်းရှီ ဒေါသတကြီး အော်လိုက်တော့၏။
သူမရှေ့၌ လီဝေယန်းကြီးပြင်းလာသည်မဟုတ်သော်လည်း ဝေယန်းမှာ သူမ၏ မြေးရင်းဖြစ်သည်။ ထို့ပြင် သူမက သိမ်မွေ့၍ လိမ္မာရေးခြားရှိသူလေးလည်း ဖြစ်သေးသည်။ သူမ ယခုမှ အိမ်တော်ပြန်လာရုံရှိသေး၊ မည်သူက အကွက်ဆင်လုပ်ကြံရဲသည်မသိ။ မုန်းရှီခေတ္တမျှ တွေးနေမိသည်။ တာ့ဖူးရန် ကျန်းရှီမှလွဲ၍ မည်သူမျှ ဤသို့ လုပ်ဝံ့မည် မဟုတ်ချေ။
မုန်းရှီ မျက်နှာထား ညိုမှောင်သွားတော့သည်။ "ဒီခြုံထည်ကို ကျုပ်ရှေ့မှာတင် ပေးသွားတာ... သူက ကျုပ်ကို ပြဿနာရှာနေတာလား"
လော့မားမားတစ်ယောက် မုန်းရှီဒေါသထွက်သည်ကို တွေ့ရအလွန်ခဲယဉ်းသည်။ သူမ အမြန်ခေါင်းငုံ့ထားလိုက်သည်။ "လောင်ဖူးရန်... ဒါ တာ့ဖူးရန်လုပ်တာလဲ ဟုတ်ချင်မှ ဟုတ်မှာပါ၊ တာ့ဖူးရန် တတိယသခင်မလေးကို ဆက်ဆံပုံကလဲ ကြင်ကြင်နာနာနဲ့. . . . ."
"ဘာ ကြင်ကြင်နာနာလဲ... အဲ့ကလေးက သူမွေးထားတာမှ မဟုတ်တာ၊ ကြင်နာတာတွေ ဘာတွေ ဘယ်ရှိမလဲ... သူက မြင့်မြတ်တဲ့မျိုးနွယ်ကဆိုပြီး ဘာလိုကျင့်ကြံနေထိုင်သင့်တယ်ဆိုတာကို နားလည်တယ်လို့ ကျုပ်ထင်နေခဲ့တာ၊ သူများတကာတွေလို အောက်တန်းမကျလောက်ဘူးလို့ ထင်ထားခဲ့တာ၊ သူလဲ ဘာထူးလဲ အတူတူ အနူနူတွေချည်းပဲ၊ ကျုပ်တို့ အိမ်က ကိုယ်လုပ်တော်ဖွား သမီးတွေကို နှိမ်တယ် အနိုင်ကျင့်တယ်လို့ သတင်းထွက်လို့ မဖြစ်ပေဘူး၊ လော့မားမား... တတိယသခင်မလေးဆီကို မော့ကျူကို ခေါ်သွားလိုက်"
"ဟုတ်ကဲ့..." လော့မားမား ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ လောင်ဖူးရန်မှာ အိမ်တော်၏ အတွင်းရေးတွင် လိုက်ပါ စွက်ဖက်လေ့ရှိသူ မဟုတ်သော်လည်း အပြင်ပန်းက အေးဆေးတည်ငြိမ်ဟန်ရှိပြီး အတွင်းစိတ်ဆတ်သူ ဖြစ်သည်။ သူမ လက်မခံနိုင်သောအရာများ ရှိပါက တစ်ခုခု အရေးယူလိုက်ရမှ ကျေနပ်တတ်သူဖြစ်သည်။ အပ်သေးသေးကလေးများသာ ဖြစ်သော် ထိုအပ်ကလေးများအား ဖယ်လိုက်လျှင် ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားမည်။ သို့သော် လောင်ဖူးရန် စိုးရိမ်သည်မှာ တာ့ဖူးရန် ထပ်မံ ပြဿနာရှာသဖြင့် သတင်းများ ပြန့်ကုန်မည်ကို ဖြစ်သည်။ ထိုသို့ သတင်းများထွက်ကုန်ပါက လီမျိုးနွယ်အဆက်ဆက်၏ ဂုဏ်သိက္ခာပင် ထိပါးကုန်မည် မဟုတ်ပါလော။ ဤတစ်ကြိမ်တွင်တော့ တတိယသခင်မလေး ကံကောင်းထောက်မလှစွာ၊ သူမ နံဘေး၌ လောင်ဖူးရန်၏ လူယုံတော်များ စောင့်ရှောက်ပေးနေတော့မည်။ တာ့ဖူးရန် ဝေယန်းအား အနိုင်ကျင့်လိုပါက နှစ်ခါပြန်တွေးဖို့ လိုအပ်လာပေမည်။
မုန်းရှီက ခေတ္တမျှ တွေးတောဆင်ခြင်နေလိုက်ပြီးမှ ဆိုလာသည်။ "နင် ခြုံထည်ကို ဒီကိုယူလာမှတော့ ပြန်မပေးခင် အပ်တွေ အကုန်ဖယ်ပေးလိုက်ပါ၊ ဒါပေမယ့် ဒီအကြောင်းတွေ တတိယသခင်မလေးကိုတော့ မပြောပြနဲ့ပေါ့"
"ဟုတ်ကဲ့... ကျွန်မ နားလည်ပါပြီ" လော့မားမားက ဆိုသည်။
ထိုအချိန်၌ လီဝေယန်းမှာမူ ပန်းဥယျာဉ်ဘက်သို့ သွားနေစဉ်ဖြစ်သည်။ အိမ်စေတစ်ဦးက သူတို့အား လမ်းညွှန်ခေါ်ဆောင်လာသည်။ လမ်းတစ်လျှောက်လုံး လီဝေယန်း စိတ်မတည်ငြိမ်နိုင်ဖြစ်နေခဲ့သည်။ ထိုအပ်ချောင်းကလေးများ၏ သက်ရောက်မှုက အကျိုးရှိမည် မရှိမည်ကို သူမ မသေချာ။ အမှန်ဆိုလျှင်၊ ထိုအပ်ကလေးများမှာ တာ့ဖူးရန်၏ လက်ချက် မဟုတ်။ တာ့ဖူးရန်က သူမကိုယ်တိုင်အပေါ်မည်သို့ တန်ပြန်သက်ရောက်မည်ကို မစဉ်းစားဘဲ လှုပ်ရှားလေ့ရှိသူ မဟုတ်။ ထိုအပ်များမှာ လီဝေယန်း အကြံအစည်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်လေသည်။ မည်သူမျှ ကြည့်မနေစဉ် အလစ်၌ ထိုအပ်များအား ထိုးစိုက်ခဲ့သည်။ ဤအခွင့်အရေးကို အသုံးချပြီး တာ့ဖူးရန်မှာ မျက်နှာနှစ်ဖက်နှင့် ဟန်ဆောင်မာယာများတတ်သူ ဖြစ်ကြောင်း မုန်းရှီအား သိစေလို၍ ဖြစ်သည်။
ထိုစဉ် မျက်နှာချင်းဆိုင် စာကြည့်ဆောင်ထံမှ အသံတစ်သံပျံ့လွင့်လာသည်။ တစ်စုံတစ်ယောက် ကဗျာရွတ်ဆိုနေသော အသံဖြစ်သည်။ အသံသာသာက နားဝင်ချိုအေးလှသည်။ လီဝေယန်း လန့်သွားမိသည်။
"တတိယမမလေး... အဲ့ဒါ ပထမမမလေး တခြားမမလေးတွေနဲ့ ကဗျာ ရွတ်ဆိုနေတာပါ" ဟွားမေက ရှင်းပြသည်။
လီဝေယန်း သူမအား ဆိတ်ဆိတ်နေ၍သာ ကြည့်နေသည်။
