158

332 22 0
                                    

အခန်း၁၅၈။ ယီကျိုးမြို့မှ အရာရှိများ(၁)

နောက်တစ်နေ့ရောက်သောအခါ လီယင်တို့အုပ်စုသည် မနက်စာစားကြပြီးနောက် ထုံမုံ့တို့သည် လီယင်တို့အား ကျင်းကျိုးအထိလိုက်ပါပို့ဆောင်ခဲ့ကြကာ ကျင်းကျိုး၌ ထုံမုံ့တို့နေခဲ့ကြ၍ လီယင်တို့သည် ယီကျိုးမြို့တော်ဆီသို့ ထွက်ခွာလာကြလေသည်။

လီယင်သည် သူ၏မြင်းနီကိုစီးလျက် စွေ့ယင်းယင်း၏ ရထားလုံးဘေးမှ ဆယ်ရက်ကျော်ခန့် နေ့ရောညပါ လိုက်ပါလာခဲ့သဖြင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အစပိုင်းကလို အေးတိအေးစက်ဖြစ်မနေတော့ပဲ ရယ်မောကာဖြင့် ကြင်စဦး စုံတွဲတစ်တွဲလို ဖြစ်လာတော့လေ၏။

အခုထိ လှည့်ပြန်သွားခြင်းမပြုသေးပဲ အဝေးတွင် ရပ်ကျန်နေခဲ့သော ထုံမုံ့ကိုကြည့်ကာ စွေ့ယင်းယင်းက လီယင့်အား ပြုံးပြလျက် -

“ အရှင့်သားက လူတွေရဲ့စိတ်နှလုံးသားကို ဘယ်လိုသိမ်းပိုက်ရမလဲဆိုတာ တကယ်ကို သိနေတော့တာပါပဲ။ စကားလုံးနည်းနည်းနဲ့တင် စခန်းခေါင်းဆောင်ကို ကိုယ့်ဘက်ပါလာအောင် စွမ်းဆောင်နိုင်ပါပေတယ် အရှင့်သား ” ဟု ချီးကျူးစကားဆိုသည်။

“ အဲ့လိုလုပ်တာ သူ့ကို ကိုယ့်ဘက်ပါအောင်လုပ်ဖို့ဆိုတာကို  စွေ့မိန်းကလေး ဘယ်လိုများသိတာပါလဲ ”

လီယင် အနည်းငယ် အံ့သြသွားသည်၊ ဤမိန်းကလေးကား အရာရာကို သိနေသည်ပင်။
ထိုအခါ စွေ့ယင်းယင်းက တိုးတိုးလေး ရယ်လိုက်ကာ -

“ အရှင့်သား ..  ကျွန်တော်မျိုးမကို ကဗျာတွေ၊ စာတွေလောက်ပဲ သိတဲ့ မိန်းပလေးတစ်ယောက်လို့ ထင်နေတာပါလား။ ကျွန်တော်မျိုးမရဲ့ ဖခင်ကိုယ်တိုင်က အမတ်ကြီးတစ်ဦးဖြစ်တာမို့  ဒီလိုလှည့်ကွက်တွေကို မကြာခဏမြင်ဖူး တွေ့ဖူးပြီးသားပါ။ အရှင့်သားသာ အဲ့ဒီ့စခန်းခေါင်းဆောင်ကို သနားရုံသက်သက်ဆိုရင် စာရေးပေးလိုက်တာနဲ့ ပြီးပြီလေ။ အခုလို စခန်းရဲ့ လည်ပတ်ပုံတွေ အသေးစိတ်ကအစ စုံစမ်းမေးမြန်းနေစရာမှ မလိုပဲ။ အရှင့်သား မနေ့ညတုန်းက တော်တော်ကို စိတ်အားထက်သန်စွာနဲ့  စခန်းရဲ့ လုပ်ငန်းအခြေအနေတွေကအစ  ဂရုတစိုက်မေးမြန်းခဲ့တဲ့အပြင် မိသားစုတွေနဲ့ပါ မိတ်ဆက်ခဲ့သေးတယ်မဟုတ်လား။ အဲ့ဒါ တခြားအကြံရှိတာမဟုတ်ရင် ဘာဖြစ်နိုင်သေးလို့လဲ အရှင့်သားရယ် ...” ဟု တစ်ခုချင်း ရှင်းပြလိုက်၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now