149

246 16 0
                                    

အခန်း၁၄၉။ လက်မထပ်လိုခြင်း

လီခယ့်ပြန်သွားသည့်အခါ လီယင်လည်း အဆိုပါသုံးယောက်ကို ပေးဝင်စေကာ -
“ သိပြီးကြပြီလား ” ဟု ဆီး၍ မေးလိုက်သည်။

၎င်းတို့ကလည်း ခေါင်းညိတ်လေသည်။ ချမ်ဟွိုက်လျန့်ကတော့ စိတ်တိုကာ -
“ ဒါဟာ မှားယွင်းတဲ့စွပ်စွဲချက်မှန်း သိသာနေရက်သားနဲ့ အရှင်မင်းကြီးက ဘာလို့ အရှင့်သားကို ယီကျိုးအထိ ပို့ပစ်ရတာလဲ အရှင့်သား .. ” ဟု ဆိုရှာသည်။

လုပါးယန်နှင့် ရှောင်လွေ့တို့၏ ဖခင်များမှာ အမှုထမ်းအရာထမ်းများဖြစ်ကြ၍ နန်းတော်အတွင်းမှ အကြောင်းအရာများ၊ နည်းဗျူဟာများကို နားလည်သည်။ ထို့ကြောင့် ရှောင်လွေ့က -

“ အရှင့်သား ယီကျိုးကိုရောက်သွားတာ ပိုတောင်ကောင်းသလိုပါပဲ။ အဲ့ဒီ့မှာဆို ယီကျိုးရဲ့ မြို့တော်ဝန်ရာထူးလည်း ရဦးမယ်။ ပြီးတော့ စစ်တပ်ကိုလည်း အုပ်ချုပ်ခွင့်ရမယ်။ ကိုယ့်လက်ထဲမှာ မြို့တော်ဝန်ရာထူးနဲ့ စစ်တပ်ကို အပိုင်စားရတာကမှ တကယ့်အာဏာအစစ်အမှန်ပဲလေ။ လျန့်စံအိမ်တော်မှာနေပြီး အာဏာအတုရနေတာထက်စာရင် တော်ပါသေးတယ် ” ဟု ဝင်ပြောလေသည်။

“ ရှောင်လွေ့ပြောတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ယီကျိုးနဲ့ ချမ်အန်းနဲ့က အဝေးကြီးပဲဟာကို။ ကျွန်တော်မျိုးတို့ ဘယ်တော့မှ ပြန်တွေ့ရမှာပါလဲ အရှင့်သား ” ဟု လုပါးယန်က စိတ်ပျက်ဝမ်းနည်းစွာ ပြောရှာသည်။
လုပါးယန်၏စကားကြောင့် အားလုံးစိတ်ထဲ ဝမ်းနည်းသွားကုန်ကြပြီး ငြိမ်သွားကြ၏။

ထို့ကြောင့် လီယင်က ပြုံးလိုက်ကာ -
“ ယောက်ျားတစ်ယောက်ဆိုတာ နေရာစုံမှာ ရည်မှန်းချက်တွေ ဖြန့်ကျက်ထားရတယ်။ တစ်နေရာတည်းကို ဖက်တွယ်နေလို့ မရဘူးလေ။ မင်းတို့အားလုံးလည်း အနှေးနဲ့အမြန် အရာရှိတွေဖြစ်လာကြမှာပဲ။ ကိုယ်တော်တို့ကြားက ဒီခင်မင်ရင်းနှီးမှုကို မမေ့သွားဖို့ပဲ လိုတာပါ ” ဟု ဖျောင်းဖျလိုက်ရတော့သည်။

“ အရှင့်သားပြောတာမှန်တယ်။ ဝမ်းနည်းစရာကိစ္စတွေအကြောင်း မပြောကြနဲ့စို့။ မမေ့ကြနဲ့ဦး။ ငါတို့ ဒီကိုရောက်လာတာ အရှင့်သားရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုဖို့ပဲလေ ”
ချမ်ဟွိုက်လျန့်က အားတင်းကား ပြုံးလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်လေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now