ဝေယန်းနားထောင်နေပြီဟု ယူဆကာ ဟွားမေက ဆက်ပြောသည်။ "ကျွန်မတို့ရဲ့ တာ့ရှောင့်ကျဲ(ပထမမမလေး)က ကောင်းကင်ဘုံက ကျလာတဲ့ နတ်မိမယ်လေးလိုပဲ... သူက စိတ်နှလုံး ကြင်နာပျော့ပျောင်းရုံသာမကဘူး၊ အတတ်ပညာကလဲ ကြွယ်သေးတယ်၊ သူ မတတ်တာ ဘာမှ မရှိဘူး... အရင်က တခြား မမလေးတွေလဲ စာမဖတ် ကဗျာမရွတ်ကြဘူး... ဒါပေမဲ့ တာ့ရှောင့်ကျဲက သခင်ကြီးဆီသွားပြီး မိန်းကလေးတွေလဲ ပညာတတ်သင့်တယ်ဆိုပြီး တောင်းဆိုခဲ့တယ်၊ အဲ့ဒါနဲ့ပဲ သခင်ကြီးက ယွမ်တောင်ထိသွားပြီး နာမည်ကျော်ဆရာမတစ်ပါးကို ကိုယ်တိုင်သွားဖိတ်ပေးခဲ့တာ... တာ့လီမှာ ဒီလိုမျိုး အလေးပေးခံရတာ တာ့ရှောင့်ကျဲတစ်ယောက်ပဲ ရှိတယ်နဲ့ တူပါရဲ့"
လီဝေယန်း၏ လက်ရမ်းပေါ်တင်ထားသော လက်က ထိုလက်ရမ်းအား တိတ်တဆိတ် တင်းကြပ်စွာ ကုတ်ထားလိုက်မိသည်။ ကြည်သာသောအပြုံးတစ်ခု သူမ မျက်နှာပေါ်၌ ပေါ်လွင်လာသည်။ "အဲ့သလိုလား၊ တာ့ကျဲ(မမကြီး) က အတော် တော်တာပဲ"
ရုတ်တရက် မိန်းကလေးတစ်ဦး တခစ်ခစ်ရယ်သံ အဝေးတစ်နေရာမှ ထွက်ပေါ်လာသည်။ "နင်က ဘယ်သူလဲ... ငါ ဘာလို့ နင့်ကို အရင်က မမြင်ဖူးတာလဲ"
လီဝေယန်း လှည့်ကြည့်လိုက်သောအခါ လှပစွာ ဝတ်ဆင်ထားသော မိန်းကလေးနှစ်ဦး စာကြည့်ဆောင်ဘက်မှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့ထဲမှ တစ်ယောက်က သူမအား လက်ညိုးထိုး၍ ထိုမေးခွန်းကို မေးလေသည်။ သူမ သူတို့နှင့် စောစောစီးစီး မဆုံတွေ့လိုသေး။ သို့သော် သူတို့ကတော့ သူမ ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလိုပုံရသည်။ သူမ ပြုံးလိုက်သည်။ ဖြစ်နိုင်သည်က အတိတ်တစ်ပတ်ပြန်လည်ခြင်း။
"တတိယမမလေး... အခု စကားပြောလိုက်တာက ပဉ္စမမမလေးပါ၊ သူ့ဘေးနားမှာ ရပ်နေတာက စတုတ္ထမမလေးပါ" ဟွားမေက သတိပေးလိုက်သည်။
မျက်တစ်မှိတ်အတွင်း ဝူရှောင့်ကျဲ(ပဉ္စမမမလေး) လီချန်ရှီး သူမ ရှေ့တည့်တည့်သို့ ရောက်လာသည်။ ချန်ရှီးက အပေါ်ရုံလက်တို အပြာဖျော့ဖျော့ဂါဝန်ကို ဝတ်ဆင်ထားသည်။ သူမ ဆံထက်၌ အနုစိတ်ထိုးထွင်းထားသော ဆံထိုးတစ်ခုရှိနေပြီး သူမ လည်တိုင်၌ ကျောက်ရောင်စုံ စီခြယ်ထားသော ရွှေလည်ဆွဲရှိနေလေသည်။ သူမ မျက်နှာမှာ ဘဲဥသဏ္ဍာန် သွယ်လျ၍ မျက်လုံး ထောင့်စွန်းများ အနည်းငယ် ချွန်းထွက်နေသည်။ မျက်ခုံးများ အလယ်၌ အစက်တစ်ခု ချကာ အလှဆင်ထားသည်။ သူမ ပါးပြင်နှစ်ဖက်က နှင်းဆီရောင်သန်း၍ သူမ ရယ်လိုက်သောအခါ ဟထားသော နှုတ်ခမ်းနှစ်လွှာက ပုလဲသွယ်သွားတန်းတို့အား လှစ်ဟာ ပြလာလေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် သူမအား မုန်းရက်စရာပင် မရှိ။
