54

600 55 0
                                    

အခန်း၅၄။ ညီမတော်များ၏ လျှပ်တပြက်တိုက်ခိုက်မှု။

ရထားလုံးပြတင်းမှ လီယင်ခေါင်းပြူကြည့်လိုက်သောအခါ ကျင်းတချမ်တစ်ယောက် ချွေးသံတရွှဲရွှဲနှင့် သူ့ဆီပြေးလာနေသည်ကို မြင်လိုက်ရသည်။ သူ၏ပုံစံမှာ အလွန်ထိတ်လန့်စရာတစ်ခုခုကို တွေ့ကြုံခဲ့ဟန် တူသည်။

“ ဒီလှည်းတွေက ဘယ်သူ့ဟာတွေလဲ။ စံအိမ်တော် ဝင်ပေါက်ကို ဘာကြောင့်ပိတ်ရပ်ထားကြတာလဲ။ အိမ်တော်ထိန်းဖြစ်ပြီး ဘာလုပ်နေတာလဲ ”

ကျင်းတချမ်ဘာမှ မပြောနိုင်သေးခင် လီယင်က ဆီး၍မေးလိုက်သည်။ ကျားမြီးဆွဲရဲလောက်အောင် သတ္တိရှိသူဖြစ်ပါစေ။ စံအိမ်တော်ကိုတော့ လာထိခိုက်စေလို့မရ။ ပြဿနာအကြီးကြီးတက်ပေမည်။

ကျင်းတချမ်က ဝမ်းနည်းသွားဟန်ဖြင့် -

“ အရှင့်သား၊ အခုဟာက အိမ်စေတွေရဲ့ အပြစ်မဟုတ်ပါဘူး။ ဒီရထားလုံးတွေဟာ နန်းတော်ကလာတဲ့ မင်းသမီးတော်တွေရဲ့ ရထားလုံးတွေပါ။ မင်းသမီးတော်တွေအားလုံး စာဖတ်ခန်းထဲမှာ အရှင့်သားကို စောင့်မျှော်နေကြပါတယ် ” ဟု ရှင်းပြလိုက်သည်။

“ ဪ… ”

လီယင် ခဏကြောင်သွားသည်။ ရထားလုံးအရေအတွက်ကို ကြည့်ခြင်းအားဖြင့် သူ၏ ညီမတော်များအားလုံးရောက်နေကြပုံရသည်။ ဘာအကြောင်းကိစ္စများ ရှိပြန်ပြီလဲမသိ။

ထိုက်ကျိနန်းတော်ရှိ ယန်ရှီးအဆောင်တော်တွင် ဧကရီဘုရင်မကြီးချန်စွန်းတစ်ယောက် ကြမ်းပြင်ပေါ်တွင် ကျကွဲလျက်ရှိသော ရေမွှေးပုလင်းလေးအိုးကို ကြည့်နေရင်း လွန်စွာစိတ်ဆိုးနေသည်။ ကျောက်ခိုင်သည်လည်း ဘေးတွင် ခေါင်းငုံ့ရပ်နေလျက်ရှိကာ အသက်ပင် ပြင်းပြင်းမရှူဝံ့ချေ။

“ မင်းသမီးတော်တွေဟာ အရမ်းပျာယာခတ်လွန်းကြတယ်။ မင်းကလည်း သူတို့ကို တားမယ်မရှိ၊ ဒီအတိုင်းကြည့်နေတယ်။ ကြည့်စမ်းပါဦး။ ဒီရေမွှေးတွေ ဘယ်လောက်နှမြောဖို့ကောင်းလိုက်သလဲ ”
ဧကရီချန်စွန်းမှာ တခန်းလုံးအနှံ့မွှေးပျံ့လျက်ရှိသော ရေမွှေးနံ့အား ရှုရှိုက်ရင်း စိတ်ထိခိုက်နေရှာသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now