အခန်း၆၁။ ရန်သူလော
လီယင်က ထိုကဲ့သို့ ပြန်ဖြေလိုက်သောစကားမှာ ကြုံနေကျတုံ့ပြန်မှုမျိုး မဟုတ်သည့်အတွက် သဘာဝမကျသဖြင့် လောရှောင်ရီ၏ မျက်နှာမှာ ခဏပျက်သွားသည်။သို့သော်လည်း ချက်ချင်းပင် မျက်နှာကို ပြန်ထိန်းကာ -
“ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အားလုံးက ကျွန်တော်မျိုးမကြောင့် ဖြစ်ရတာမို့ ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ နောက်လရဲ့ ငါးရက်မြောက်နေ့မှာ ချွီကျန်းမြစ်ဆီ လာခဲ့ပေးပါ အရှင့်သား။ ကျွန်တော်မျိုးမ စားကောင်းသောက်ဖွယ်တွေ လှေပေါ်မှာ စီစဉ်ပေးထားပါ့မယ်။ အရှင့်သား လာခဲ့မယ်လို့ မျှော်လင့်ပါတယ်။ ကျန်တဲ့သခင်လေးတွေကိုလည်း ဖိတ်ခေါ်ပါတယ် ” ဟု ပြောလိုက်သည်နှင့် -
“ ဒါပေါ့ လာရမှာပေါ့ ” ဟု လုပါးယန်က လီယင်၏ရှေ့တွင် ပိတ်ရပ်ကာ လီယင်ဘာမှ မဖြေရသေးခင် ချက်ချင်းပင် ဖြေလိုက်လေသည်။ ရှောင်လွေ့နှင့် ချမ်ဟွိုက်လျန့်တို့သည်လည်းပဲ မျှော်လင့်တကြီး ကြည့်နေကြသည်။ ချမ်အန်းပြည်၏ အလှဆုံးမိန်းကလေးထံမှ ဤကဲ့သို့ ကမ်းလှမ်းခံရခြင်းသည် အမျိုးသားတိုင်း၏ အိပ်မက်သာဖြစ်သည် မဟုတ်ပါလား။
လီယင်ကို ထပ်မံဦးညွှတ်နှုတ်ဆက်ကာ လောရှောင်ရီကား သူမ၏ အခြွေအရံမိန်းကလေးများကိုခေါ်၍ ခုနက ကျွန်မိန်းကလေးများကို ဝယ်ရန် ထွက်သွားလေသည်။
“ တန်တယ်ဟေ့။ အချုပ်ကျရကျိုး နပ်သဟ ” ဟု လုပါးယန်က အားတက်သရောပြောသည်။ ထို့နောက် ထွက်သွားရှာပြီဖြစ်သော လောရှောင်ရီကို မျှော်လင့်ချက်မဲ့သွားသော မျက်လုံးများဖြင့် ကြည့်နေရင်းမှ တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်ဟန်ဖြင့် လီယင်ဘက်သို့လှည့်ကာ -
“ ကျေးဇူးကြီးလှပါတယ် အရှင့်သား ” ဟူ၍ လီယင်အား ကျေးဇူးတင်စကားဆိုလိုက်လေသည်။
လုပါးယန် ဘာဆိုလိုချင်သည်ကို သိသော လီယင်က ဟန်ပါပါ ပြုံးပြလိုက်သည်။ သူတို့၏ဘဝကို ကယ်တင်ပေးရန် တောင်းဆိုနေကြခြင်းပင်တည်း။ လူတိုင်း အလှတရားကို နှစ်သက်ကြသည်။ မမြင်ရလေ ပိုတောင့်တလေ ဖြစ်တတ်ကြပြီး ဦးနှောက်အသိဉာဏ်အား ဟော်မုန်းများမှကြီးစိုးသွားကာ ရမ္မက်၏စေခိုင်းရာနောက် ကောက်ကောက်ပါအောင် လိုက်သွားတတ်ကြသည်မှာ လူ့သဘာဝပင်။
YOU ARE READING
ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်
Mystery / Thriller"ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်)" Author: Snail Carrying Home Genre: Historical, Military, Urban life Status: Completed Translator: Mocha ဇာတ်လမ်းမှာ လီယင်သည် သူ့အိမ်နောက်ဖေးရှိ ရှေးဟောင်းရေတွင်းကိုဖွင့်ပြီးနောက် ဘဝပြောင်းလဲသွားခဲ့...