ဝူရှောင့်ကျဲနံဘေးတွင်တော့ ရုပ်ရည်ဆင်တူသော မိန်းကလေးတစ်ဦးရှိနေသည်။ သူမကတော့ ပန်းသွေးနီရောင် ဝတ်ဆင်ထားသည်။ သူမ မျက်နှာသွင်ပြင်မှာ လီချန်ရှီးနှင့် ဆင်တူသော်လည်း သူမက ပို၍ နူးညံ့ကြည်သာဟန် ပေါ်သည်။ သူမကတော့ စစ်ရှောင့်ကျဲ(စတုတ္ထမမလေး) လီချန်ရှောင်းပင်ဖြစ်သည်။
"ညီမ(၄)... ညီမ(၅)" လီဝေယန်းက ပြုံးလိုက်သည်။ အပြစ်ကင်းစင်၍ ရှက်ရွှံ့နေဟန်ဆောင်ထားလိုက်သည်။ မွန်းလွဲနေရောင်ခြည်က သူမမျက်နှာပေါ်ကျရောက်ကာ သူမအလှအား ပို၍ လင်းဖြာနေစေသည်။
စတုတ္ထမမလေး လီချန်ရှောင်းက ခေါင်းညိတ်ကာ လီဝေ့ယန်အား ပျူငှာစွာပြုံးပြလိုက်သည်။ သို့သော် လီချန်ရှီးကမူ လှောင်ရယ်ရယ်ကာ လွန်စွာထောင်လွှားမောက်မာနေလေသည်။ "နင်က ခုမှ ပြန်ရောက်တယ်ရှိသေး၊ ငါတို့ကို ညီမ ညီမနဲ့... ဘယ်သူက ငါတို့ကို ဒီလိုခေါ်လို့ရတယ်လို့ ပြောလို့လဲ"
လီဝေယန်းက မျက်လုံးကလေး ပေကလပ် ပေကလပ်နှင့် ဆိုသည်။ "တို့ မင်းကို ညီမလို့ ခေါ်လို့မရဘူးလား... ဒါဆို တို့က မင်းကို မမလို့ ခေါ်ရမှာလား"
လီချန်ရှီး ရုတ်တရက် ကြောင်သွားမိလေသည်။ သူမ လီဝေယန်းအား ခေါင်းအစခြေအဆုံးပြန်ကြည့်လိုက်ရင်း သူမ မျက်ခုံးတို့ စုတွန့်သွားတော့သည်။ ဝေယန်းမှာ ချောမောလှပသည်ဟူ၍ သတ်မှတ်နိုင်ကြောင်း သူမ သတိထားမိလိုက်သည်။ သူမ၏ အသားအရေက နုလှ၍ ကြွေသားကဲ့သို့ ဖြူဥနေသည်။ မှင်ရည်ကဲ့သို့ မည်းနက်နေသော ကေသာနှင့် ကော့ညွတ်နေသော မျက်ခုံးတို့အား ပိုင်ဆိုင်ထားသည်။ ချန်ရှီး၏ စိတ်ကူးထဲမှ ရွက်ကြမ်းရေကျို ကျေးတောသူမပုံနှင့် လားလားမှ မသက်ဆိုင်ပေ။ သူမ ရုတ်တရက် မကျေမနပ်ဖြစ်လာတော့သည်။ "နင် စကားနောက်ကွယ်က ဘာအဓိပ္ပါယ်လဲ... နင် ပြဿနာရှာချင်နေတာလား"
နင်ကမှ ပြဿနာရှာနေတာ...! လီဝေယန်း၏ နက်ရှိုင်းစူးရှသော မျက်ဝန်းများတွင် အေးစက်မှုအရိပ်အယောင် တစ်ချက်လက်သွားသည်။ သို့သော် ပေါ်လာခဲ့စဉ်ကနည်းတူ မြန်မြန်ပင် ပျောက်ကွယ်သွားခဲ့သဖြင့် မည်သူမျှ သတိမထားမိလိုက်ချေ။ အပေါ်ယံတွင်တော့ သူမ ဆက်ပြုံးနေသည်။ "ညီမ(၅)... မမ ဖေဖေ့ကို ဂါဝရပြု နှုတ်ဆက်ရဦးမယ်၊ တို့လမ်းကို ပိတ်မနေပါနဲ့တော့"
လီချန်ရှီးက လီဝေယန်း သတ္တိကြောင်နေသည်ဟု ထင်သည်။ သူမ ပို၍ ဒေါသထွက်လာတော့သည်။ "နှစ်လပိုင်းမှာ မွေးတဲ့ ကံဆိုးမ၊ နင်ကများ ငါ့ကို ပြန်ပြောရဲတယ်ပေါ့လေ"
စတုတ္ထသခင်မလေး၊ ပဉ္စမသခင်မလေး၊ သူတို့နှစ်ယောက်စလုံးမှာ လီဝေယန်းကဲ့သို့ပင်။ ကိုယ်လုပ်တော်များ၏ သမီးများသာဖြစ်သည်။ ယခင်ဘဝကတော့ လီချန်ရှီး သူမအား အမြဲတမ်းအနိုင်ကျင့်သည်ကို လီဝေယန်း နားမလည်ခဲ့။ အထူးသဖြင့် သူမက လီချန်ရှီးအပေါ်အပြစ်မပြုမိပါဘဲနှင့်ဖြစ်သည်။ သို့သော် ယခုတော့ သူမ အကြောင်းရင်းအား သိနားလည်ခဲ့ရလေပြီ။ ဘဝ၌ ပြဿနာရှာရသည်ကို နှစ်ခြိုက်သော လူစားက ရှိနေတတ်စမြဲဖြစ်သည်။ တည်ငြိမ်ငြိမ်းချမ်းနေပါလျက် သူတို့ နှောင့်ယှက်ဖျက်ဆီးမည်။ ထို့ပြင်၊ သူမက ယခုမှ ပြန်ရောက်လာသူလည်း ဖြစ်သည်။ သူတို့ သူမအား ယခုကတည်းက အနိုင်ကျင့်၍ မချိုးနှိမ်ထားပါလျင် နောင်ဆို သူတို့ ပြုချင်သလိုပြု၍ ရနိုင်ပေဦးမည်လား။
လီဝေယန်း မျက်နှာပြင်၌ ဒေါသအရိပ်ယောင် တစိုးတစမျှပင် စွန်းထင် မသွား။ တည်ငြိမ်သော အပြုံးတစ်ပွင့်က ရှိနေဆဲ။ "မှန်တယ်လေ၊ တို့ကို နှစ်လပိုင်းမှာ မွေးခဲ့တာပဲ... ညီမ(၅)၊ တို့မွေးနေ့အပေါ် ညီမက ဘယ်လို အမြင်မျိုးရှိပါသေးလဲ"
လီဝေယန်း စိတ်မကောင်းဖြစ်မသွားသည်ကို တွေ့ရလျှင်၊ လီချန်ရှီးမှာ ပို၍ ဒေါသပုန်ထလာရသည်။ သူမ တစ်ခုခုပြောရန် ကြံရွယ်လိုက်စဉ်၊ ရုတ်တရက် သာယာချိုအေးသော အသံသာတစ်ခု ပေါ်ထွက်လာသည်။ "ချန်ရှီး... ညီမ(၃)က ခုမှ ပြန်ရောက်တာကို မင်းက ဘာလို့ ရိုင်းပြနေရတာလဲ"
ဤအသံကို ကြားသောအခါ လီဝေယန်းကျောမှ စိမ့်၍ ချမ်းသွားမိလေသည်။ ဤအသံ။ နှစ်ရာပေါင်းများစွာ ကျော်လွန်သွားသော်မှ သူမ ဘယ်သောအခါမျှ မေ့ရနိုင်မည်မဟုတ်ပေ။
လီချန်းလဲ့...!
သူမ ဖြည်းဖြည်းချင်းလှည့်လိုက်သည်။ သူမ မျက်ဝန်းအစုံတို့၏ အကြည့်က သူတို့အနားချဉ်းကပ်လာသော တုနှိုင်းမဲ့အလှပိုင်ရှင်ထံ၌. . . .